Thursday, February 7, 2019

အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမတိုင်မီသမ္မတထရန့်နှင့် ဆွေးနွေးရန် ဆန္ဒရှိဟု ဂျပန်ဝန်ကြီးချုပ်ပြောကြား
Image may contain: 1 person, suit and wedding
တိုကျို ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီတွင် သမ္မတထရန့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးရန်ဆန္ဒရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားသည်ဟု အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားပြီးနောက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့၏ ထိပ်သီးအစည်းအဝေးကျင်းပရေးအတွက် ဦးတည် လုပ်ဆောင်နေစဉ်တွင် အမေရိကန်သမ္မတထရန့်နှင့် တွေ့ဆုံဆွေးနွေးရန်မှာ ခက်ခဲဖွယ်ရာရှိကြောင်း၊ ထို့ကြောင့် မြောက်ကိုရီးယားအပေါ်မူဝါဒများ ချမှတ်ရေး အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်သမ္မတနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဂျပန် ဝန်ကြီးချုပ်က ပြောကြားသည်။ အမေရိကန်သမ္မတနှင့် တွေ့ဆုံဆွေးနွေး မှု၌ ပါဝင်မည့်ခေါင်းစဉ်များတွင် မြောက်ကိုရီးယား၏ အဏုမြူလက်နက်နှင့် ဒုံးကျည်များအရေး အပါအဝင် ဂျပန်နိုင်ငံသားများအား ပြန်ပေးဆွဲမှုလည်း ပါဝင်မည်ဖြစ် ကြောင်း၊ အဆိုပါအကြောင်းအရာများသည် ဂျပန်နိုင်ငံ အတွက် အလွန်အရေးပါသည့် ကိစ္စရပ်များဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားသည်။
အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင် တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမကျင်းပမီ တွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကျင်းပရန် အဆိုပြုထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိကလည်း ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment