Tuesday, November 6, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Image may contain: 1 person, sitting and indoor
နေပြည်တော် နိုဝင်ဘာ ၅
ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်း အဝေး (6th ASEAN Coordinating Committee on Micro, Small and Medium Enterprises - 6th ACCMSME Meeting) နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချို နှင့် ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးအောင်လှထွန်း၊ု ဦးလှကျော်၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ Mr. Lor Sathya၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
တိုးချဲ့ဖွဲ့စည်း
အခမ်းအနားတွင် ဒုတိယသမ္မတက ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေး (6th ACCMSME)နှင့် ဆက်စပ် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူ မိပါကြောင်း။
အာဆီယံ အငယ်စားနှင့် အလတ်စား အေဂျင်စီလုပ်ငန်းအဖွဲ့ (ASEAN SME Agency Working Group -SMEWG)ကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ခဲ့ရာ အသေးစားစီးပွားရေးလုပ်ငန်း (micro)များ ပါဝင်လာနိုင်ရေးနှင့် အခြား ASEAN Working Groupများနှင့် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင် ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ်တွင် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ( ACCMSME )အဖြစ် အမည်ပြောင်းလဲ တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီအနေဖြင့် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises – MSME) ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ''အာဆီယံ ၂ဝ၁၆- ၂ဝ၂၅ မဟာဗျူဟာမြောက် လက်တွေ့ကျသည့်လုပ်ငန်းစဉ်'' ကို ရေးဆွဲနိုင်ခဲ့ သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
ယနေ့ကျင်းပသည့် အစည်းအဝေးသည် အာဆီယံဒေသတွင်းMSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့်အစည်းအဝေး ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းMSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအတွက် ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် (၅)ရပ်မှာ ထုတ်လုပ်နိုင်မှုစွမ်းရည်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့ကို မြှင့်တင်ရန်၊ ငွေကြေးအရင်းအနှီးရရှိစေရေး ပံ့ပိုးကူညီရန်၊ ဈေးကွက်ချဲ့ထွင်ရန်နှင့် နိုင်ငံ တကာအဆင့်အထိ တက်လှမ်းနိုင်ရန်၊ လိုအပ်သည့် မူဝါဒ၊ ဥပဒေမူဘောင်များ ထိန်းကျောင်းသွားရန်နှင့် စွန့်ဦးတီထွင်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို အားပေးရန်တို့ ဖြစ်ပါကြောင်း။
နယ်မြေကျယ်ပြန့်ကြီးမား
အဆိုပါလုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ရည်မှန်းထားသည့်ရလဒ်များရရှိရေး အကောင်အထည်ဖော်ရာတွင် တိုင်းတာရမည့် အဓိကသော့ချက်မှတ်တိုင် (Key Performance Indicators) များရှိပါကြောင်း၊ အဆိုပါသော့ချက်မှတ်တိုင် များကို အသုံးပြု၍ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် နယ်မြေကျယ်ပြန့်ကြီးမားသည့် အသိုက်အဝန်းတစ်ခုဖြစ်ပါ ကြောင်း၊ တစ်ခုတည်းသော အာဆီယံဒေသအတွင်းတွင် လုံခြုံရေးနှင့် တည်ငြိမ် မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ ဘက်ပေါင်းစုံတိုးတက်မှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အာဆီယံအသိုက်အဝန်း ဖြစ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။
အာဆီယံMSME များတွင် ဦးစားပေးကဏ္ဍ ၁၂ ခုရှိပါကြောင်း၊ အဆိုပါကဏ္ဍများမှ ခုနစ်ခုသည် ကုန်ပစ္စည်းထုတ်လုပ်သည့် ကဏ္ဍများဖြစ်ပြီး ကျန် ငါးခုမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း၊MSME များတွင် ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်သည့်ကဏ္ဍ၊ သစ်ထုတ်ကုန်များကဏ္ဍနှင့် ငါးမွေးမြူရေး ဆိုင်ရာကဏ္ဍများ အများဆုံးပါဝင်နေသည်ကို တွေ့ရပါကြောင်း။
ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍများရှိMSMEများအကြား အနာဂတ်ဈေးကွက် ချဲ့ထွင်ရန်နှင့် Supply Linkage များအပါ အဝင် အခြားအခွင့်အရေးများဖြစ်သည့် သတင်းအချက်အလက်ရင်းမြစ်များရရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင်း MSME ကဏ္ဍများ အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာအကန့်အသတ်များ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ဈေးကွက်အခြေအနေများအရ အခြားစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ သည့်အပြင် သတင်းအချက်အလက်မလုံလောက်မှု၊ အသိအမှတ်ပြု အဆင့် အတန်းအရ လုံလောက်သည့် စွမ်းရည်မရှိမှု၊ စီးပွားရေးနှင့် မူဝါဒဆိုင်ရာများတွင် ပိုမိုပါဝင်မှုစသည့် အခက်အခဲပြဿနာများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါ ကြောင်း။
တီထွင်ဆန်းသစ်မှုများ ဖန်တီး
အဆိုပါ ''အခက်အခဲ၊ ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံ ဒေသတွင်းပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်း များ၏ ပူးပေါင်း ကူညီပံ့ပိုးမှုကိုရယူပြီး ဆောင်ရွက်သွားကြရမည်''ဖြစ်ပါ ကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ MSME များ ချောမွေ့စွာချိတ်ဆက် ပေးနိုင်ရေးအတွက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ အာဆီယံ ဒေသတွင်း နိုင်ငံများသည် တစ်နိုင်ငံချင်းအလိုက် ရေမြေအနေအထား၊ မြေမျက်နှာသွင်ပြင် နှင့် သဘာဝသယံဇာတပိုင်ဆိုင်မှုများ ကွာခြားပါကြောင်း၊ အဆိုပါပိုင်ဆိုင်မှုကွာခြားမှုများကို အားသာချက်အဖြစ်အသုံးချပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက် နိုင်ရန် တိုးတက်သည့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးကြရမည်ဖြစ်ပါကြောင်း။
အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME)၏ လုပ်ငန်းဆောင်ရွက်မှု များကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်MSME ကဏ္ဍများနှင့်ပတ်သက်၍ အာဆီယံMSME ကဏ္ဍများ၏ ပုံမှန်အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို လေ့လာပြီး နိုင်ငံတွင်းရှိMSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးနိုင်ရေး၊ နည်းပညာရရှိနိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး၊MSME လုပ်ငန်းများကို ထိရောက်သည့် ဥပဒေမူဘောင်များဖြင့် အကာအကွယ်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအပိုင်းများတွင် ထိထိရောက်ရောက်ပံ့ပိုးပေး လျက်ရှိသည့်အပြင် နှစ်တိုနှစ်လတ် “Quick Win” ကဏ္ဍများကို ဆောင်ရွက် နေရုံသာမက ရေရှည်ဆောင်ရွက်ရမည့် ကဏ္ဍများကို Twin-Track လမ်းစဉ် ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဂုဏ်ယူဝမ်းမြောက်
ယနေ့ကာလသည် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလရောက်ရှိပြီဖြစ်၍ ၂ဝ၁၆-၂ဝ၂ဝPhase I ၏ ခရီးတစ်ဝက်ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းများအားလုံးကို အစည်းအဝေးတွင်ပြန်လည်သုံးသပ်ပြီး ရှေ့ နှစ်နှစ် တာကာလအတွက် တိကျသည့်လုပ်ငန်း အစီအစဉ်များ လျာထားရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ ဆောင်ရွက်ချက်များအနက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဝန်ဆောင်မှုဗဟိုဌာန (SME Service Centre)၊ အခွန်အခနှင့်ငွေကြေးဆိုင်ရာမက်လုံးပေးမှု အစီ အစဉ်များ (Tax and Financial Incentive Scheme)၊ ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)၊ အသေးစားလုပ်ငန်းများ ရေရှည်ရှင်သန် ရပ်တည်နိုင် ရေး (Sustainability of Micro Enterprises)များကို ဦးဆောင် ပြုလုပ်သော နိုင်ငံများ (Champion Countries)ဖြင့် ဦးဆောင် စတင်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါ ကြောင်း။
အထောက်အပံ့ပြုနိုင်မည်ဟု ယုံကြည်
ယခုကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး (6th ACCMSME)နှင့် ဆက်စပ်အစည်းအဝေးများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း MSME များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် အထောက် အပံ့ပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှားနှင့် OECD ၊ USAID ၊ GIZအစရှိသော မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျဥက္ကဋ္ဌ Mr. Lor Sathya ကအမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ဆက်လက်ကျင်းပ
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်၍ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များအချင်းချင်းMSME လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဂျာမနီနိုင်ငံGIZ နှင့်MSME လုပ်ငန်းများ တိုးမြှင့်ရေး စီမံကိန်းနှင့် ပတ်သက်၍လည်း ကောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးသုတေသန အဖွဲ့အစည်း (ERIA)၊ မြန်မာနိုင်ငံ သုတေသနအဖွဲ့အစည်း (MRI)တို့နှင့် ဒစ်ဂျစ်တယ် စီးပွားရေးစီမံကိန်းနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ(ASEAN BAC)နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် များအတွက် အာဆီယံ လမ်းညွှန်မှုအစီအစဉ်နှင့်ပတ်သက်၍လည်းကောင်း၊ အမေရိကန်-အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN BAC)နှင့် Online Academy တို့နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၉ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment