ရန်ကုန် ဖေဖော်ဝါရီ ၂၃
Digital Free to Air ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Fortune TV ၏ ပျော်ရွှင်ပါ ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ် ပေါ်ဆန်း မွှေးလမ်းရှိ THE ONE ENTERTAINMENT PARK ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကမီဒီယာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူလက နိုင်ငံပိုင် မီဒီယာ(သို့မဟုတ်) အစိုးရရုပ်သံလုပ်ငန်း များသာရှိခဲ့ရာမှ ပုဂ်္ဂလိကနှင့်တွဲဖက်ပြီး ထုတ်လွှင့်သည့် ရုပ်သံလုပ်ငန်းအစီအစဉ် များ တိုးတက်လာပါကြောင်း၊ မကြာမီက ပုဂ္ဂလိကရုပ်သံလုပ်ငန်းငါးခုကို ထုတ်လွှင့် နိုင်အောင် စီစဉ်ပေးခဲ့ပြီး အဆိုပါ ရုပ်သံ အစီအစဉ်ငါးခုသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ရာ ယနေ့ Fortune TV သည် ပဉ္စမမြောက် ဖြစ်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုဆုမွန်စကားပြောကြား
ထို့နောက်Fortune Broad-casting Company Limitedဥက္ကဋ္ဌ ဦးမြဟန်က ဂုဏ်ပြုဆုမွန်စကား ပြောကြားကြသည်။
ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ Fortune Broadcasting Company Limited ဥက္ကဋ္ဌ ဦးမြဟန်နှင့် တာဝန်ရှိသူတို့က Digital Free to Air ရုပ်သံလိုင်းတစ်ခု ဖြစ်သည့် Fortune TV ၏ ပျော်ရွှင်ပါ ပွဲတော်ကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံကျော်သရုပ်ဆောင် များ၊ အဆိုတော်များက ဖျော်ဖြေရေး အစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပ ခဲ့သည်။
သဘောတူစာချုပ် လက်မှတ်ရေးထိုး
ပြည်တွင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ လက်ရှိထုတ်လွှင့်နေ သည့်Multi- Channel Playout System တွင် DVB – T 2 စနစ်ဖြင့်Digital Free to Air ရုပ်သံလိုင်းများ ထပ်မံဆောင်ရွက်နိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် Content Provider ငါးဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်က သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
တရားဝင်ထုတ်လွှင့်ခဲ့
Fortune TV Digital Free to Air Channel ၏ စမ်းသပ်ထုတ်လွှင့်မှု ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ပြီး တရားဝင်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
Fortune TV သည် ပြည်သူများ အတွက် အကျိုးပြုသည့် သုတ၊ ရသ ကဏ္ဍစုံဖြင့် မြန်မာတစ်နိုင်ငံလုံးသို့Digital Free to Air ဖြင့် ဖျော်ဖြေ တင်ဆက်ပေးနေသည့် ရုပ်သံလိုင်း တစ်လိုင်း တစ်ခုဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment