Thursday, November 8, 2018

ချောင်းသာကမ်းခြေ ခရီးသွားမြှင့်တင်ရေး ဈေးရောင်းပွဲတော် ကျင်းပမည်

Image may contain: one or more people, ocean, sky, beach, outdoor, nature and water
ချောင်းသာ နိုဝင်ဘာ ၇
ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာစေရန်နှင့် ချောင်းသာကမ်းခြေ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာ ကမ်းခြေတွင် ခရီးသွားမြှင့်တင်ရေး ဈေးရောင်းပွဲတော် ကို နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိထံ မှ သိရသည်။
''ချောင်းသာကမ်းခြေကို လာရောက်အပန်းဖြေတဲ့ ဧည့်သည်တွေက နေ့ခင်းဘက် ရေကူးပြီး ညပိုင်း အခန်းထဲ ဝင်အိပ်ရသလိုဖြစ်နေတဲ့အတွက် ခရီးသည်တွေ အပန်းပြေ စေဖို့အတွက်ရော၊ ခရီးသွားမြှင့်တင်ရေးအနေနဲ့ရော ရည်ရွယ်ပြီး လုပ်တာပါ။ နောက်ပိုင်း ဖျော်ဖြေရေးအစီအစဉ် တွေကို အပတ်စဉ် ညပိုင်းမှာ ထည့်သွင်းသွားဖို့ရှိပါတယ်''ဟု ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးအရာရှိ ဦးနိုင်အောင်က ပြောသည်။
ချောင်းသာကမ်းခြေတွင် ကျင်းပမည့် ခရီးသွား မြှင့်တင်ရေး ဈေးရောင်းပွဲတော်တွင် ဈေးဆိုင်ခန်း ပေါင်း ၁ဝဝ ကျော် ပါဝင်မည်ဖြစ်ပြီး ဒေသထွက် ပစ္စည်းများ၊ အစားအစာများ ရောင်းချသွားမည့် အပြင် ညပိုင်းတွင် နာမည်ကျော် တေးသံရှင် များက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ များကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းသာကမ်းခြေသည် ပုသိမ်မြို့နှင့် ၃၅ မိုင်အကွာတွင် တည်ရှိပြီး ပင်လယ်ကမ်းခြေ အပန်းဖြေဟိုတယ်ဇုန်ဒေသတစ်ခုအဖြစ် ၁၉၉၂ ခုနှစ်မှ စတင်ပေါ်ထွန်းခဲ့ကြောင်း၊ ကမ်းခြေမှာ ၁ ဒသမ ၅ မိုင်ခန့် ရှည်လျားပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အများဆုံးလာရောက်သည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ချောင်းသာကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် သုံးသိန်းခြောက်သောင်းကျော် ဝင်ရောက် ခဲ့ကြောင်း ချောင်းသာကမ်းခြေ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သတင်း- သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ- နေလင်း

No comments:

Post a Comment