Saturday, December 22, 2018

မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် ပျံသန်းပြေးဆွဲရန် ပြင်သစ်နိုင်ငံမှ လေယာဉ်သစ်ရောက်ရှိ

Image may contain: one or more people, people standing, airplane, sky and outdoor
ရန်ကုန် ဒီဇင်ဘာ ၂၁
မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် ပျံသန်းပြေးဆွဲရန် ပြင်သစ်နိုင်ငံမှ ရောက်ရှိလာသော ATR 72- 600 XY-AMMလေယာဉ်သစ်သည် ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။
အဆိုပါ လေယာဉ်သစ်သည် မြန်မာအမျိုးသား လေကြောင်း၏ ရှစ်စင်းမြောက် ATR 72-600 Series လေယာဉ်သစ်ဖြစ်ပြီး ခရီးသည်၇၂ ဦး တင်ဆောင်နိုင်ကာ လာမည့် ဒီဇင်ဘာ ၂၅ ရက်တွင် ရန်ကုန်မှ ပုသိမ်မြို့သို့ စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အတူ ညအချိန် များတွင်လည်း ယင်းလေယာဉ်ဖြင့် ရန်ကုန်မှ ညောင်ဦးမြို့သို့ ပျံသန်းမည့်ခရီးစဉ် စီစဉ်ထားကြာင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် မြန်မာ လေကြောင်းလိုင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ လေယာဉ်သစ်များ မှာယူကာ ပြည်တွင်း၊ ပြည်ပ ခရီးစဉ် များအား တိုးချဲ့ပျံသန်းပြေးဆွဲလျက်ရှိရာ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ပခရီးစဉ်တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ တစ်ပတ်သုံးရက်နှုန်းဖြင့် ခရီးစဉ် သစ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များကိုလည်း ဆက်လက်တိုးချဲ့ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ရောက်ရှိလာသော လေယာဉ်သစ်သည် ပြင်သစ်နိုင်ငံ ATRကုမ္ပဏီမှထုတ်လုပ်သော လေယာဉ်ဖြစ် ပြီး ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ သုံးညအိပ် လေးရက်ခရီး မောင်းနှင်ကာ ရောက်ရှိလာခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သစ် ရောက်ရှိလာခြင်း ကြိုဆိုပွဲအခမ်းအနားကို လေယာဉ်ဆိုက်ရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းHangar ၌ ပြုလုပ်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ကြသည်။
အေးမင်းသူ

No comments:

Post a Comment