Tuesday, December 4, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

No automatic alt text available.
နေပြည်တော် ဒီဇင်ဘာ ၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သိန်းခိုင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဝမ်းနည်းကြောင်း အဆိုကို အတည်ပြုမှတ်တမ်း တင်နိုင်ရန် လွှတ်တော်၏ဆန္ဒရယူရာ လွှတ်တော်ကအတည် ပြုကြောင်းနှင့် မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သိန်းခိုင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်တတ်ရပ်၍ နှစ်မိနစ်ငြိမ်သက်ပြီး မေတ္တာပို့သကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ဦးမင်းသူက ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းအား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစီရင်ခံစာ ဖတ်ကြား
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသော တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း၏ အပိုဒ် ၇ ခုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်း ရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက အဆိုပြု တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးကျော်နိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြည်တို့က ဆွေးနွေးကြကာ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေကြမ်း၏ အပိုဒ်ငါးခုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က အဆိုပြုတင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က ဆွေးနွေး၍ တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်း အချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ ချေးငွေပေးအပ်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုလွှာ (Pledge of EDCF Loan)အား ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ ကတိကဝတ်ပြုလွှာတွင် ချေးငွေ၏ အတိုးနှုန်းမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး အကောင်အထည်ဖော် ဆောင်မည့် အဖွဲ့အစည်းသည် ကိုရီးယားသမ္မတနိုင်ငံ၏ Small and Medium Enterprises (သို့မဟုတ်) Medium –Largeကုမ္ပဏီများဖြစ်ပါက အတိုးနှုန်းအား သုည ရာခိုင်နှုန်းသို့ လျှော့ချပေးမည်ဖြစ်ပြီး ချေးငွေ ပြန်ဆပ်ရန်ကာလမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်အပါအဝင် နှစ် ၄ဝ ဖြစ်ပါကြောင်း။
eGIDC စီမံကိန်းအား EDCF ချေးငွေဖြင့် အကောင်အထည်ဖော်နိုင်ရန် ရှင်းလင်းပြောကြား
ဤစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် ခြင်းအားဖြင့် အစိုးရ၏ Online ဝန်ဆောင်မှုများကို ပြည်သူများမှ အချိန်မရွေး၊ နေရာဒေသမရွေး အဆင်ပြေ ချောမွေ့စွာ ရယူအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံအနှံ့အပြားရှိ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများအကြားတွင် သတင်းအချက် အလက် ဆက်သွယ်စီးဆင်းမှုများ လွယ်ကူလျင်မြန်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ e-Government လုပ်ငန်းများ အောင်မြင်ခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်သည့်အပြင် အစိုးရဌာနဆိုင်ရာ များ၏ အရေးကြီးအချက်အလက်များအား လုံခြုံစွာ ထိန်းသိမ်းထားရှိနိုင်မည်ဖြစ်ပါသဖြင့် e-Government Intergrated Data Center (eGIDC) စီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော်မှ အတည်ပြု ပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဤချေးငွေစီမံကိန်းသည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ ၂ဝ၁၇ ခုနှစ်၊ ''ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ''၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတို့နှင့် ကိုက်ညီမှုရှိသည့် အပြင် မကြာသေးမီကထုတ်ပြန်ထားသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂ဝ၁၈-၂ဝ၃ဝ)၏ မဟာဗျူဟာနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း။
သို့ပါ၍ သတင်းအချက်အလက်ဗဟိုဌာနကြီး ဖြစ်သော (e-Governmental Integrated Data Center-e-GIDC) တည်ဆောက်ခြင်းစီမံကိန်းအတွက် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ထံမှ ချေးငွေအမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြု ချက် ရယူပေးနိုင်ပါရန် နာယကကြီးမှတစ်ဆင့် လေးစားစွာ တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ဆွေးနွေး
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းက ဆွေးနွေးရာတွင် လက်ရှိမြန်မာရော်ဘာ စိုက်ပျိုးရေးတွင် ဈေးနှုန်းမတည်ငြိမ်ခြင်းနှင့် အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ရမည့် အခက်အခဲနှစ်ခု တွေ့ကြုံနေရပါကြောင်း၊ ကမ္ဘာတွင် ရော်ဘာထုတ်လုပ်သည့် နိုင်ငံပေါင်း ၉၅ ရာခိုင်နှုန်းသည် အသင်းဝင်နိုင်ငံများ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုမှအသင်း ဝင်ခြင်းသည် နောက်ကျနေသည်ဟု ထင်မိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လိုအပ်နေသည့် ရော်ဘာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရော်ဘာများ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် အဓိကအသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အသင်း ဝင်ရန်နှင့် နှစ်စဉ်ကြေးပေးခြင်းတို့ကို ခွင့်ပြုသင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မြန်မာ နိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategics) ၏ ဦးစားပေးကဏ္ဍများအနက် ရော်ဘာ လုပ်ငန်းသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုသည် စိုက်ဧကပေါင်း ၁၆ သိန်းကျော် ရှိသည့်အနက် ဧက ၇ သိန်း ၇ သောင်းခန့်သည် အစေးလှီး ဧကများဖြစ်ပြီး တန်ချိန် ၂ သိန်း ၄ သောင်းခန့်သာ ထုတ်လုပ်နိုင်မှုရှိပါကြောင်း။
အထွက်နှုန်းအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပါက နည်းပါးနေသေးပြီး တစ်ဧက ပျမ်းမျှပေါင် ၇ဝဝ ဝန်းကျင် သာ ရှိပါကြောင်း၊ ရော်ဘာပြည်ပတင်ပို့နိုင်မှုအနေဖြင့် လက်ရှိတွင် တန်ချိန် ၁ သိန်း ၃ သောင်း ဝန်းကျင်သာ ရှိပါကြောင်း၊ ထုတ်လုပ်သည့် ရော်ဘာအရည်အသွေးအပေါ် မူတည်ပြီး ဈေးကွက်ရရှိရေးနှင့် ထိုက်သင့်သည့် ဈေးနှုန်း ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) သို့ ဝင်ရောက် နိုင်မည်ဆိုပါက မျိုးပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး သုတေသနရလဒ်များကို ပိုမိုသိရှိနိုင်မည့် အပြင် မြန်မာနိုင်ငံ၏ရော်ဘာအရည်အသွေးနှင့် အထွက် နှုန်း တိုးတက်ရေးအတွက်လည်း အကျိုးရှိစွာ အသုံးချသွား နိုင်မည်ဖြစ်ပါကြောင်း။
နိုင်ငံအတွင်း ဖွဲ့စည်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းအတွက်လည်း နိုင်ငံတကာ ရော်ဘာသုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလာနိုင်မည်ဖြစ်သည့် အတွက် မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေများ ဖန်တီးလာနိုင်မည်ဖြစ်ပါကြောင်း၊ အသင်း ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စတို့နှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြသဘောတူ ခွင့်ပြုချက်များ ရရှိပြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Ruber Research and Development Board-IRRDB) သို့ ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် နှစ်စဉ် ကြေး ထည့်ဝင်ခွင့်ပြုနိုင်ရေးကိစ္စရပ်အပေါ် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု၊ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
မီးရထား လူစီးတွဲဝယ်ယူရေးစီမံကိန်းအတွက် တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ် သန်း ၈ဝ ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မီးရထား လူစီးတွဲဝယ်ယူရေးစီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထံမှ အတိုးမဲ့ချေးငွေယွမ် သန်း ၈ဝ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယခုကဲ့သို့ အတိုးမဲ့ချေးငွေယွမ်သန်း ၈ဝ ဖြင့် လူစီးတွဲ အထက်တန်း ၁၄ တွဲနှင့် ရိုးရိုးတန်း ၁၄ တွဲ ဝယ်ယူရာတွင် အထက်တန်း တွဲအစစ်၊ ရိုးရိုးတန်းတွဲအစစ် ပြုလုပ်လိုက်ပါက ယခု ၂၈ တွဲသည် ရိုးရိုးတန်း ၂၃ တွဲနှင့် အထက်တန်း ၅ တွဲ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် ရန်ကုန် - မန္တလေး အမြန်ရထား ၃ အဆန်၊ ၄ အစုန်ကိုလည်း ရိုးရိုးတန်း ကိုးတွဲ၊ အထက်တန်း နှစ်တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ဘရိတ်တစ်တွဲဖြင့် ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက မီးရထားဝယ်ယူရေးစီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အတိုးမဲ့ချေးငွေယွမ်သန်း ၈ဝ ရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ချေးငွေကို ခွင့်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပဲခူးတိုင်းဒေသကြီး၊ အမှတ် (၃) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် နှင့်မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်တို့ ထောက်ပြဆွေးနွေး ခဲ့သည့် ''ချေးငွေတိုးတက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက် မှုများကို အစီရင်ခံစာတင်ပြသည့်အခါ အသေးစိတ် အချက်အလက်များ ထည့်သွင်းတင်ပြရန်'' ကိစ္စနှင့် စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးခွင့်ပြုပါရန် တင်ပြအပ် ပါကြောင်း၊ ပြည်ပချေးငွေစီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် ပြည်ထောင်စုလွှတ်တော်သို့ ၂ဝ၁၈ ခုနှစ်၊ မေလတွင် ပထမအကြိမ်အဖြစ် တင်ပြခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများအတွက် အကောင်အထည် ဖော်မှုများကို ယင်းသို့နှစ်စဉ်ရှင်းလင်းတင်ပြသင့်ပါ ကြောင်း။
ပြည်ပကြွေးမြီနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ကြွေးမြီဆိုင်ရာ ဆောင်ရွက်ချက်များဖြစ်သည့် စာချုပ် အသစ်ချုပ်ဆိုမှု၊ ချေးငွေထုတ်ယူသုံးစွဲမှု၊ ပြန်လည်ပေးဆပ်မှု အခြေအနေများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှစ၍ ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာများတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာများတွင် ပြည်ပ ချေးငွေအပေါ် အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်ကို ခန့်မှန်းရေးဆွဲဖော်ပြထားပါကြောင်း။
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ်မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချို ဆွေးနွေးခဲ့သည့် အတိုးမဲ့ချေးငွေ ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ပစ္စည်းကို ပြန်လည် ဝယ်ယူရခြင်းဖြစ်သဖြင့် အရည်အသွေးကောင်းမွန်ရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့သည် အရေးကြီးသည့်အချက်များ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ချေးငွေနှင့် ဆက်စပ်ဆောင်ရွက်သည့် Contract Agreement များ ချုပ်ဆိုရာတွင် အသေးစိတ်ဆွေးနွေး၍ မိမိနိုင်ငံအတွက် နစ်နာမှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လည်း သင့်လျော်မည့် သဘောထားမှတ်ချက်များပေးခြင်း ဖြင့် ကူညီဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲမည့် အထက် တန်း လူစီးရထားတွဲသစ် (၁၄)တွဲ၊ ရိုးရိုးတန်းလူစီးရထား တွဲသစ်(၁၄)တွဲ၊ စုစုပေါင်း လူစီးရထားတွဲ(၂၈) တွဲ ဝယ်ယူရေးစီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထံ မှ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈ဝ ရယူရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက် ရယူပေးနိုင် ပါရန် နာယကကြီးမှတစ်ဆင့် လေးစားစွာတင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၅ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေမဲ ၇ မဲဖြင့် ထောက်ခံ မဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဒီဇင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment