Wednesday, November 7, 2018

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

Image may contain: 3 people, people smiling, people sitting and indoor
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြပြီး ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၏ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်၎င်းတို့၏ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့မဟာဗိမာန် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။
ပရိတ်တရားတော်များနာယူ
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များ ကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိအား ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
အမျှပေးဝေ
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ကထိန်အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်။ ယနေ့ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေကျပ် စုစုပေါင်း ၈၅၃၃၉၉၅ဝ တို့ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment