Thursday, February 28, 2019

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ဟနွိုင်းမြို့တွင် တွေ့ဆုံ
Image may contain: 2 people, people smiling
ဟနွိုင်း ဖေဖော်ဝါရီ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို မြို့တော်ဟနွိုင်း ပြင်သစ်ရပ်ကွက်ရှိ ဟိုတယ်တစ်လုံး၌ ကျင်းပခဲ့ပြီး ခေါင်းဆောင်နှစ်ဦးက ညစာအတူတကွ စားသုံးခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါထိပ်သီးအစည်းအဝေးမှ နျူကလီးယား လက်နက် ကင်းစင်ပပျောက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ အကြား မည်သည့်ရလဒ် ထွက်ပေါ်မှုရှိမလဲဆိုသည်ကို က္ဘာ့နိုင်ငံများက စောင့်ကြည့်လျက်ရှိသည်။
ကိုရီးယားကျွန်းဆွယ်ဒေသအတွင်း နျူကလီးယား လက်နက် ကင်းစင်ပပျောက်ရေးအစီအစဉ်တွင် သမ္မတ ထရန့်က ခေါင်းဆောင်ကင်အား ညောင်ဗြုံးမြို့ရှိ နျူကလီးယားဒုံးလက်နက် ပစ်လွှတ်ရေးနေရာများကို ဖျက်သိမ်းခဲ့ခြင်းကဲ့သို့ နျူကလီးယားလက်နက် ကင်းစင်ရေး အတွက် ခိုင်မာသောလုပ်ဆောင်ချက်များကို ဆက်လက် ဆောင်ရွက်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း မျှော်လင့် ရသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံထိပ်သီး အစည်းအဝေးမတိုင်မီကတည်းက အမေရိကန်အနေဖြင့် ပြုံယမ်းအား နျူကလီးယားလက်နက် ကင်းစင်ပပျောက်ရေး အတွက် တိုက်တွန်းပြောကြားခဲ့သော်လည်း ယခု ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပမည့်အချိန် ရောက်ရှိလာသည့်တိုင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်တိုက်တွန်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိ နေဆဲပင်ဖြစ်သည်။ ပြုံယမ်းက နျူကလီးယားလက်နက် စမ်းသပ်ပစ်လွှတ်မှုများ ဆက်လက်လုပ်ဆောင်ခြင်း မရှိ ပါက နျူလက်နက်ကင်းစင်ပပျောက်ရေးလှုပ်ရှားမှုကို အလျင်စလိုပြုလုပ်ရန် ဆန္ဒမရှိပါဟု သမ္မတထရန့်က ဆိုသည်။
ပြုံယမ်းအနေဖြင့်လည်း သူ့အားချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် သမ္မတထရန့် အား တောင်းဆိုမည်ဖြစ်ကြောင်း ယုံကြည်ရသည်။
ပထမအကြိမ်ဆွေးနွေးပွဲတွင် နှစ်နိုင်ငံသဘောတူညီ မှုများ ထွက်ပေါ်ခဲ့သည့်အတိုင်း ယခုဒုတိယအကြိမ် ဆွေးနွေးပွဲတွင်လည်း ပြည်သူများမျှော်လင့်လျက်ရှိသည့် ရလဒ်ကောင်းများ ထွက်ပေါ်နိုင်ဖွယ်ရှိသည်ဟု သမ္မတ ထရန့်က ဆိုသည်။
အေအက်ဖ်ပီ

No comments:

Post a Comment