Monday, December 24, 2018

ငြိမ်းချမ်းခြင်းမေတ္တာအစစ်နှင့် ဒီမိုကရေစီ

Image may contain: 4 people, people on stage and people sitting

အညတြ
တစ်ဖက်နှင့်တစ်ဖက် မေတ္တာဓာတ်ထားနိုင်ခြင်းသည် စစ်မှန်သောဒီမိုကရေစီဝါဒ ဟု နိုင်ငံရေးသမားဟောင်းကြီးများက ဆိုကြသည်။ ယင်းအဆိုမှန်လျှင် စစ်မှန် သော ဒီမိုကရေစီဝါဒသည် မေတ္တာထားနိုင်ခြင်းကို ဖြစ်စေသည်။ မေတ္တာ ထားခြင်းသည် ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယနေ့ဖော်ဆောင် နေသော ဒီမိုကရေစီခရီးလမ်းမှာ မေတ္တာတရားကိုအခြေခံသည်။ လွတ်လပ်စွာ သဘောကွဲလွဲခြင်း၊ လွတ်လပ်စွာ ဝေဖန်ခြင်းတို့ကို ခံနိုင်ရည်ရှိသည်မှာ စစ်မှန် သော ဒီမိုကရေစီစနစ်ပင် ဖြစ်သည်။ ခံနိုင်ရည်ရှိခြင်းသည် သည်းခံခြင်းဖြစ်ပြီး မေတ္တာစစ်စစ်ပင် ဖြစ်သည်။
ဤကမ္ဘာလောကတွင် သက်ရှိသတ္တဝါ မှန်သမျှတို့၏ အဇ္ဈတ္တ၌ လောဘ၊ ဒေါသ၊ မောဟတို့ ခိုအောင်းပိတ်ဖုံးနေသည်။ ထိုသုံးခုတို့ အစွမ်းကုန်တန်ခိုးပြ သောအခါ ဘေးအန္တရာယ်တို့ ကျရောက်လာသည်။ ကမ္ဘာပေါ်တွင် ထိုသုံးခု ကြောင့် ကမ္ဘာစစ်မီးသာမက ပြည်တွင်းစစ်မီးပါ လောင်မြိုက်ခဲ့သည်။ စစ်ကြောင့် လူသတ္တဝါတို့ အတုံးအရုံး သေကျေပျက်စီးဆုံးရှုံးရသည်။ စစ်ဘေးဒုက္ခသင့်ရ သည်။ စစ်မီးတောက်အောင် လောင်မြိုက်နိုင်သည့် လောဘ၊ ဒေါသမှဖြစ်ပေါ် လာသည့် လက်နက်များသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။
သေကျေပျက်စီး
မြန်မာနိုင်ငံသည် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့နှင့်ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ကြသည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တို့ကို တော်လှန်ကြသည်။ ငါးလကျော်၊ ခြောက်လကြာ တော်လှန်ပြီးနောက် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့သည်။ တော်လှန်ရေးကာလတွင် နှစ်ဖက် ထိခိုက် သေကျေပျက်စီးဆုံးရှုံးခဲ့ရသည်။ တော်လှန်ရေးတွင် ကျူးကျော်လာမည့်ရန်သူတို့ ကိုတိုက်ခိုက်ခြင်းဖြင့် သေဆုံးပျက်စီးရသူတို့အတွက် ဝမ်းမနည်းမိခဲ့။ ဝမ်းလည်း မသာမိခဲ့။ စစ်ကြောင့် ရင်ဆိုင်ကြုံတွေ့ရသူများဟုသာ ရှုမြင်ကြသည်။
စစ်ကြီးပြီးဆုံးသွားသော် မြန်မာနိုင်ငံတွင် အမွေအနှစ်များစွာ ကျန်ခဲ့ သည်။ ထိုအမွေအနှစ်များမှာ တန်ဖိုးရှိသော အမွေအနှစ်များမဟုတ်။ အချင်းချင်းသတ်ကြ၊ ဖြတ်ကြသော အမွေအနှစ်များ၊ အချင်းချင်းသတ်နိုင်၊ ဖြတ်နိုင်သော စစ်ကျန်လက်နက်များ၊ အချင်းချင်းစိတ်ဝမ်းကွဲပြားကြသော အမွေအနှစ်များ ကျန်ခဲ့သည်။ စစ်အတွင်းက လူမျိုးမတူ၊ နိုင်ငံမတူသူတို့ကို တိုက်ရ၊ ခိုက်ရ၍ ရန်သူ၊ ရန်ဘက်များ သေကျေပျက်စီးခြင်းကို ဝမ်းမနည်းခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ စစ်၏အနိဋ္ဌာရုံများ၊ ဆိုးကျိုးများကို သံဝေဂယူဖွယ်သာ ရှိသည်။
ဝမ်းနည်းကြေကွဲ
စစ်ကြီးပြီးဆုံး၍ လွတ်လပ်ရေးရရန် အတူလက်တွဲကြိုးပမ်းခဲ့ကြသူများ၊ တိုင်းရင်းသားညီအစ်ကိုများ။ လွတ်လပ်ရေးရပြီး သုံးလပင်မကြာ စစ်ကျန် လက်နက်များဖြင့် ညီအစ်ကိုအချင်းချင်း တိုက်ကြ၊ ခိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြ ၍ သေကျေပျက်စီးရ၊ ဆင်းရဲဒုက္ခရောက်ကြရ။ ထိုအဖြစ်များသည် ဝမ်းနည်း ကြေကွဲစရာများသာဖြစ်သည်။ မြန်မာတို့၏လူမှုဘဝတွင် ညီအစ်ကိုအချင်းချင်း စကားများရန်ဖြစ်လျှင် ကြာကြာရန်မဖြစ်နိုင်ဟု ဆိုသည်။ စကားများရန်ဖြစ် ပြီးလျှင် ပြန်ခေါ်ကြစမြဲဖြစ်သည်။ ထိုညီအစ်ကို စကားများရန်ဖြစ်သည့် ဥပမာသည် ပုံပြင်ပမာသာဖြစ်သည်။ ယခုစကားများ ရန်ဖြစ်ကြသည်မှာ နှစ် ၇ဝ ကျော်ကြာပြီ။ ယုံကြည်မှုပျက်ပြားခြင်း၊ သံသယပွားခြင်း အမွေဆိုးမှာ ကြောက်မက်ဖွယ်ကောင်းလေစွ။ ဒေါသ၊ မောဟဖုံးလွှမ်းမှုများကို သင်ခန်းစာ ယူကာ အဆုံးသတ်သင့်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတည်းဟူသော ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ တိုင်းပြည်သည် တိုင်းရင်းသားလူမျိုးများ နေထိုင်ကြရာတွင် တစ်မြေတည်းနေ တစ်ရေတည်းသောက်သည့် ညီအစ်ကိုမောင်နှမအရင်းသဖွယ် နေထိုင်ခဲ့ကြ သည်။ ရှေးအစဉ်အလာအရမတည့်လျှင်ခဏ အတူပြန်လည်လက်တွဲ နေထိုင် ခဲ့ကြသည်။ နယ်ချဲ့လက်အောက်ရောက်ပြီးကာမှ၊ လွတ်လပ်ရေးရပြီးကာမှ မသင့်မမြတ်ဖြစ်ကြသည်ကို ပြန်လည်ဆန်းစစ်သင့်ကြသည်။ ယခုအခါ ဒီမို ကရေစီ အစစ်အမှန်ကို ဖော်ဆောင်နေပြီဖြစ်သည်။ ဒီမိုကရေစီအစစ်အမှန် ကို လိုက်နာကျင့်သုံးရန်ဖြစ်ပါက ငါသာမှန်သည်ဟု ဝါဒထားရှိရမည် မဟုတ် ချေ။ ဒီမိုကရေစီ၏ အနှစ်သာရတွင်ပါဝင်သည့် မေတ္တာတရားဖြင့် ချဉ်းကပ်သင့် သည်။
ငြိမ်းချမ်းရေးတည်ဆောက်
ဒီမိုကရေစီသည် သည်းခံခြင်း၊ ခံနိုင်ခြင်း၊ မျှဝေခြင်း၊ ပေးဆပ်ခြင်းဖြစ်သည်။ ထို့ကြောင့် မေတ္တာတရားဟု ဆိုလောက်သည်။ ငါဆိုသည့် အတ္တများကို ခဝါချ ၍ နှစ်ဖက်အမြင်ဖြင့် နှစ်ဖက်တွေးကြည့်ရမည်။ ယနေ့ နှစ်ဖက်အတွေးတွေးဖို့ လမ်းဖွင့်ပေးလိုက်သည်။ ရန်သတ္တရုကိုကားလိပ်ချ၍ မေတ္တာကားလိပ်ဖွင့်လှစ် လိုက်သည်။ စစ်မှန်သောဒီမိုကရေစီလမ်းကို ညွှန်းပြပေးလိုက်သည်။ စစ်မှန် သော ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ပေးလိုက်သည်။ ငြိမ်းချမ်းရေးဇာတ်အိမ် ကို တည်ဆောက်ပေးလိုက်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်လျှင် ငြိမ်းချမ်းရေးကို တည်ဆောက်ရမည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ဒီမိုကရေစီကို ဖော်ဆောင်ရမည်။ ဒီမိုကရေစီသည် ငြိမ်းချမ်းရေးကိုမေတ္တာဖြင့် ဆောင်ကြဉ်း သည်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့သည် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူ ပြည်သားအပေါင်းတို့အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်။
အပစ်အခတ်ရပ်စဲ
မေတ္တာဖြင့်သာ ရပ်တန့်နိုင်ဖွယ်ရှိသော ရန်စစ်ကို လက်တွေ့ရပ်ဆိုင်းကြောင်း ကြားသိရသည်။ သေကျေပျက်စီးခြင်းမှ ကင်းဝေးစေသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းသည် မင်္ဂလာရှိသော သတင်းစကားပင်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် MNTJP ၊ PSLF၊ ULA တို့က စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာ ရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
ထိုသို့ ထုတ်ပြန်ပြီး ၉ ရက်အကြာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်ဟု အသိပေးထုတ်ပြန်ခဲ့ သည်။ ထိုတိုင်းရင်းသားနယ်မြေဒေသများတွင် ထိုနေ့မှစ၍ လေးလနှင့် ၁ဝ ရက်ကြာ သေနတ်သံများ ဆိတ်သုဉ်းတော့မည်ဖြစ်သည်။
မေတ္တာစစ်နှင့်ဒီမိုကရေစီ
အစောပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ လက်မှတ်ရေးထိုးပြန်သည်။ ယခု သုံးဖွဲ့ သေနတ်သံ ဆိတ်သုဉ်းရေးအတွက် ထပ်မံပြင်ဆင်နေသည်။ ထိုဒေသများတွင် သေနတ်သံ ဆိတ်သုဉ်းသွားသဖြင့် လူသာဓု၊ နတ်သာဓု၊ သတ္တဝါအားလုံး သာဓုခေါ်ကြမည်ဖြစ်သည်။ မေတ္တာဓာတ်ကြောင့် ဘေးရန်ခပ်သိမ်းကင်းငြိမ်း မည်။ ဒုက္ခခပ်သိမ်းကင်းဝေးမည်။ မည်မျှ စိတ်ချမ်းသာစရာကောင်းသနည်း။ သို့သော် ရပ်ဆိုင်းမှုမှာ ခေတ္တလည်းဖြစ်နိုင်သည်။ ထာဝရရပ်ဆိုင်းသွားရေးဆက်လက်ကြိုးပမ်းရပေဦးမည်။ ထာဝရရပ်ဆိုင်းလိမ့်မည်ဟုလည်း မျှော်လင့်မိ သည်။
ယနေ့ကာလသည် မြန်မာနိုင်ငံအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယဖြစ်သည်။ လွတ်လပ်ရေးနေ့ အခါသမယတွင် သေနတ်သံများ ဆိတ်သုဉ်းခြင်းသည် ငြိမ်းချမ်းခြင်း၏ ခြေလှမ်းအစ၊ လွတ်လပ်ခြင်း၏ အနှစ်သာရကို ဖော်ညွှန်း လိုက်ခြင်းဖြစ်သည်။ လွတ်လပ်ရေးသည် ဒီမိုကရေစီကို ဖော်ဆောင်ခြင်း၊ ဒီမိုကရေစီသည် မေတ္တာဓာတ်ထားခြင်း၊ မေတ္တာဓာတ်သည် ငြိမ်းချမ်းခြင်းပင် ဖြစ်သည်။
ကျွန်ုပ်တို့ မျက်မှောက်ကာလတွင် စစ်ပွဲတွေရပ်ကြဟုြေ<ွကးကြော်သံ များ ကြားလေ့ရှိပါသည်။ ရန်စစ်ဟူသည် နှစ်ဖက်ရှိ၍ နှစ်ဖက်ရပ်ကြမှသာ သေနတ်သံစဲမည်။ တစ်ဖက်တည်းရပ်ရန်ြေ<ွကးကြော်နေ၍မရ။ တစ်ဖက်တည်း ရပ်ခိုင်းနေ၍လည်း ပြီးမည်မဟုတ်ချေ။ ယခုစစ်ပွဲများ ရပ်ဆိုင်းရေးအားစတင် နိုင်ရေးကို ဒိဋ္ဌဓမ္မမြင်တွေ့ရပြီ။ ပြည်သူအများစိတ်ချမ်းသာမည်။ မေတ္တာဓာတ် များလွှမ်းခြုံမည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာမည်ဟု မျှော်လင့်မိပါ သည်။ ။

No comments:

Post a Comment