Friday, February 1, 2019


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရလက်မှတ်ရေးထိုးထားသည့် ပုံတူပန်းချီ ကားနှင့် Patchwork အိပ်ရာဖုံးတို့အား လေလံတင်ရောင်းချ
Image may contain: 13 people, people smiling
ရန်ကုန် ဇန်နဝါရီ ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရလက်မှတ်ရေးထိုးထားသည့် ပုံတူပန်းချီ ကား နှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် စုပေါင်းချုပ်လုပ် ဒီဇိုင်းပုံဖော်ထားသည့် Patchwork အိပ်ရာဖုံး(ယာပုံ)တို့အာ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်း ပသည့် "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော် နောက်ဆုံးနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သည့် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ) အလှူရှင် ဂုဏ်ပြုပွဲနှင့် ဂီတပွဲတော်တွင် လေလံ တင်ရောင်းချခဲ့သည်။
ဝိုင်းဝန်းပြီးလှူဒါန်း
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း (မြန်မာ) မှ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါ်သန်းမြင့်အောင်က "ရင်ခွင်မဲ့ကလေးတွေ Single mother တစ်ကိုယ်ရေမိခင်တွေ စောင့်ရှောက်ဖို့အတွက် နေပြည်တော်မှာ ဆောက်မယ့် အဆောက်အအုံအတွက် အသင်းကလည်း မတည်တယ်။ အလှူရှင်တွေ ကလည်း ဝိုင်းဝန်းပြီးတော့ လှူဒါန်းကြတယ်။ အာဆီယံ ၁၀ နိုင်ငံက လက်မှုအနုပညာလက်ရာနဲ့ ပန်းချီကားကိုလည်း လေလံတင်တယ်။ ဒါတွေအားလုံးဟာ ရင်ခွင်မဲ့ကလေးငယ်တွေ အတွက် ဆောက်လုပ် မယ့် အဆောက်အအုံမှာ သုံးစွဲသွား မှာဖြစ်ပါတယ်။ နောက်ပိုင်း အလှူရှင်တွေရှိရင် ကလေး တွေနဲ့ တစ်ကိုယ်ရေ မိခင်တွေအတွက် သုံးစွဲသွားမှာပါ"ဟု ပြောသည်။
နိုင်ငံအလိုက် ရိုးရာအဆင်များဖြင့် ဒီဇိုင်းပုံဖော်ထား
ထိုသို့ လေလံတင်ရောင်းချရာတွင် အာဆီယံနိုင်ငံ များမှ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ သံတမန်ဝန်ထမ်းများနှင့် နိုင်ငံခြားရေးဝန်ထမ်း များ၏ဇနီးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအဆင် များဖြင့် စုပေါင်းချုပ်လုပ် ဒီဇိုင်းပုံဖော်ထားသည့် ဏအေခ့တသမု အိပ်ရာဖုံးအား အမြင့်ဆုံး လေလံကြေး ငွေကျပ်ကျပ် ၇၅ သိန်းဖြင့်လည်းကောင်း၊ ပန်းချီဆရာဦးကြည်စိုး ရေးဆွဲထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို အမြင့်ဆုံး လေလံကြေး ငွေကျပ်ကျပ် သိန်း ၄၀၀ ဖြင့်လည်းကောင်း မြတ်မေတ္တာမွန်ကုမ္ပဏီက တစ်ဦးတည်း လေလံဆွဲဝယ်ယူ ခဲ့ကြောင်း သိရသည်။
တက်ရောက်
တစ်ဦးတည်း လေလံဆွဲဝယ်ယူခဲ့သူ မြတ်မေတ္တာမွန် ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦးက "ရင်ခွင်မဲ့ကလေးငယ်တွေအတွက် အရင်ကတည်းက လှူဖို့စိတ်ကူးရှိခဲ့တယ်။ နေပြည်တော်မှာ အခုဆောက်မယ့် အဆောက်အအုံအတွက် ငွေကျပ် သိန်း ၁၅၀၀ ကိုလည်း ဒီနေ့အခမ်းအနားမှာ လှူပြီး ပါပြီ။ နောက်ထပ်လှူချင်စိတ်ဖြစ်လာတာနဲ့ လေလံနှစ်ခုကို ထပ်ပြီးဆွဲဖြစ်ခဲ့တာပါ။ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့အနေနဲ့ လေလံဆွဲတာလည်းပါပါတယ်။ ဒီငွေတွေကို ရင်ခွင်မဲ့ ကလေးငယ်တွေအတွက် တကယ်အကျိုးရှိစွာ အသုံးချမှာဖြစ်တဲ့ အတွက် လှူချင်တဲ့စိတ် ဖြစ်လာ တာပါ"ဟု ပြောသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ရင်ခွင်မဲ့ကလေးငယ်များ ပြုစု စောင့်ရှောက်ရန်ဂေဟာ (နေပြည်တော်) ဆောက်လုပ် ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ သံရုံးဝန်ထမ်းများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
အခမ်းအနားတွင် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရန်ဂေဟာ (နေပြည်တော်) ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က အမှာ စကားပြောကြားသည်။
ထို့နောက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာ)မှ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အသင်းဖြစ်ပေါ်လာပုံနှင့် နေပြည်တော် တွင် ဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးငယ်များ ပြုစု စောင့်ရှောက်ရေး ဂေဟာတည်ဆောက်သွားမည့် အကြောင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ယင်းနောက် နေပြည်တော်တွင် ဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာ သုံးထပ် အဆောက်အအုံအတွက် လှူဒါန်းကြသည့် အလှူရှင်များအား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်း လွှာများပေးအပ်ပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်သန်းမြင့်အောင်က ကျေးဇူးတင်စကားပြောကြားသည်။
တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ
ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း (မြန်မာ) အလှူရှင်ဂုဏ်ပြုပွဲနှင့် ဂီတပွဲတော်တွင် အသင်း၏သီချင်းကို တေးသံရှင် မို့မို့လွင် နှင့် ဆူမိုတို့က သီဆိုဖျော်ဖြေခဲ့ပြီး နာမည်ကျော် တေးသံရှင်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ကောင်းမြတ်၊ မိစန္ဒီ၊ အေသင်ချိုဆွေနှင့် နာမည်ကျော် တေးသံရှင်များ ကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြ သည်။
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းကို ၂၀၁၈ ခုနှစ် ဧပြီ ၁၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရမဟုတ်သော NGO ပရဟိတ အဖွဲ့အစည်းအဖြစ် ရင်ခွင်မဲ့ကလေးငယ်များနှင့် အမျိုးသမီး များအကျိုးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းက နေပြည်တော်တွင် မကြာမီ ဆောက်လုပ်မည့် ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာအား ဆောက်လုပ်ပြီးစီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကာ အဆိုပါ ဂေဟာ တွင် မွေးကင်းစမှ ခြောက်လအထိ ရင်ခွင်မဲ့ ကလေးငယ် များကို ပြုစုစောင့်ရှောက် သွားမည်ဖြစ်ကာ နောက်ပိုင်း တွင် အသက် ၁၀ နှစ်အရွယ်အထိ ဆက်လက်ပြုစု စောင့်ရှောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း-သီသီမင်း၊ ဓာတ်ပုံ-နေလင်း

No comments:

Post a Comment