Tuesday, December 25, 2018

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး





Image may contain: one or more people, people standing and outdoor
 မြန်အောင် ဒီဇင်ဘာ ၂၄


 

 မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ အကြိမ် (၄ဝ)မြောက် ကျန်းမာရေးအလှူတော် အခမဲ့ဆေးကုသမှု ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်း ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ဖွင့်ပွဲခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် မြန်အောင်မြို့နယ်သူ၊ မြို့နယ်သား များ၏ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူ လူထုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့နှင့်ပူးပေါင်း၍ ငွေကြေး မတတ်နိုင်သည့် ပြည်သူများ၊ ငွေကြေးတတ်နိုင်သော်လည်း ရောဂါအမျိုးမျိုးကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ကဲ့သို့ သော မြို့ကြီးများသို့ သွားရောက်မကုသနိုင်သည့် ပြည်သူများ အား ကျန်းမာရေးအတွက် ငွေကြေးကုန်ကျမှုမရှိစေဘဲ အချိန် ကုန်သက်သာစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ကျန်းမာရေးအလှူတော် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လက်ခံရယူ
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်အောင်မြို့ ဆေးကုသရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စေတနာရှင်များ လှူဒါန်းသည့် ငွေကျပ် ၅၁၂ သိန်းကို လက်ခံရယူကာ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းသည့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူ ခဲ့ပြီး မြို့မိမြို့ဖ ဦးအောင်သိန်းက ကျေးဇူးတင်စကား ပြောကြား သည်။
အခမဲ့လှူဒါန်း
ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်ထိ သုံးရက်တိုင် မြန်အောင်မြို့နယ်အတွင်းရှိ ပြည်သူများအား မျက်စိရောဂါ၊ အထွေထွေ၊ ကလေး၊ သွားနှင့် ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအကြော၊ အထွေထွေ ခွဲစိတ်၊ သားဖွားနှင့်မီးယပ်၊ အရေပြား စသည့်ရောဂါများကို ရောဂါကုဌာနတစ်ခုတွင် တစ်နေ့လျှင် ကုသသူဦးရေ ၈ဝဝ နှုန်း ခန့်ဖြင့် ကုသသွားမည်ဖြစ်ပြီး ဆေးကုသမှုခံယူသူများအား နေ့လယ်စာထမင်းဟင်းများ ကျွေးမွေးခြင်းနှင့် ဆေးဝါးများ ကိုလည်း အခမဲ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment