Wednesday, February 27, 2019

ပြုပြင်ပြောင်းလဲရမည့်အရာများ အများကြီးရှိနေပြီး အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြောင်းလဲရေး ဟန်ချက်ညီညီဆောင်ရွက်ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: one or more people, people on stage and indoor
 နေပြည်တော် ဖေဖော်ဝါရီ ၂၆



 ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ က ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရှေ့လာမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် အရေးကြီးသည်ဆိုသည်ကို အလေးအနက်ထားပြီး ပြောကြားလိုပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ အထွေထွေအုပ်ချုပ်ရေးကဏ္ဍအတွက် မည်ကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားနိုင်မည်ဆိုသည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ အရေးကြီးသည့် ပထမခြေလှမ်းကို အကြို ပြင်ဆင်ရေး အဆင့်တစ်ဆင့်အနေဖြင့် သတ်မှတ် နိုင်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ရေး
မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်သည့် အထက်အဆင့်မှ အကောင်အထည်ဖော်သည့် အောက်ခြေအဆင့် အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၏ အခန်းကဏ္ဍကို ခိုင်ခိုင်မာမာ ပါဝင်စေလိုပါ ကြောင်း၊ ကာယကံရှင်များကိုယ်တိုင် စိတ်ရော ကိုယ်ပါ ပါဝင်နိုင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အထူးအရေး ကြီးသည်ဟု မိမိအနေဖြင့် ခံယူထားပါကြောင်း၊ အဘယ်ကြောင့် ဤမူဝါဒများ ဖြစ်ပေါ်လာရသည်၊ ချမှတ်လိုက်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို မည်ကဲ့သို့ စဉ်းစားပြီး ဆုံးဖြတ်ခဲ့သည်ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော်ရမည့် ပုဂ္ဂိုလ်များ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ကျေကျေညက်ညက် နားလည်သိမြင် သဘောပေါက်ထားပြီဆိုလျှင် မိမိတို့၏လုပ်ငန်းစဉ် အောင်မြင်ရန် အလားအလာ ကောင်းများ များစွာရရှိသွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးမည့်အချိန် လုံလောက်မှုရှိရမည်၊ တက်ရောက်ပါဝင်မည့်သူများအနေဖြင့် ကျေကျေ လည်လည် ရှင်းရှင်းလင်းလင်း ရှိရမည်ဆိုသည့် ရည်ရွယ်ချက်နှင့် အလုပ်ရုံဆွေးနွေးပွဲကို သုံးရက် တာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် မိမိတို့၏ ပြုပြင် ပြောင်းရေးလုပ်ငန်းစဉ်များကို မည်သည့်အပေါ် တွင်အခြေခံပြီး ချမှတ်ကြမည်၊ မည်သည့်အတိုင်း အတာနှင့် ကဏ္ဍနယ်ပယ် မည်မျှအထိ ထည့်သွင်း ကြမည်၊ မည်သည့်အရာများက ဦးစားပေးဖြစ်သင့် သည်၊ မည်သည့်အရာများက ရေရှည်လုပ်ငန်းစဉ် ဖြစ်သင့်သည် စသည့်အချက်များကို မိမိတို့ အားလုံး စဉ်းစားသုံးသပ်ဆုံးဖြတ်ကြရန် လိုအပ် ပါကြောင်း။
ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်ပေါ်လာရေး
အဓိကအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ အနာဂတ်မျှော်မှန်းချက် (Vision) က မည်သို့ဖြစ်သင့်သည်၊ မိမိတို့ ဆက်ပြီးလျှောက်လှမ်း ရမည်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်သည့်အတွက် နိုင်ငံရေးစနစ်၊ ပြည်ထောင်စု ဖွဲ့စည်းမှုနှင့် လိုက်လျောညီထွေဖြစ်မည့် အုပ်ချုပ် ရေးစနစ်ကို မည်ကဲ့သို့ သတ်မှတ်ကြမည်ဆိုသည် ကိုလည်း ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ မိမိ အနေဖြင့် အကြံပြုလိုသည်မှာ အုပ်ချုပ်မှုကောင်း ဟု ပြောကြသကဲ့သို့ ကောင်းမွန်သော အုပ်ချုပ်မှု ဟုလည်း ခေါ်ကြသည့် Good Governance ဖြစ်ပေါ်လာရေးသည် မိမိတို့ဌာန၏ အနာဂတ် မျှော်မှန်းချက်(Vision) ဖြစ်သင့်သည်ဟု အဆိုပြု လိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းတာဝန် (Mission) များက မည်သည့် အရာများဖြစ်သည်ဆိုရာတွင် လောလောဆယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သှူအကျိုးပြု ဆောင်ရွက် ရေးဟူ၍ လုပ်ငန်းတာဝန်ကြီးလေးရပ် သတ်မှတ် ထားပါကြောင်း၊ ပြန်လည်သုံးသပ်ကြည့်မည် ဆိုလျှင် အုပ်ချုပ်ရေးယ္တရားသည် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ရမည်မှာ မှန်ပါ ကြောင်း၊ ဒုတိယအချက်ဖြစ်သည့် ရပ်ရွာအေးချမ်း သာယာရေးကိုလည်း ဦးစားပေးရမည် ဖြစ်ပါ ကြောင်း၊ ဤနေရာတွင် ဆွေးနွေးကြရန်မှာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာ ရေးသည် မည်သို့ကွာခြားသလဲဆိုသည် ဖြစ်ပါ ကြောင်း၊ ဥပမာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးတို့ကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နေရသည့် အခြေအနေများ နှင့် ချိန်ထိုးကြည့်လိုက်လျှင် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆိုပြီး ပေါင်းလိုက်လျှင် သင့်မသင့် ဆိုသည်ကို လည်း ဆွေးနွေးအကြံပြုပေးရန် လိုအပ်ပါ ကြောင်း။
ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး
နံပါတ်သုံးအချက် ဒေသဖွံ့ဖြိုးရေးသည် Regional Developmentကို ရည်ညွှန်း ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် မလုပ်မဖြစ် လုပ်ဆောင်ရမည့် ဦးစားပေးတာဝန်ကြီးတစ်ရပ် ဖြစ်ပါကြောင်း၊ နံပါတ်လေးအချက်ဖြစ်သည့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် အချက် နှင့်ပတ်သက်ပြီး မိမိတို့ လက်တွေ့ဆောင်ရွက်ပေး နေရသည့်အတိုင်း လူထုဗဟိုပြု ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ထိရောက်အောင် ဆောင်ရွက်ရေး၊ People Centric Effective Public Service ဆိုပြီး ပြင်ဆင်ရန် သင့်မသင့်ကိုလည်း ထည့်သွင်းဆွေးနွေးပြီး အကြံပြုပေးရန် တိုက်တွန်း လိုပါကြောင်း၊ အဖွဲ့အစည်းများ၏ သဘော တရားအရ အနာဂတ်မျှော်မှန်းချက် (Vision) ၊ လုပ်ငန်းတာဝန် (Mission) များကို ချမှတ်ပြီး ဆောင်ရွက်ရာတွင် လိုက်လျောညီထွေဖြစ်မည့် အစုအဖွဲ့၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်း လည်ပတ်မှုစနစ်များကို ဘက်ပေါင်းစုံ သုံးသပ်ရန် လိုအပ်ပါကြောင်း။
ချမှတ်လိုက်သည့် မျှော်မှန်းချက်အတိုင်း လိုက်နာကျင့်သုံးရမည့် အခြေခံမူများသည် မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် ချမှတ် လိုက်သည့် မျှော်မှန်းချက်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ရန်လည်း လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတိုင်း ကိုးကားဆောင်ရွက်ရမည့် ဝန်ထမ်းလက်စွဲများ ပြုစုရေးကိစ္စရပ်ကိုလည်း ဆောင်ရွက်ကြရန် ရှိပါကြောင်း။
ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် လိုက်လျောညီထွေဖြစ်စေမည့် အုပ်ချုပ်ရေး အာဏာကျင့်သုံးပုံ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲ ပုံများတွင် အုပ်ချုပ်ရေးဝန်ထမ်းများ ရွေးချယ် ခန့်ထားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လေ့ကျင့်သင်ကြားပုံများ ပြုပြင်ပြောင်းလဲရေး စသည့် အချက်များကိုလည်း ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသုံးသပ်ပေး ကြရန် မှာကြားလိုပါကြောင်း။
တကယ်လုပ်နိုင်ကိုင်နိုင်မည့် ကိစ္စရပ်များ ဦးစားပေး
ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က ဆိုပြီး ဖြစ်လာရန်၊ မိမိတို့ ထွေအုပ်က စံနမူနာပြဖြစ်စေရန် အရှိန်အဟုန်နှင့် ဆောင်ရွက်လိုပါကြောင်း၊ ပြုပြင်ရမည့်အရာများ အများကြီးရှိနေသကဲ့သို့ ပြောင်းလဲရမည့်အရာများလည်း အများကြီး ရှိနေပါကြောင်း၊ အသွင်သဏ္ဌာန်ပြောင်းလဲရေးနှင့် အနှစ်သာရပြောင်းလဲရေးကို ဟန်ချက်ညီညီ သွားလိုပါကြောင်း၊ တကယ်လုပ်နိုင်ကိုင်နိုင်မည့် ကိစ္စရပ်များကို ဦးစားပေးပြီး ထိရောက်အောင် ဆောင်ရွက်လိုပါကြောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် လည်း အပိုင်းလိုက်ခွဲခြားပြီး စနစ်တကျ ပြောင်းလို ပါကြောင်း။
လက်ရှိအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မိမိတို့ ဝန်ကြီးဌာနအောက် ရွှေ့ပြောင်း လိုက်ပြီးသည့်နောက် အုပ်ချုပ်ရေးယ္တရား တည်ငြိမ်ရေးကာလအဖြစ် ၂၀၁၉ ခုနှစ် ပထမ သုံးလတာကာလကို သတ်မှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တစ်ချိန်တည်းမှာပင် နောင်လာမည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆက်တိုက်ဆောင်ရွက်နေရာတွင် ယခုကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲလည်း အပါအဝင် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ် က ဆိုသည်ကို လက်တွေ့ဖြစ်လာစေရန် မည်သည့် နေရာကစပြီး ပြုပြင်ရမည်၊ နောက်ထပ် မည်သည့် လုပ်ငန်းစဉ်များကို ဆက်တိုက်လုပ်ဆောင်ကြမည်၊ တစ်ချိန်တည်းမှာ မည်သည့်အရာများကို လုပ်ဆောင်ရမည် ဆိုသည်ကိုလည်း ဖော်ထုတ်ကြရ မည်ဖြစ်ပါကြောင်း။
တစ်ဆက်တည်းမှာပင် ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် မိမိတို့၏ အကြံပေးအဖွဲ့ဝင်များက ပြုပြင်ပြောင်းလဲမှုများအတွက် ပြည်နယ်တစ်ခု - မြို့နယ်တစ်ခု စီမံချက် (One State - One Township Project)ဟု ခေါ်သည့် အစီအစဉ်ကို ရှင်းလင်းပြောကြားပြီး မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ဦးစားပေး မြို့နယ် သုံးမြို့နယ်ကို ရွေးချယ်ပြီး ပြန်လည်တင်ပြနိုင်ရန်အတွက် ဆွေးနွေးကြရန်ရှိပါကြောင်း၊ မိမိတို့၏ စဉ်းစား ချက်သည် တစ်နိုင်ငံလုံး၊ နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေသည့် မြို့နယ်တိုင်းတွင် တစ်ပြေးညီ လုပ်မည်ဆိုလျှင် စိတ်ကူးသက်သက်ပင်ဖြစ် နေပြီး လက်တွေ့အကောင်အထည်ဖော်ရန် အခက်အခဲရှိနိုင်သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုတွင် တစ်မြို့နယ် သတ်မှတ် ကာလအတွင်း အကောင်အထည်ပေါ်လာစေရန် ရှေ့ပြေးအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်၏ အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်
မိမိတို့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် အစိုးရများ မည်သို့ပင်ပြောင်းပြောင်း၊ နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းပြောင်း နိုင်ငံတော်၏ အုပ်ချုပ်ရေးကျောရိုးမဏ္ဍိုင်ကြီး အဖြစ် ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ် အနေဖြင့် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးဖြစ်ပါ ကြောင်း။
သို့သော်လည်း နိုင်ငံတော်က ချမှတ်ထား သည့် အချက် ၁၂ ချက်တွင် ပါဝင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမူဝါဒနှင့် လုပ်ငန်းစဉ်များ၏ ပထမဆုံးအချက်အဖြစ် ဖော်ပြထားသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှ ခြင်းဆိုသော လောကပါလတရားများကို ရရှိစေပြီး အခွင့်အရေး သာတူညီမျှဖြစ်သော ဝါဒရေးရာအရ ဖြူစင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်ပါ ကြောင်း။
ထို့အတွက်ကြောင့် မိမိတို့ ဆက်ပြီးလျှောက် လှမ်းရမည်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည့်အတွက် နိုင်ငံရေးစနစ်နှင့် လိုက်လျော ညီထွေဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူလူထုကို မျက်နှာမူသည့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာရန် ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေး ပွဲမှတစ်ဆင့် ကိုယ်တိုင်ပါဝင်သည့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်ကြီးကို စတင်ကြရမည်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် အရှိကိုအရှိအတိုင်း၊ မိမိအတွေ့ အကြုံကိုအခြေခံပြီး လုပ်သင့်လုပ်ထိုက်သည် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲ ရေး သီအိုရီများ၊ စိတ်ကူးများက အမျိုးမျိုးနှင့် အများကြီးရှိနေပါကြောင်း၊ အတွေ့အကြုံနှင့် လက်တွေ့လုပ်ငန်းခွင်ကို အခြေခံမှသာ ထိရောက် မှန်ကန်သည့်ရလဒ်များ ထွက်ပေါ်နိုင်မည်ဟု မိမိ အနေဖြင့် ခံယူပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲ တွင် စေတနာကိုအရင်းခံပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်၊ ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်ကဟုဆိုသည့်အတိုင်း တက်တက်ကြွကြွ ပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာ တင်မောင်သန်း က ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဦးကျော်က အထွေထွေအုပ်ချုပ်ရေးနှင့် ဆက်နွှယ်နေသော ဥပဒေဆိုင်ရာ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လုပ်ငန်းဇယားနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒေါက်တာကျော်ရင်လှိုင်က အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံ များကို လည်းကောင်း၊ ဦးဝင်းကြည်က မဟာ ဗျူဟာအရ ပြောင်းလဲလုပ်ဆောင်ရမည့် အရာများ နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ကြသည်။
ထို့ပြင် ဆွေးနွေးပွဲ တက်ရောက်လာကြသူ များက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်သွယ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်၍ ပြုပြင်ပြောင်းလဲရမည့် အချက်များ၊ အသွင် သ္ဌာန်ပြောင်းလဲခြင်းအတွက် လုပ်ဆောင်သင့် သည့်အချက်များနှင့် ရပ်ကျေးအဆင့်အထိ ပိုမို ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ဆောင်ရွက်ရမည့် အချက်များကို အုပ်စုဖွဲ့ဆွေးနွေး ကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ အတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်း အရာများကို မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အတွေ့အကြုံများ မျှဝေသည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment