မြန်မာ့လက်မှုပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ရန်ကုန်မြို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန ဖွင့်လှစ်သွားမည်
မြန်မာ့လက်မှုအနုပညာပစ္စည်းများအား လွယ်ကူ ချောမွေ့စွာ ဝယ်ယူရောင်းချနိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ တစ်ဝန်းရှိ လက်မှုအနုပညာပစ္စည်းများကို တစ်နေရာ တည်းတွင် စုံလင်စွာ ဝယ်ယူရရှိနိုင်မည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံကို လာမည့် မတ်လတွင် ရန်ကုန်မြို့ရှိ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်ရုံး မင်္ဂလာခန်းမ၌ မြန်မာ့လက်မှုအနုပညာအသင်းက ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် အသင်းသား စုံညီ နှစ်ပတ်လည်အစည်းအဝေးနှင့် အသင်းသားများ၏ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲတွင် အမှာစကားပြောကြားရာ၌ ဦးအောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဈေးကွက်ကို ဖန်တီး
"မြန်မာ့လက်မှုအနုပညာပစ္စည်းတွေ ရောင်းချတဲ့ နေရာမှာ လွယ်ကူချောမွေ့ရေး၊ ဈေးကွက်ရရှိရေးအတွက် ဒီစင်တာကြီးကို မကြာမီဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အဆောက်အအုံမှာ အထပ်သုံးထပ်ပါဝင်မယ်။ အောက်ဆုံး ထပ်မှာ တစ်နိုင်ငံလုံးက အကောင်းဆုံးပို့ကုန်တွေကို ပြသထားမယ်။ ရောင်းချနိုင်မယ့် ဈေးကွက်ကို လည်း ဖန်တီးပေး သွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကုန်သွယ်မှုနဲ့ ပို့ကုန်အတွက် အခက်အခဲဖြစ်နေတာတွေကို ဖြေရှင်းပေးမယ့် Business Support စင်တာတစ်ခုလည်း ထည့်သွင်းဆောင်ရွက်သွား ပါမယ်။ ကုန်စည်ပြပွဲ တွေကိုလည်း ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ နောက်ပိုင်းတော့ Export Promotionအတွက် အဓိကစင် တာကြီး ဖြစ်လာအောင် ပြင်ဆင်ထား ပါတယ်"ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။
မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍသည် ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အရေးကြီးသလို စီးပွားရေး အတွက် အလားအလာကောင်းသော ပြည်တွင်းကုန်သွယ်မှု မှာရော ပြည်ပတင်ပို့မှုအတွက်ပါ အရေးကြီးသည့် ပို့ကုန် ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ တချို့နိုင်ငံများတွင် လက်မှု အနုပညာပစ္စည်းများကို လက်ဆောင် ပစ္စည်း အဖြစ် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး တင်ပို့ရောင်းချကြသည့်အတွက် ဒေါ်လာဘီလီယံနှင့်ချီပြီး ဝင်ငွေရရှိပါ ကြောင်း၊ ထို့ကြောင့် လက်မှုပစ္စည်းများကို သာမန်ပစ္စည်းအဖြစ် သဘောမထားဘဲ ရှုထောင့်နှစ်မျိုးနှင့် ရိုးရာယဉ် ကျေးမှုကို ထိန်းသိမ်းမြှင့်တင်သည့်အပိုင်းကတစ်ပိုင်း၊ စီးပွားရေးအရ ပို့ကုန်ကုန်သွယ်မှု မြှင့်တင်သည့် အပိုင်း ကတစ်ပိုင်း အဆိုပါ နှစ်ပိုင်းလုံးကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ထိန်းသိမ်းစောင့်ရှောက်
ထိန်းသိမ်းစောင့်ရှောက်
ယနေ့ ပြုလုပ်သည့် လက်မှုထုတ်ကုန်ပစ္စည်းပြပွဲတွင် ကချင်ရိုးရာထမီများ၊ ရက်ကန်းထည်များ၊ ဝါးနှင့် ပြုလုပ် ထားသည့် ဝါးရင်းလိပ်၊ လိုက်ကာဝါးထည်များ၊ ပျူပုတီးစေ့ အလှဆင်ပုတီးများ၊ အဆင့်မြင့် သစ်သားပန်းပုရုပ် များ၊ ကြေးအနုပညာပစ္စည်းများ၊ ကျောက်ထည်ပစ္စည်းများ၊ ချည်ထည်အဝတ်အစားများ၊ ပိုက်ဆံအိတ်၊ ဖိနပ်များ၊ စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ပစ္စည်းများနှင့် လက်မှုလက်ထိုးဇာများ စသည့် ပြည်တွင်း ထုတ် ကုန်ပစ္စည်း ၂၂ မျိုးကို ထည့်သွင်းပြသထားပြီး ပြပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးအနုပညာများ မတိမ်ကော၊ မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အရည် အသွေး မြင့်မားသည့် ပြည်တွင်းထုတ်ကုန်များ ထွက်ပေါ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်
သတင်းနှင့် ဓာတ်ပုံ-အေးမင်းသူ၊ ဇာနည်မောင်
No comments:
Post a Comment