Thursday, December 27, 2018

ရေစကြိုကျွန်းပေါ်ရှိ ကျေးရွာများအနက်မှ ပထမဦးစွာ ကျေးရွာရှစ်ရွာ မီးလင်းရေးဆောင်ရွက်ပေးမည်





 နေပြည်တော် ဒီဇင်ဘာ ၂၆



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ဒီဇင်ဘာ၂၄ ရက် ညနေပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပခုက္ကူ ခရိုင် ရေစကြိုမြို့နယ် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ရေစကြိုကျွန်းသို့ သွားရောက်ကြပြီး ကျေးရွာများနေ ပြည်သူ များနှင့် တွေ့ဆုံကာ လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးရန် ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သောနည်းပညာအကူအညီပေးခြင်း၊ စိုက်ကွင်းများကို အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ် ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာပြီး ၁ဝ နှစ်တာကာလအတွင်း လျှပ်စစ်မီးရရှိရေးစီမံကိန်း များတွင် မပါဝင်သေးသည့်ကျေးရွာများ လျှပ်စစ်မီးရရှိအသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အသေးစား လျှပ်စစ်မီးရရှိရေးစီမံကိန်းအရ ဒေသမီးလင်းရေး ဆောင်ရွက် ပေးမည့် အခြေအနေများနှင့် လျှပ်စစ်မီးရရှိပါက အသေးစား ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ရေစကြိုကျွန်းပေါ်တွင် ကျေးရွာ ၄၃ ရွာ ရှိသည့်အနက် ပထမအဆင့်စီမံကိန်းအရ အရှေ့ပိုင်းကျွန်းရွာများဖြစ်သည့် ငတရော်၊ မြေတော်၊ သပြေပင်၊ ဘိစပ်ကုန်း၊ ကိုင်း၊ မြေစွန်း၊ ညောင်မွှေး၊ ဆည်သစ်မြင်ကျေးရွာ ရှစ်ရွာတို့တွင်၂၈၈ ကီလိုဝပ် ဆိုလာစနစ်နှင့် အရန်မီးစက် ၁၆ဝ ကီလိုဝပ် ဒီဇယ်အင်ဂျင်တို့ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ အိမ်ခြေ ၁၄၄၂ လုံး၊ လုပ်ငန်းသုံး ၆၆ ဦးနှင့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်းတို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့်စီမံကိန်းအတွက် ကျေးရွာ ၁၂ ရွာတွင် ဆက်လက် ဆောင်ရွက်ရန် လျာထားကာ တစ်ကျွန်းလုံးမီးလင်းရေးအတွက် ကျန်ရှိသော ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွား ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေစကြို မြို့နယ် မင်းကန်မြစိမ်းရောင်ရွာတွင် ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး စနစ်အရလုပ်ကိုင်နေကြသော သဲကျောက်အလှဆင် ကုန်ထုတ်လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး ကျေးရွာအနီးရှိ သဲကျောက်တောင်မှ သဲကျောက်များကို အသုံးပြု၍ ကျောက်ပျဉ်၊ ကျောက်စားပွဲ၊ ကြိတ်ဆုံ၊ ကျောက်မီးဖို၊ ကျောက်ငရုတ်ဆုံ၊ ကျောက်မီးအိမ်၊ ကျောက်ရေအိုးများ ထုဆစ်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒေသနေပြည်သူများ၏ တင်ပြတောင်းဆိုမှုအရ သောက်သုံးရေအခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် လိုအပ်လျက်ရှိသောစက်ရေတွင်း၊ ရေစင်၊ ရေပိုက်များ တပ်ဆင် ပေးနိုင်ရေးနှင့် မူလရှိပြီးရေကန် ပြန်လည်ဆယ်ယူမွမ်းမံရေး လိုအပ်ချက်များကို အမြန်ဖြည့်ဆည်းဆောင်ရွက်ရန် တာဝန်ရှိသူ များကို မှာကြားပြီး မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေးအတွက် မျိုးနှင့် နည်းပညာများကူညီဖြည့်ဆည်း ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment