Tuesday, December 25, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ပန္နက်တော်တင်မင်္ဂလာအခမ်းအနားတက်ရောက်





Image may contain: sky and outdoor
 နေပြည်တော် ဒီဇင်ဘာ ၂၄


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းဧရိယာ၌ ကျင်းပသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာပိုင်တိုင်ကို စက်ခလုတ်နှိပ်၍ စိုက်ထူပေးသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနား သို့ တက်ရောက်ရန် အခမ်းအနားကျင်းပမည့် ဒလမြို့နယ်ဆိပ်ကမ်းသို့ နံနက် ၈ နာရီ ၁ဝမိနစ်တွင် ရေယာဉ်ဖြင့် ရောက်ရှိလာရာ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်း ဖြစ်ပေါ်လာပုံ၊ တံတားအမျိုးအစားနှင့် တံတား တည်ဆောက်သည့်အတွက် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်
ယင်းနောက် ကိုရီးယားသမ္မတ နိုင်ငံ ဝါရင့်စီးပွားရေးအကြံပေးနှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌ Mr. Kim Hyun Chul က မြန်မာ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံက ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ပန္နက်တော်တင်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင် မောင်၊ ဦးဟန်ဇော် ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိန်မြအေး၊ အမျိုးသား လွှတ်တော် ပြည်တွင်း၊ ပြည်ပ အလုပ် သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H . E. Mr. Lee Sang Hwa တို့က သတ်မှတ်နေရာများတွင် ပန္နက်တော်တင် ပေးကြပြီး တွင်းတော်ဝန်းပေးကြသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
ယင်းနောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဝါရင့်စီးပွားရေး အကြံပေးနှင့် Presidential Committee On New Southern Policyဥက္ကဋ္ဌတို့က မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) မင်္ဂလာပိုင်တိုင်ကို စက်ခလုတ်နှိပ်၍ ပန္နက်တော်တင်ပေးကြ ပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေး ကြသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ ကိုရီးယားသမ္မတနိုင်ငံ ဝါရင့်စီးပွားရေး အကြံပေးနှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌ၊ ကိုရီးယားနိုင်ငံ သံအမတ် ကြီး H.E. Mr. Lee Sang Hwa တို့နှင့် လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တံတားပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ဒလဘက်ကမ်းမှ တံတား တည်ဆောက်မည့်နေရာကို ကြည့်ရှုသည်။
လေးလမ်းသွားတံတားဖြစ်
မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားအမျိုးအစားမှာ ကြိုးဆိုင်း တံတား (Cable Stayed Bridge)ဖြစ်ပြီး တံတားအရှည် ၆၁၄၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၁၆ဝ ဖြစ်ကာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန် ၇၅ တန်ရှိသည့် လေးလမ်းသွား တံတားဖြစ် ကြောင်း သိရသည်။
အဆိုပါ တံတားကို ကိုရီးယား သမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၄၁ သန်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ပိုမိုသွက်လက်မြန်ဆန်စွာစီးဆင်း
တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှတစ်ဆင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သို့ လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့် အဆိုပါ ဒေသများ၏ ကုန်စည်ကူးလူးဆက်ဆံမှု များ ပိုမိုသွက်လက်မြန်ဆန်စွာ စီးဆင်းနိုင် မည်ဖြစ်ပြီး ရန်ကုန်မြို့ အနောက်ခြမ်း ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ လည်း ဆူကြုံနိမ့်မြင့်ကွာဟမှုများ ပိုမို နည်းပါးသွားမည်ဖြစ်သည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံ၏ ဝါရင့်စီးပွားရေးအကြံပေးနှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌ Mr. Kim Hyun Chul၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တံတားစီမံကိန်းတွင် ပါဝင်ကြမည့် ကိုရီးယား သမ္မတနိုင်ငံမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment