Saturday, February 2, 2019

ဒုတိယအကြိမ်လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ


Image may contain: 1 person, child and outdoor
နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ဝင်းထမင်းစားခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားသည်။
နှစ်ပတ်လည်နေ့အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပထမအကြိမ် လွှတ်တော်များတွင်
ုဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြသည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် ယနေ့သည် ဒုတိယ အကြိမ် လွှတ်တော်များ၏ သုံးနှစ် ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ ဖြစ်သကဲ့သို့ မိမိတို့လွှတ်တော်များ၏ သက်တမ်းသည်လည်း ရှစ်နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန် အတွက် မိမိတို့သည် အတူတကွ လက်တွဲပြီး ဆက်လက်ကြိုးပမ်းနေကြ ရဦးမည်ဖြစ်ပါကြောင်း၊ လျှောက်လှမ်း နေဆဲ ဒီမိုကရေစီခရီးအတွက် ခိုင်မာ သည့် ဥပဒေပြုရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာရန် လိုအပ်ချက်များ၊ အားနည်း ချက်များကို ပြုပြင်ပြီး ယခုထက်ပိုမို ကြိုးစားကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်များ၏ လုပ်ငန်းတာဝန် များ တိုးတက်အောင်မြင်စေရန် ပြည့်စုံခိုင်မာသည့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များ၊ လုပ်ငန်းစနစ်များ၊ လူသား အရင်းအမြစ်များ စွမ်းရည်ပြည့်ဝမှုနှင့် အတွေ့အကြုံပိုင်းဆိုင်ရာလိုအပ်ချက် များကို ပကတိအခြေအနေနှင့် ကိုက်ညီအောင် အမြဲတစေသုံးသပ် ဆင်ခြင်ကြရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နိုင်ကြမှသာ ပြောင်းလဲ နေသည့် ခေတ်စနစ်နှင့် ညီညွတ်ပြီး ခိုင်မာအားကောင်းသည့် ဥပဒေပြုရေး မဏ္ဍိုင်တစ်ရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။
လက်ရှိအချိန်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မျှော်လင့်ချက်ဖြစ် သော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ကြီး ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအားနှင့် ကြိုးစားဖော်ဆောင် နေကြသည့် ကာလဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်၏ အခန်းကဏ္ဍသည် မည်သည့် နေရာတွင် ရှိသည်၊ မည်မျှအရေးပါ သည် ဆိုသည်ကို တာဝန်ရှိသူများ အားလုံး သိရှိကြပြီးဖြစ်ပါကြောင်း၊ ဥပဒေပြုလွှတ်တော်များသည် ဒီမို ကရေစီအခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ လွှတ်တော်များခိုင်မာအားကောင်းလာသည်နှင့်အမျှ ပြည်သူကိုဗဟို ပြုမှုနှင့် အခြားသောမဏ္ဍိုင်များနှင့် အပြန်အလှန် ထိန်းကျောင်းမှုများ လည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါ ကြောင်း။
ပြန်လည်ဆန်းစစ်
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း သုံးနှစ်ရှိလာပြီဖြစ်သည့် အတွက် မိမိတို့၏ လွှတ်တော်များ အနေဖြင့် ကိုယ်စားလှယ်တစ်ဦးချင်းစီ ၏ အရည်အသွေးနှင့် လွှတ်တော် ကော်မတီများ၏ လုပ်ငန်းစွမ်းဆောင် ရည်သည် လွန်စွာအရေးကြီးပါ ကြောင်း၊ နိုင်ငံတော်တွင် ဥပဒေပြုရေး မဏ္ဍိုင်သည် မရှိမဖြစ်လိုအပ်ပြီး ခိုင်မာ အားကောင်းလာစေရေးသည် အရေး ကြီးသည်ဆိုသည်ကို လွှတ်တော် ကိုယ်စားလှယ်များအားလုံး ထင်ထင် ရှားရှား သိမြင်ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း စီ၏ တာဝန်ဝတ္တရားများနှင့် လွှတ်တော် ဆိုင်ရာ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စေရန်၊ အပြည့် အဝ ထမ်းဆောင်နိုင်ရန် ကြုံတွေ့ရ သည့် အခက်အခဲ၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ပြန်လည်ဆန်းစစ် သုံးသပ် ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
ရပ်တည်နိုင်မည်
သို့မှသာ နိုင်ငံတော်နှင့် တိုင်းရင်း သား ပြည်သူများ၏ မျှော်လင့်ချက် ဖြစ်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ပိုမိုကောင်းမွန် သည့် တာဝန်ကျေပွန်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို ထင်ထင်ရှားရှား ပြသနိုင်သည့် ဥပဒေပြုရေးမဏ္ဍိုင် တစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ် ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကျန်ရှိသည့် သက်တမ်း ကာလတွင် လွှတ်တော်များ၏ အဓိက တာဝန်ဖြစ်သည့် ပြည်သူကို ကိုယ်စား ပြုခြင်း၊ ဥပဒေပြုခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစေလိုပါ ကြောင်း၊ သို့မှသာ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော် ဆောင်ရွက်ဆိုသည့် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ မဲဆန္ဒရှင်ပြည်သူ များ၏ အခြေခံလူမှုစီးပွားဘဝများ ပိုမို တိုးတက်ကောင်းမွန်စေရေး အတွက် ကူညီဆောင်ရွက်ပေးနိုင်ကြ မည်ဖြစ်ပါကြောင်း။
ဆန္ဒပြုတိုက်တွန်း
နိဂုံးချုပ်အနေဖြင့် လွှတ်တော်များ သည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ဥပဒေများပြဋ္ဌာန်းပေးပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များနှင့် ဟန်ချက် ညီညီအပြန်အလှန် ထိန်းကျောင်း ကြရင်း ဒီမိုကရေစီခရီးလမ်းကို ဆက်လက် လျှောက်လှမ်းသွားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး တာဝန်ကို ထမ်းဆောင်နေကြရသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိနားလည် ပြီး စွမ်းဆောင်ရည်နှင့် တာဝန် ကျေပွန်မှုတို့ကို ပြသကာ ပြည်သူ့ အကျိုးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်ကြရန် ဆန္ဒပြု တိုက်တွန်းအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် လွှတ်တော်သက်တမ်းသည် ယခု ဆိုလျှင် သုံးနှစ်တာကာလ ပြည့်မြောက် ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအကျိုး အတွက် ဥပဒေပြုကဏ္ဍမှ ဥပဒေ များကိုခေတ်စနစ်နှင့်အညီ ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြဋ္ဌာန်းပေးခြင်းများ ဆောင်ရက်ပေး သကဲ့သို့ ပြည်သူလူထု၏ လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက်များကိုလည်းတတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ပြည်သူကို ကိုယ်စားပြုဆောင်ရွက်ပေးပါသောလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
ဆက်လက်ကြိုးပမ်း
ပြည်သူ့အုပ်ချုပ်ရေးဖြစ်သော ဒီမို ကရေစီစနစ်ကို ဖော်ဆောင် လျှောက်လှမ်းသည့် ခရီးလမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲ ဥပဒေပြုသူများပီပီ အစွဲ ကင်းစွာ လက်တွေ့ဘဝတွင် ပြည်သူ များ ဥပဒေ၏ အကာအကွယ်ဖြင့် အေးချမ်းလုံခြုံစွာနေနိုင်ရန်၊ ပြည်သူ များ ဥပဒေ၏ အကာအကွယ်ကို တန်းတူရရှိစေနိုင်ရန် ခေတ်စနစ်နှင့် အညီကိုက်ညီသည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန် အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်းထမ်းဆောင်သွား ကြရမည်ဖြစ်ပါကြောင်း။
ရှေ့ဆက်၍လည်း ပြည်သူလူထု ကိုယ်စားပြု လွှတ်တော်များ၏ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အလိုက်ဖြစ်စေ၊ ကော်မတီ အလိုက်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦး ချင်းစီဖြစ်စေ ဆက်လက်ဆောင်ရွက် ရန် ကျန်ရှိနေသေးသည့် ဥပဒေပြု ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရင်း ပြည်သူကိုဗဟိုပြု သည့် ဒီမိုကရေစီစနစ် ပိုမိုထွန်းကား အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
အစွမ်းကုန်ကြိုးစားဆောင်ရွက်
ထို့အတူ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဥပဒေပြုရေး ကဏ္ဍတွင် အားကိုးအားထား ပြုစရာ လွှတ်တော်မှတစ်ပါး အခြားမရှိပြီဟု ဆိုရလောက်အောင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ နှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။
ပြည်ထောင်စုကြီး တစ်ဝန်းလုံး တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဒေသ အသီသီး တစ်ပြေးညီဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်သူပြည်သူများ၏ ဆန္ဒများ၊ လိုအပ်ချက်များကို အစဉ် နားစွင့်ရင်း၊ သိနိုင်အောင် အမြဲ ကြိုးစားရင်း မိမိတို့၏ လွှတ်တော် ဆောင်ပုဒ်ဖြစ်သည့် ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့် ချက် လွှတ်တော်ကဖော်ဆောင်ရွက် ဆိုသည့်အတိုင်း မိမိတို့ဖြတ်သန်း လာခဲ့သည့် လွှတ်တော်သက်တမ်း သုံးနှစ်တာကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံကောင်း များဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ကြီးကို အတူတကွ တည်ဆောက်နိုင် ကြရန် ဆန္ဒပြုတိုက်တွန်းအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် လွှတ်တော်နှစ်ပတ်လည် နေ့အထိမ်းအမှတ်ပစ္စည်းကို ပေးအပ် ရာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက လည်းကောင်း၊ လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိက ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး တို့အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လည်းကောင်း၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ''နောင်တွင် ဥဒါန်းတွင်စေသတည်း'' ရုပ်ရှင်ဇာတ်ကားကူညီပြသပေးမှု အတွက် ကိုယ်စားလှယ်တစ်ဦးအား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လည်းကောင်း အထိမ်းအမှတ်ပစ္စည်း များ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့သည် နှစ်ပတ်လည်နေ့အခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူ တကွသုံးဆောင်ကြသည်။
ကြည့်ရှုအားပေး
ဂုဏ်ပြုနေ့လယ်စာစားပွဲအပြီး တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ များ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး လွှတ်တော်သဘင် ဆောင်၌ ပြသသည့် ''နောင်တွင် ဥဒါန်းတွင်စေသတည်း'' ရုပ်ရှင် ဇာတ်ကားကို ကြည့်ရှုအားပေးကြ သည်။
သတင်းစဉ်

No comments:

Post a Comment