Tuesday, January 29, 2019

သွေးချင်းတို့၏ပွဲတော် တူယှဉ်နွှဲပျော်

Image may contain: text

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (Myanmar Ethnics Culture Fest) အမည်ဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံတွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဇန်နဝါရီလ ၃ဝ ရက်နေ့အထိ ခြောက်ရက်တိုင်တိုင် စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးတို့ကို အခြေခံ ဖွဲ့စည်းထားသော မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် အဆိုပါပွဲတော်သည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး၏ မတူကွဲပြားပြီး ထူးခြားသော ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ များကို အများပြည်သူတို့သာမက နိုင်ငံတကာကပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ဖော်ထုတ်ပြသသောပွဲ ဖြစ်သည်။
အဆိုပါပွဲတော်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသောပွဲတော်၊ တစ်နည်းဆိုသော် တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့်ပွဲတော်ဟုလည်း ဆိုနိုင်သည်။ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး၏ မတူကွဲပြားခြားနားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများသည် ဒြပ်ရှိ၊ ဒြပ်မဲ့ ခရီးသွားဆွဲဆောင်မှုများ၊ ခရီးသွားအရင်းအမြစ်များဖြစ်သည်။ ထိုအရင်းအမြစ်များကို ယခုကဲ့သို့ ထုတ်ဖော်ပြသခြင်းသည် မြန်မာကိုက္ဘာကသိအောင် မြှင့်တင်ပေးသည့် အနှစ်သာရရှိသော ဆောင်ရွက်ချက်ဖြစ်သည်။
ယနေ့က္ဘာ့နိုင်ငံအသီးသီးတွင် ၄င်းတို့၏ စစ်မှန်ပြီးထူးခြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းမြှင့်တင်ခြင်း များ ပြုလုပ်လျက်ရှိရာ ၄င်းတို့၏ပြည်သူများ တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးခြင်း၊ မျိုးချစ်စိတ်ဓာတ် နိုးကြားရှင်သန်ထက်သန်စေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်စည်းလုံးခြင်း စသည်တို့ကို ဖြစ်စေသည့်အပြင် က္ဘာလှည့်ခရီးသွားများ ၄င်းတို့နိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်မားတိုးတက်မှုတို့ကို ဖြစ်စေပါသည်။
အဆိုပါပွဲတော်မှ အနှစ်သာရအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိက လိုအပ်နေသော တိုင်းရင်းသားပြည်သူများဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံး ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ကောင်းဖြစ်မှုတို့ ရရှိလာစေရေးဖြစ်သည်။ သဘာဝအလှတရားများနှင့် ပြည့်စုံသော တိုင်းရင်းသားဒေသများ ထာဝရငြိမ်းချမ်းသာယာရေးသည် ဦးစားပေး လိုအပ်ချက်ဖြစ်ပြီး ငြိမ်းချမ်းသာယာပါမှ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဖော်ထုတ်ပေးနိုင်ပြီး တိုင်းရင်းသားဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာပြီး လူမှုစီးပွား မြင့်မားတိုးတက်လာမည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ တစ်ရာကျော် စုပေါင်းနေထိုင်ကြသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးသည် အထူးအရေးကြီးပြီး စည်းလုံးညီညွတ်မှသာ ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် အစဉ်ထာဝရ ရပ်တည် နိုင်ကာ ပြည်ထောင်စု၏ အသီးအပွင့်များကို တစ်ပြေးညီ ရရှိခံစားနိုင် ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုပွဲတော်ကြီး ကျင်းပနေခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်ဖြစ်ပြီး နောင်နှစ်များတွင်လည်း ပြည်နယ် နှင့် တိုင်းဒေသကြီးများအလိုက် တိုင်းရင်းသားအားလုံး တစုတစည်း တည်း စုဝေးကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြု၍ ဆင်နွှဲကျင်းပသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင် ရေးပွဲတော်များကို မည်သို့ပင် အခက်အခဲများရှိသော်ငြားလည်း စည်းလုံးညီညွတ်စွာလက်တွဲ၍ စဉ်ဆက်မပြတ် ဆက်လက်ကျင်းပပြီး တိုင်းရင်းသားပြည်သူများ၏အကျိုး၊ တိုင်းပြည်အကျိုးနှင့် ငြိမ်းချမ်းရေး အကျိုးများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်း အပ်ပါသည်။ ။

No comments:

Post a Comment