Saturday, February 2, 2019

ရှေ့နေနှင့် ကဗျာ

Image may contain: plant
ဦးဟန်ညွန့်(ဥပဒေ)
နိဒါန်း
''ဆရာ''
''ဗျာ''
''ဘာစာအုပ်ဖတ်နေတာလဲ''
''ကဗျာစာအုပ်ပါ''
''အလိုလေး...အံ့သြပါ့''
''ဘာဖြစ်လို့လဲ''
''ဆရာက ကဗျာဝါသနာပါလို့လား''
''သြော်...၊ အေးဗျာ''
ကဗျာ
ကဗျာ၏အဓိပ္ပာယ်
ကဗျာ...၊ gabja/n/poem;verse
-ကဗျာဆရာ/n/poet
-ကဗျာဆန်/ adj/poetic
(မြန်မာ-အင်္ဂလိပ်အဘိဓာန်- စာ-၄)
ကဗျာဆရာ
ကျွန်တော် ကဗျာဆရာမဟုတ်ပါ။ အဂတိတိုက်ဖျက်
သူ ရှေ့နေတစ်ဦးပါ။
ကဗျာလည်း မရေးတတ်ပါ။ သို့သော်ငြား ကဗျာများ
ကိုမူ နှစ်သက်ပါ၏။ အသဲစွဲပါ၏။ ရင်ထဲခိုက်ပါ၏။ နှစ်သက်သမျှကဗျာတွေကို အလွတ်ကျက်တတ်ပါ၏။ တမင်တကာ အလွတ်ကျက်နေခြင်းတော့မဟုတ်ပါ။ သို့သော် သူ့အလိုလို အလွတ်ရလာပါ၏။ မကြာခဏရွတ်ဆိုနေမိပါ၏။ ကျွန်တော်ကြိုက်သမျှ နှစ်သက်သမျှ
ကို ဘယ်သူကမှ မတိုက်တွန်းဘဲ အလွတ်ကျက်၊ အလွတ်
ရနေတာပါပဲ။ ကဗျာဆရာဆိုလျှင် ကျွန်တော်ငေးကြည့်
နေမိပါ၏။ လေးစားနေမိပါ၏။ သဘောကျပြီး သူ့လို
(ကဗျာဆရာလို) ဖြစ်ချင်နေမိပါ၏။ သို့သော် ကဗျာ
ဆရာဖြစ်ဖို့မလွယ်။ အားကျနေရုံနှင့်မဖြစ်။ သူ့ကုသိုလ်
နှင့်သူ ဖြစ်ပါလိမ့်မည်။
သူငယ်ချင်း ပျဉ်းမနားမောင်နီသင်း
သူငယ်ချင်း ပျဉ်းမနားမောင်နီသင်းမှာ ထင်ရှားသော
ကဗျာဆရာပါ။ အမျိုးသားစာပေဆုရသူလည်းဖြစ်ပါ၏။
ပညာရေးသုတေသီ ကျောင်းဆရာလည်း ဖြစ်ပါ၏။
ကျွန်တော်နှင့် ခေတ်ပြိုင်တက္ကသိုလ်ကျောင်းသား
(၁၉၆၇ မှ ၁၉၇၂) ဖြစ်ပါ၏။ ကျွန်တော်က ဥပဒေအဓိက
ကျောင်းသား၊ ပျဉ်းမနား မောင်နီသင်းက ပညာရေး
တက္ကသိုလ် (B.Ed) ကျောင်းသား။
ကျွန်တော်က ဗိုလ်တထောင်သတင်းစာမှာ ပင်တိုင်
ဆောင်းပါးရှင်၊ သူက စာနယ်ဇင်းအစုံမှာ ကဗျာရေး။
အသုံးလုံး လုပ်အားပေးစခန်းတွေမှာ (စာသင်ပေးသော
တက္ကသိုလ်ကျောင်းသားအဖွဲ့တွေမှာ) သူနှင့် ကျွန်တော်
လက်တွဲပြီး ကျေးရွာအရောက် ခရီးပေါက်ခဲ့သူတွေပါ။ တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသားထု၏ သမိုင်းဝင် ပြည်သူ့အကျိုးပြုအလုပ်တွေ မောင်နီသင်းနှင့် လက်တွဲလုပ်ခဲ့ရတာ ယနေ့တိုင်ဂုဏ်ယူဆဲပါ။ ကဗျာအကြောင်းပြောလျှင် မောင်နီသင်း၏အကြောင်းကို ထိပ်ဆုံးကထားရမည်ပါ။
လွမ်းတတ်သူ
ကဗျာဆရာ ပျဉ်းမနားမောင်နီသင်းက လွမ်းတတ်
သူ။ လွမ်းတတ်သူမို့ ကဗျာဆရာဖြစ်တာလားမသိ။ သူ့အရည်အချင်းတွေက အားကျစရာအတိ။
ကျွန်တော်က မလွမ်းတတ်။ ဒိုးဒိုးဒေါက်ဒေါက်၊ ပြောစရာရှိတာ တုတ်ထိုးအိုးပေါက်။ ပြောစရာရှိလျှင် စာနှင့်ပေနှင့် ရှင်းရှင်းဘွင်းဘွင်းရေးချင်သူ။ ကဗျာမဆန်၊
ဆောင်းပါးဟန်နှင့် တည့်တည့်တွေးပြီး ရေးချလိုက်တာ
ပါပဲ။ ဒုန်းခနဲ၊ ဒိုင်းခနဲ။ သူနှင့်ကျွန်တော် မတူပါ။
မောင်နီသင်းက သူ့အတွေးတွေ ကျွန်တော့်ကို ပေးသည်။ ပြောသည်။ အသံတိုးလိုက်၊ ကျယ်လိုက်။
ကျွန်တော်က အသံကျယ်သည်။ ဟောင်ဖွာဖွာ။ အသံ
တိုးပြီး ခံစားနေသော၊ ကဗျာစပ်နေသော မောင်နီသင်း
သည် တစ်ခါတစ်ရံ မျက်ရည်စို့နေသည်။ ငိုနေတာ
တော့ မဟုတ်။ အလွမ်းကဗျာစပ်နေတာပဲ။ ကျွန်တော့်
ကို သူ့ကဗျာပေးဖတ်သောအခါ (စိတ်ခိုင်သော)
ကျွန်တော်သည်ပင် မျက်ရည်စို့ရပြီ။ တတ်လည်း
တတ်နိုင်ပါပေသော ကဗျာမှော်ဆရာ။
မိတ်ဆွေတို့ သုတ်စို့ မြမျက်ရည်
- ယာတစ်ရိုး၌ ငွေချိုးကကူ၊ ပန်းကလေးတို့ ပျံ့မွှေး
ကြူကြူ၊
- မြမြက်ခင်းနှင့် နှင်းစက်ဖြူဖြူ၊ မိတ်ဆွေတို့သွားစို့ ခရီးတူ။
- အိပ်မက်သာမျှ ဘဝတိုတို၊ မည်သူ့ဆီက
ဘာမျှမလို၊ ချစ်ခြင်းကိုဖြင့် ပေးခွင့်ကိုဆို၊
မိတ်ဆွေတို့ ဆိုစို့တေးချိုချို။
- ဆိုကြသည့်တေး အေးမြကြည်လင်၊ ကြင်နာ
ကြတုန်း ပြုံးပြုံးရွှင်ရွှင်၊
- ရှေ့တောင်ရိုးက မိုးသက်ကယ်ဆင်၊ မိတ်ဆွေတို့
ခွဲဖို့အချိန်ပင်။
- တွေ့ကြဆုံကြ လောကဧည့်သည်၊ လျှပ်တစ်ပြက်
မျှ ကြုံရပေသည်၊
- မုန်းလျက်မခွဲ ချစ်လျက်ခွဲသည်၊ မိတ်ဆွေတို့ သုတ်စို့ မြမျက်ရည် ...။
ဤကဗျာသည် ကျွန်တော့်ရင်ထဲစွဲသောကဗျာ၊ မမေ့ရက်နိုင်သောကဗျာ၊ မောင်နီသင်း မကြာခဏ
ဝေငှသောကဗျာ၊ ဘဝ၏အဆီအနှစ် စုစည်းပေါင်းစပ်
ထားသော ကဗျာဖြစ်ပါပေသည်။
၂၆-၁-၂ဝ၁၉ နေ့ထုတ် စံတော်ချိန်သတင်းစာတွင်
ဆောင်းပါးရှင် မြဝင်း(ဒဿန)က မုန်းလျက်မခွဲ
ချစ်လျက်ခွဲသည် ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးထား၍ ကြည်နူးခံစားစွာ ဖတ်ရှုရသည်။ ဆရာမကြီး ဒေါ်ခင်စော
တင့်က သူသေသောအခါ ရောက်လာကြသူများအား ထိုကဗျာလေးကို ကမ်းဖြစ်အောင်ကမ်းပါဟု ဦးကြည်
ဝင်း(လောကအမှန်)အား မှာကြားပုံ၊ ဦးဝင်းဖေ (ဆရာ
ကြီးမြဇင်) ကလည်း FRIENDS ခေါင်းစဉ်ဖြင့် ဘာသာ
ပြန်ခဲ့ပုံများ ဖတ်ရှုရပါသည်။ အဟောင်းတွေအသစ်ဖြစ်
၍ ချစ်သူငယ်ချင်းကဗျာဆရာမောင်နီသင်းကို လွမ်းမိ
ပါသည်။ သူကွယ်လွန်သောနေ့ ၂.၆.၂ဝ၁၇ က ကြေးမုံ
သတင်းစာမှာ (မစပ်တတ်၊ စပ်တတ်နှင့်) ကျွန်တော်
ကဗျာတစ်ပုဒ်ရေးပြီး သူ့ကိုအမျှဝေ မေတ္တာပို့ခဲ့ပုံများ
ကိုပါ ပြန်လည်သတိရမိပါသည်။
တပည့်နှင့်ဆရာ ရေနှင့်ကြာ
တပည့်နှင့်ဆရာ ရေနှင့်ကြာတို့သည် အစဉ်ဖူးပွင့်
လျက်ရှိလေ၏။ တင့်တယ်လျက်ရှိလေ၏။ ခန့်ညားလျက်
ရှိလေ၏။ အေးချမ်းလျက်ရှိလေ၏။
မိုးကြီးခြိမ်းသို့၊ ငါဟိန်းသောခါ
ကြိမ်းသောအခါလည်း
မျက်နှာလေးတို့ မှိုင်းမှိုင်းညို့ ၍၊
ယို့ရှာသည်တကား တပည့်များ၊
လေပြေသွေးသို့၊ ငါအေးသောအခါ
မြသောခါလည်း၊မျက်နှာလေးတို့
ကြွားကြွားစို့ယို့ရှာသည်စကား... တပည့်များ
ဟု တပည့်နှင့် ဆရာအကြောင်း သူစပ်ဆိုခဲ့ပါသေးသည်။
မင်္ဂလာညိုမြ ဒေါ်ညိုမြ
မွေးကင်းစကလေးငယ်အား စွန့်ပစ်ထားမှုကို ဟင်းရွက်
သည်ဒေါ်ညိုမြက စေတနာဗလပွဖြင့် မွေးမြူခဲ့ပုံအကြောင်း
စပ်ဆိုသော ကဗျာကလေးကို ဖတ်ကြည့်ပါဦး။
(၁)
တို့ရပ်ကွက်၌၊ ဟင်းရွက်ရောင်းရ ဒေါ်ညိုမြမှာ
ရရစားစား ဆင်းရဲသားပင်၊
သားသမီးမှာကား ခြောက်ယောက်
အရွယ်ရောက်သူမှာကား တစ်ဝက်၊
တစ်ဝက်မှာကား အရွယ်မရောက်။
တစ်နေ့နံနက် ဈေးသို့ထွက်သော်၊
မိုးစက်သေးသေး စိမ့်စိမ့်အေး၍
လမ်းဘေးမီးတိုင် မှိန်ပျပျ။
ဈေးမတိုင်မီ မီးတိုင်အောက်မှာ အံ့စရာပင်၊
ဟုတ်ပါရဲ့လား။ မိုးစက်ကြား၌
လက်ကားခြေကား နီတာရဲ၊
လေးငါးရက်သား အို... အူဝဲ။
(၂)
ထိုလမ်းဘေး၌၊ ဈေးတောင်းကိုချ၊ ကလေး မလိုက်
ကလေးကိုချ၊ ဈေးတောင်း မလိုက် ၊
ချတုံချီတုံ ချိန်လို့ဆ ဘာလုပ်မလဲ ဒေါ်ညိုမြ။
လေပြင်းလည်းလာ များမကြာမီ၊ မိုးရွာတော့မည်
လျှပ်ရောင်ပြ ဘာလုပ်မလဲ ဒေါ်ညိုမြ။
မိုးစက်ဖွားဖွား လေပြင်းကြား၌၊
လက်ကား ခြေကား၊ ကလေးအားလျှင်၊
ရင်ကြားပွေ့ဖက်၊ ဈေးတောင်းရွက်၍၊
ဈေးဘက်ကျောခိုင်း အိမ်ပြန်ရ၊
သေချာရဲ့လား ဒေါ်ညိုမြ။
အိမ်ပြန်ရောက်သော်
ခြောက်ယောက်သမီးသား လင်ယောက်ျား၊
သူ့အား ဝိုင်းအုံ မေးမြန်းကြ
ဘာဖြစ်မလဲ ဒေါ်ညိုမြ။
လက်ကားခြေကား ရင်ခွင်ကြား၌
သနားသဖွယ် ကလေးငယ်ကို၊
အံ့ဖွယ်ကြည့်ကာ ဝမ်းသာစွာဖြင့်
ဟင်...ဟာ ဆိုကာ လုချီပါသော်၊
ရွာပါတော့၏ မိုးအုန်းအုန်း၊
တစ်လောကလုံး ထစ်ကာချုန်း။
(၃)
နေရောင်ဖျပ်ဖျပ်၊ မိုးရွာရပ်၍
တစ်ရပ်လုံးလာ၊ ကြည့်ကြပါသော်
ပေါင်ဒါဖွေးဖွေး၊ ထုံမွှေးမွှေးဖြင့်
ကလေးငယ်မှာ ချစ်စရာ။
တစ်ရပ်လုံးမှာ၊ ကြည်နူးစွာဖြင့်
သာဓုခေါ်ကြ၊ ဝမ်းသာကြ
မင်္ဂလာညိုမြ ဒေါ်ညိုမြ။
မိုးတစ်ပေါက်နှင့် ပိတောက်ပွင့်
''ကျွန်တော်တို့လုပ်သမျှ အလကားပါပဲဆရာ၊ အားငယ်စရာပါ။ မိုးတစ်ပေါက်လောက်ပါပဲ'' ဟူ၍
ကျွန်တော်ပြောမိပါသည်။ ဆရာက ''အားမငယ်နဲ့
မောင်နီသင်း။ မိုးတစ်ပေါက်ဆိုတာကလည်း တန်ဖိုးရှိပါ
တယ်။ အေး...မိုးတစ်ပေါက်နဲ့ ပိတောက်ပွင့်ကြတယ်
ဆိုတာ မမေ့နဲ့နော်။ မိုးတစ်ပေါက်လည်း ပိတောက်ပွင့်ရ
တယ်နော်''ဟု အားရပါးရပြောပါသည်။ ထို့ကြောင့်...
မိုးတစ်ပေါက်နှင့်ပိတောက်ပွင့်၏။
ပွင့်သည့်အခါ ကြည့်စမ်းပါ
ရွာလုံးထိန်၍ ရပ်လုံးသင်း၊
အားမငယ်နှင့် စိတ်ကိုတင်း။
မိုးတစ်ပေါက်နှင့် ပိတောက်ပွင့်သည်
တွေးမိသည်နှင့် မျက်ရည်ကျမိ ကျွန်ုပ်ပြုံးမိ
ဆရာ့ခြေရင်း ကန်တော့၏
မိုးတစ်ပေါက်လောက်ရွာပါဘိ။ ။
(ကောင်းသန့်စာပေကထုတ်ဝေသော မိုးတစ်ပေါက်နှင့်
ပိတောက်ပွင့်စာအုပ် ၂ဝဝ၁၊ စာ-၁၁၃)
အခြားအခြားသော ကဗျာဆရာကြီးများ
အခြားအခြားသော ကဗျာဆရာကြီးများကိုလည်း ကျွန်တော် ဂါရဝပြုလေးစားပါ၏။ အမျိုးသားစာဆို ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းယုဝေ၊ ဆရာမကြီး ငွေတာရီ၊ ဆရာမကြီး နုယဉ်၊
ဆရာကြီး တင်မိုး ၊ ဆရာကြီး မောင်စွမ်းရည် အစရှိ
သည့် ကဗျာဆရာကြီးများ၏ ကဗျာစွမ်းရည်၊ ကဗျာ့
ဂုဏ်ရည်များအား ထာဝရလေးစား၊ အားကျဂုဏ်ယူ
လျက် စွဲမက်မိပါသည်။ ကဗျာဆရာများ၏ တိုင်းကျိုး
ပြည်ပြု လူမှုအဖြာဖြာ ကဗျာစွမ်းရည်များကိုပါ ထင်ရှား
စွဲမက် အလေးအနက်ပြုအပ်ပါသည်။ သီးခြား
ဆောင်းပါး ရေးသားပါဦးမည်။
ပန်းတစ်ခြင်းနှင့် အမှိုက်ခြင်း
လူတစ်ဦးသည် စိတ်ကောက်ခြင်း၊ စိတ်ကုန်ခြင်း၊
စိတ်ကြီးခြင်း၊ စိတ်ကွက်ခြင်း၊ စိတ်ငယ်ခြင်း၊ စိတ်ဆိုး
ခြင်း၊ စိတ်စောခြင်း၊ စိတ်ဆတ်ခြင်း ၊ စိတ်ညစ်ခြင်း၊
စိတ်တိုခြင်း၊ စိတ်နုခြင်း၊ စိတ်ပူခြင်း၊ စိတ်မောခြင်း
ရှိတတ်ကြပါ၏။
အခြားသူတစ်ဦးတွင် သူတစ်ပါးအား ခွင့်လွှတ်ခြင်း၊
ကိုယ်ချင်းစာခြင်း၊ ကူညီခြင်း၊ နူးညံ့ခြင်း ရှိတတ်ပါ၏။
တစ်ဦးနှင့်တစ်ဦး မတူညီပုံကို သင်ခန်းစာယူသင့်ပါ
သည်။ သို့ဖြစ်၍ -
''တစ်ယောက်သောစိတ်သည် လွန်သန့်ရှင်း၊
သူ့ဘဝသည် ပန်းတစ်ခြင်း
သာဓုပါဗျာ သူငယ်ချင်း
တစ်ယောက်သောစိတ်သည် အလွန်ကျဉ်း၊
သူ့ဘဝသည် အမှိုက်ခြင်း
ဖြစ်မှ ဖြစ်ရပလေ သူငယ်ချင်း''
ဟု ကဗျာဆရာ ပျဉ်းမနားမောင်နီသင်းက ပန်းတစ်ခြင်း
နှင့် အမှိုက်ခြင်း ကဗျာကို စပ်ဆိုခဲ့ပါသည်။ ပန်းတစ်ခြင်း
၏ မွေးကြိုင်မှုနှင့် အမှိုက်ခြင်း၏ ညစ်ပတ်မှု၊ နံစော်မှု
တို့ကို နှိုင်းယှဉ်စပ်ဆိုပြခြင်းဖြစ်ပါသည်။ စိတ်အလှ
အကြောင်းကို ဖွဲ့ဆိုထား၍ အလွန်အဓိပ္ပာယ်ရှိပါသည်။ ဤကဗျာကို ကျွန်တော်အကြိုက်ဆုံးပါပဲ။
နိဂုံး
(၁) ပန်းတစ်ခြင်းသည် မွှေးကြိုင်ပျံ့သင်း၏။
(၂) အမှိုက်ခြင်းသည် ညစ်ပတ်နံစော်ပါ၏။
(၃) ပန်းတစ်ခြင်းနှင့် အမှိုက်ခြင်း ဘယ်သင်းကို ရွေးချယ်ပါ့...။

No comments:

Post a Comment