Monday, February 4, 2019

ဒုတိယသမ္မတ ဦးတဟင်နရီဗန်ထီးယူ ငဝန်တံတား(လေးမျက်နှာ) ဖွင့်ပွဲကျင်းပ


Image may contain: 5 people, people standing, crowd and outdoor
ရန်ကုန် ဖေဖော်ဝါရီ ၃
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက် ၈ နာရီခွဲက ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတား ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ-ခတ္တူ-ပန်းတော ကြီးလမ်းပေါ်ရှိ ငဝန်တံတား (လေးမျက်နှာ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ ဖေမြင့်၊ ဦးဟန်ဇော်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးလှမော်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဝမ်းသာကြည်နူး
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ဟင်္သာ တခရိုင် လေးမျက်နှာ-ခတ္တူ-ပန်းတောကြီးလမ်းပေါ်တွင်ရှိသည့် ငဝန် တံတား(လေးမျက်နှာ)ကို ဖွင့်လှစ်သည့် အတွက် ဧရာဝတီတိုင်းဒေသကြီးအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ရက်ဖြစ်ပါ ကြောင်း၊ ယင်းတံတားကို ဖွင့်လှစ်နိုင်ခဲ့၍ ဒေသခံများနှင့်ထပ်တူ ဝမ်းသာ ကြည်နူးရပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်သူ လူထု၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကလိုအပ်ချက် တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေးစသည့် အခြေခံ အဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် အတွင်းက ရေးဆွဲထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးစီမံချက် ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030)တွင်လည်း သာယာဝပြောမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုသည့် မဏ္ဍိုင် အောက်တွင်ရှိသည့် ပန်းတိုင်(၃)ပါ မဟာဗျူဟာများထဲတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ပံ့ပိုးပေးမည့် ဦးစားပေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေး မဟာဗျူ ဟာတစ်ရပ်အနေ ဖြင့် ထည့်သွင်းရည်မှန်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အခြေခံအဆောက် အအုံများ အပါအဝင် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိရာ အစိုးရသက်တမ်း (၃)နှစ်နီးပါး ကာလအတွင်း ပြည်ထောင်စုကြီး အတွင်းတွင်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက် စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
အဓိကစပါးကျီကြီးဖြစ်
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်း ပေါ်ဒေသဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ အဓိကစပါးကျီကြီး ဖြစ်ပါကြောင်း၊ မြစ် ချောင်းများ ပေါများသည့်အတွက် စိုက်ပျိုးရေး ကောင်းမွန်သကဲ့သို့ ရေထွက်သယံဇာတများ လည်း ပေါကြွယ်ဝလှကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်သည့် သဘာဝအ လှအပများ မပျက်စီးသေး သည့် ပင်လယ်ကမ်းခြေများရှိသကဲ့သို့ ကမ်းလွန် ပင်လယ်ပြင်တွင်လည်း သဘာဝဓာတ်ငွေ့ ကဲ့သို့ သဘာဝသယံဇာတများရှိကြောင်း။
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်း ပေါများသည့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ ယခင်က ခရီးသွားလာရေး တွင် ရေလမ်း ကြောင်းကိုပင် အဓိက အားပြုခဲ့ကြရကြောင်း၊ ရေလမ်းခရီးသည် အားလုံးသိကြသည့်အတိုင်း ပို့ဆောင်ရေးစနစ်များထဲတွင် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်သော်လည်း အချိန်ကြန့် ကြာခြင်း၊ ဆိပ်ကမ်းနှင့် သွားလိုသည့်နေရာ အကွာအဝေး စသည့် ကန့်သတ်ချက်များရှိ ကြောင်း၊ အစိုးရအဆက်ဆက် ကုန်းလမ်း ဆက်သွယ်ရေးကွန်ရက်ကိုချဲ့ထွင်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုဆိုလျှင် ဧရာဝ တီတိုင်းဒေ သကြီးအတွင်းနှင့် အခြားပြည်နယ်/တိုင်းများကို ရေလမ်းခရီး ဖြင့်သာမက ကုန်းလမ်းခရီးဖြင့်ပါ အချိန်တို အတွင်း ဆက်သွယ်သွားလာနိုင်ကြပြီ ဖြစ်ကြောင်း။
အဆင်ပြေလွယ်ကူစွာသွားလာနိုင်
ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့နှင့် ရန်ကုန်မြို့ကိုလည်း ခရီးသည်တင်လေကြောင်းလိုင်း ဖွင့်လှစ်ထားပြီဖြစ်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမို အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ် ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၁၈၆၂ မိုင် ဖောက်လုပ်ထားပြီး ပေ ၁၈၀ နှင့်အထက် တံတားကြီး ၉၈ စင်း တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် အရှည် ၁၉၆၈ ပေရှိသည့် ငဝန်တံတား (လေးမျက်နှာ)နှင့်ပါဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပေ ၁၈၀ နှင့်အထက် တံတား ၉၉ စင်းရှိပြီ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကြံ့ခိုင်မှုအားနည်း နေသည့် ကြိုးတံတားများဖြစ်သည့် ဝါးခယ်မ တံတား၊ လပွတ္တာ (ပင်လယ်လေး)တံတား၊ ရွှေလောင်းတံတား၊ ကျွန်းကုန်းတံတားများကို ပြန်လည် အားဖြည့် တည်ဆောက်သွားမည်ဖြစ် ကြောင်း၊ မြောင်းမြတံတားအသစ်ကြီးလည်း မကြာမီ ပြီးစီးနိုင်မည်ဖြစ်၍ ၂၀၁၉ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တံတားကြီးများ ပြီးစီးသွား၍ ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူ များအနေဖြင့် သွားလမ်းလာလမ်းများသာပြီး ကျန်းမာရေး၊ ပညာရေး၊လူမှုရေး၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍစုံအတွက် လူမှုဘ၀များ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း။
အရည်အသွေးစိစစ်ထိန်းသိမ်း
ပြည်ထောင်စုအစိုးရအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးအရှိဆုံးသုံးစွဲ နိုင်ရေးအတွက် စီမံကိန်းများသည် ဒေသ အကျိုး၊ နိုင်ငံအကျိုးကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည့် စီမံကိန်းများဖြစ်အောင်၊ ကုန်ရကျိုးနပ်သည့် ရင်းနှီးမြှုပ်နှံ မှုများဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ စီမံကိန်းလုပ်ငန်းများအတွက် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် အလေအလွင့်မရှိရန် အတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ အခြေခံအဆောက်အအုံများ ရေရှည်တည်တံ့နိုင်အောင် ပြည်သူများဘက် ကလည်း ကြည့်ရှုစောင့်ရှောက်ပေးကြရန်၊ ကြပ်မတ်ထိန်းသိမ်းပေးကြရန်၊ အခြေခံ အဆောက် အအုံတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း အရည်အသွေး စိစစ်ထိန်းသိမ်းရေး(Quality Control)ကို မဖြစ်မနေဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတကြီးကလည်း တိုက်တွန်းမှာကြားထား ပြီး ဖြစ်ကြောင်း။
တိတိကျကျလိုက်နာ
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေး ယ္တရား ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် အဆင့်ဆင့်တာဝန်ရှိသူ များအနေဖြင့် ဥပဒေနှင့်အညီ တရားနည်းလမ်း တကျ မျှမျှတတအုပ်ချုပ်ရန်၊ ပြည်သူများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေး သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူ နိုင်ငံ သားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယ္တရား မဖြစ်စေရန် နိုင်ငံတော်သမ္မတကြီး၏ လမ်းòန်မှာကြားချက်ကို ဝန်ထမ်းအဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့် တိတိကျကျလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း။
အလေးအနက်တိုက်တွန်း
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာ တွင် "ပြောင်းလဲချိန်တန်ပြီ"၊ "ပြည်သူနဲ့ အတူ"၊ "စုပေါင်းအင်အား"ဆိုသည့် ဆောင်ပုဒ်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်သည့်နေရာ တွင် ပြည်သူလူထု၏ အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်မှုရှိမှသာ ပြုပြင်ပြောင်းလဲ မှုများ အောင်မြင်နိုင်မည်ဖြစ်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများက ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်း လိုပါကြောင်း။
နိုင်ငံတော်ကြီး အဘက်ဘက်က တိုးတက် ဖွံ့ဖြိုးစေရန် ပြည်သူ့ဘဏ္ဍာများ အများအပြား အကုန်အကျခံပြီး ရင်းနှီးမြှုပ်နှံထားသည့် လမ်း၊ တံတားများအပါအဝင် အခြေခံ အဆောက်အအုံများ အရည်အသွေးပြည့်မီရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားရန် ပြောကြားလိုပါ ကြောင်း၊ အခြေခံအဆောက် အအုံများ ရေရှည်တည်တံ့အောင် ဒေသခံ ပြည်သူများကလည်း ဝိုင်းဝန်းထိန်း သိမ်း စောင့်ရှောက်ပေးစေလိုပါကြောင်း၊ တိုင်းရင်း သားညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ် စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည်ရင်းနှီး မှုများဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက် ဒရယ်ပြည် ထောင်စုနိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်သွား ရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတား တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ငဝန်တံတား(လေးမျက်နှာ) တည်ဆောက် ပေးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများ၏ ဝါးညှပ်အက၊ ပန်းပွားအက ဖျော်ဖြေမှု တို့ကို ကြည့်ရှုအားပေး သည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက ငဝန်တံတား (လေးမျက်နှာ) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တက်ရောက်လာသူ များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ငဝန်တံတား(လေးမျက်နှာ) ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ နှင့် တက်ရောက်လာသူများက ကမ္ပည်း မော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာ ရည် ပက်ဖျန်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ငဝန်တံတား(လေးမျက်နှာ)ပေါ်သို့ ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ငဝန်တံတား(လေးမျက်နှာ) စီမံကိန်းရှင်းလင်း ဆောင်သို့သွားရောက်ပြီး တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီ တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီး တံတား၊ တည်ဆောက်ဆဲတံတားနှင့် ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်မည့် တံတားများနှင့် လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ငဝန်တံတား(လေးမျက်နှာ) သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ - ခတ္တူ - ပန်းတောကြီးလမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်းတံတားအရှည် ၁၉၆၈ ဒသမ ၆ ပေရှိသည်။ တံတားကို အောက်ခံအုတ်မြစ် ၁ ဒသမ ၂ မီတာ Bored Pile၊ ကိုယ်ထည် RC Concrete၊ အပေါ်ထည် ပင်မတံတား Steel Box Girder နှင့် RC Slab တို့ဖြင့် တည်ဆောက် ထားပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် သုံးပေ ခြောက်လက်မစီပါရှိ၍ တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၁၇၃ ပေ၊ အမြင့်ပေ၂၀ ရှိကာ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်သည်။
ကြည့်ရှုစစ်ဆေး
အဆိုပါတံတားကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့ (၁၆) မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က စတင်တည်ဆောက်ခဲ့ပြီး တံတားတည်ဆောက်ခြင်းဖြင့် ခတ္တူ - ပန်းတောကြီး လမ်းတစ်လျှောက်နှင့် လေးမျက်နှာမြို့ အနောက်ဘက်ခြမ်းဒေသရှိ ဒေသခံပြည်သူ များအနေဖြင့် မြို့နယ် အသီး သီးသို့ တံတား ကြီးကို အသုံးပြုဖြတ်သန်း၍ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု တို့ကို ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး လေးမျက်နှာမြို့ အရှေ့ဘက်ခြမ်းရှိ ဒေသခံ ပြည်သူများသည်လည်း ငဝန်မြစ်အနောက် ဘက်ခြမ်းသို့ ရာသီမရွေး သွားလာနိုင်တော့ မည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီ ဟင်္သာတတာ တာမိုင် ၂၂/၄-၂၄/၀ အတွင်း သဲကုန်း-ညောင်အိုင် ကမ်းပြိုကမ်းစားမှုအခြေအနေနှင့် ပန်းတာသစ် တည်ဆောက်မည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့်အဖွဲ့အား ရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကြည်ဆွေက ကမ်းပြိုကမ်းစား ဖြစ်ပေါ်မှုကြောင့် မြစ်ကမ်းထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်၍ ကာကွယ်ခဲ့ရမှု အခြေအနေ၊ မြစ်ကမ်းပြိုမှုကြောင့် မူလ ကမ်းရင်းတာများ ကမ်းပြိုမှုတွင် ပါသွားခဲ့ပြီး တာသစ်ဆောက်၍ ကာကွယ်ခဲ့ရမှုအခြေ အနေ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းလွင်ဦးက ဇလွန်မြို့နယ် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ စိုက်ပျိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ပြောင်းစိုက်ခင်းများတွင် FAW ငမြှောင်တောင်ပိုး ကျရောက်မှုကြောင့် အပင်များပျက်စီးခဲ့ရပြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ပိုးသတ်ဆေးဖျန်းကာ ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယသမ္မတက ဧရာဝတီဟင်္သာတတာ မြစ်ကမ်းတစ်နှစ်အတွင်း ကမ်းစား နှုန်းသည် တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြားမြန်ဆန်လာပါ ကြောင်း၊ ကမ်းပြိုကမ်းစားမှုအခြေ အနေအား ထိန်းသိမ်းနိုင်ရန် မြစ်ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းအား ဆောင်ရွက်နေသကဲ့သို့ ရေနက် စီးကြောင်း နေရာများကို ဖြစ်ပေါ်စေသော မြစ်အတွင်းမှ တရားမဝင် ကျောက်စရစ်ခဲ ထုတ်လုပ်မှုမရှိစေရေး တိုင်းဒေသကြီး အစိုးရ မှ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် နှင့် (သဲကုန်း-ညောင်အိုင်) ပန်းတာသစ်အား မိုးရာသီမတိုင်မီ ပွင့်လင်းရာသီအတွင်း တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက် သွားရန် ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment