Sunday, December 30, 2018

ဗန်ကောက်မြို့ ဆာနမ်လွန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်ကူးအကြိုဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကျင်းပ


Image may contain: 17 people

ရန်ကုန် ဒီဇင်ဘာ ၂၉
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်ကူး ဆုတောင်းမေတ္တာ ပို့သခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဆာနမ်လွန်မင်္ဂလာ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီး ၁၆ ပါးနှင့် ဗဟိုဝန်ဆောင်ဆရာတော်များ၊ တိပိဋကဆရာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သံဃနာယက ဆရာတော်များ အပါအဝင် သံဃာတော် စုစုပေါင်း ၃၁ ပါးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အပါအဝင် လူပုဂ္ဂိုလ် ၂၆ ဦး တက်ရောက် ခဲ့ကြသည်။
ဝတ်ပြုဆုတောင်းခြင်းပြုလုပ်မည်
နှစ်သစ်အကြို ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဆာနမ်လွန် မင်္ဂလာခန်းမတွင် ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းအထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှ စတင်ကာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်များက နှစ်သစ်ကူးအကြို ဝတ်ပြုဆုတောင်းခြင်း ကို ပြုလုပ်သွားမည်ဖြစ်သည်။
လှူဒါန်းခဲ့
နှစ်သစ် အကြိုဆုတောင်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဗဟို (ဥက္ကဋ္ဌ)ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက ကုန်ကျစရိတ်များကို ကျခံလှူဒါန်း ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် ၂ဝ၁၇ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းခဲ့ပြီးဖြစ်သည့် နှစ်သစ်ကူး ဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့ မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ ဇမ္ဗူဥသျှောင် မြတ်ဘုန်းခေါင် ဓာတ်ပေါင်းစုံစေတီတော်တွင် နိုင်ငံပေါင်းစုံမှ သံဃာတော်များကို ပင့်ဖိတ်ကာ နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကို Asian Buddhist Community ( ABC) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းတို့မှ ပူးပေါင်းကာ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment