Wednesday, December 26, 2018

ဆိပ်ဖြူမြို့ နယ် ထိန်ကန်ကျေးရွာတွင် စက်ရေတွင်း၊ ရေကန်၊ ရေစင် ဆောက်လုပ်လှူဒါန်း၊ ကျေးရွာကျန်းမာရေးဆေးခန်းဖွင့်





 နေပြည်တော် ဒီဇင်ဘာ ၂၅



 ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်ပြီး စေတနာရှင်များ စုပေါင်း ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော စေတနာ ''မျှဝေခြင်း'' အစီအစဉ်မှ ဆိပ်ဖြူမြို့နယ် ထိန်ကန်ကျေးရွာအတွက် စက်ရေတွင်း၊ ရေကန်၊ ရေစင်နှင့်ရေစက်များ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ သည်။
အဆိုပါ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဇနီးဒေါ်ခင်သီတာ၊ မကွေးတိုင်းဒေသကြီး စိုက်၊ မွေး၊ ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင် မိသားစုများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဇနီးဒေါ်ခင်သီတာတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်လှူဒါန်းပြီး ကျေးလက်ကျန်းမာရေးဆေးပေးခန်း အဆောက်အအုံဆောက်လုပ်ခြင်းအတွက် စေတနာရှင်အလှူရှင် မိသားစုများက အလှူငွေများ လှူဒါန်းကြသည်။
ဆက်လက်၍ စက်ရေတွင်း၊ ရေစင်၊ မီးစက်စသော ဥဒကဒါနရေအလှူတော် လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ယင်းနောက် ကျေးလက် ကျန်းမာရေး ဆေးပေးခန်း အားဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဆေးပေးခန်း အဆောက်အအုံ မင်္ဂလာကမ္ပည်းမော်ကွန်းကျောက်စာတိုင် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေးတို့က ဝမ်းမြောက်ဂုဏ်ပြုစကားများ ပြောကြား ကြပြီး ကျေးရွာကိုယ်စားလှယ်က ကျေးဇူးတင်စကားပြောကြားသည်။
ယနေ့လှူဒါန်းသော စက်ရေတွင်း၊ ရေစင် ၊ ရေကန်သည် ကျေးရွာအတွက် သောက်သုံးရေသာမက အသောကသီတဂူဆရာတော် အရှင်သိရီဒတ္တာလင်္ကာရ ဦးဆောင်ဖွင့်လှစ်သော ''အနာမယ'' ကုသိုလ်ဖြစ် ကျေးလက်ကျန်းမာရေးဆေးခန်း အတွက်ပါ အသုံးပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ ဆေးပေးခန်းသည် ထိန်ကန်၊ ခတက်ကုန်း၊ တမာချောင် စသည့် ကျေးရွာများရှိ ရွာသူ၊ ရွာသားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးပေးခန်းအတွင်းဆရာဝန်ကြီးများ၏ ဆေးကုသပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သက်ကြီးဘိုးဘွားများအား ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment