Thursday, November 8, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

Image may contain: 2 people, people sitting, people standing and indoor
နေပြည်တော် နိုဝင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိHotel MAX ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးခင်မောင်တင်၊ ဦးလှမော်ဦးနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ဒုတိယသမ္မတက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ရှည်လျားသည့် သမိုင်းတစ်လျှောက် ခေတ်စနစ်များနှင့်မူဝါဒများ မည်သို့ ပြောင်းလဲသည်ဖြစ်စေ သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ဦးဆောင်မှုနှင့်အညီ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်ကို ဌာနနှစ်ပတ်လည်နေ့ အဖြစ်သတ်မှတ်ခဲ့ရာ ယနေ့ဆိုလျှင် အကြိမ်(၃ဝ)ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးတာဝန်များကို ထမ်းရွက်ခဲ့သည့် သက်တမ်းကာလမှာ နှစ်ပေါင်း (၁ဝဝ)ကျော် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ရည်မှန်းချက်ပန်းတိုင်များ
ယနေ့ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဦးစားပေး ရည်မှန်းချက်ပန်းတိုင်များဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ဦးစွာခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိမှသာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမတည် ဆောက်နိုင်လျှင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင် အောင်ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး အတွက် အမျိုးသားရင်ကြားစေ့ရေး တစ်နည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ကိုအခြေခံ၍ ယုံကြည်မှုတည်ဆောက်ကြရမည်ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို မူလအစစ်အမှန်တောင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့် တွင် ပါဝင်ဆောင်ရွက်နေကြသည်ဖြစ်သည့်အတွက် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာများကို တည်ဆဲဥပဒေများနှင့်အညီ တရားမျှတမှုရရှိအောင် စေတနာ၊ ကရုဏာနှင့် ကိုယ်ချင်းစာစိတ်အရင်းခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကိုင်တွယ်ဖြေရှင်းဆုံးဖြတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ် ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ရာတွင်ဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိတ်ပင်သလို မဖြစ်စေဘဲ အဆိုပါအခွင့်အရေးများကို နည်းမှန်လမ်းမှန်ဖြင့် ပြည်ထောင်စု၏ အကျိုးစီးပွား၊ လူမှုအဖွဲ့အစည်းများ၏ အကျိုးစီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်ရေးနှင့် ကူညီထိန်းကျောင်းပေးရေးအတွက်သာ ရည်ရွယ်လုပ်ဆောင် ရန် လိုအပ်ပါကြောင်း။
ပြည်သူ့ဝန်ဆောင်မှုရုံး ၃၁၆ ရုံး
ထို့ပြင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများကိုတားမြစ်ပြီး ထိရောက်သည့် ဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးရေး၊ ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရေးနှင့် တာဝန်ထမ်းဆောင်လျက်ရှိနေကြသည့် ဝန်ထမ်းများနှင့် ဦးစီးဌာနများအလိုက် အပြန်အလှန်ထိန်းကျောင်းမှုများပြုနိုင်ရေးကို ရည်ရွယ်၍ ပြည်သူ့အတွက် OSS ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် မြို့နယ်များ တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shops) ၃၁၆ ရုံးကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
ယခုကဲ့သို့ စုပေါင်းပါဝင်ထမ်းဆောင်မှုပုံစံဖြင့် ပြည်သူများကို ဝန်ဆောင်မှု ပေးခြင်းသည် ပြည်သူလူထုနှင့် ဝန်ထမ်းများအကြား နားလည်ယုံကြည်မှု တိုးတက်ခိုင်မာလာစေမည့် အခွင့်အလမ်းတစ်ခုဖြစ်သည့်အတွက် ပြည်သူများ အားကိုးယုံကြည်ရသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် မိမိတို့တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်း၊ အမှုထမ်းအားလုံးသည် အုပ်ချုပ်ရေးယန္တရား စနစ်တကျလည်ပတ် နိုင်ရေး စီမံခန့်ခွဲခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာ၍ လူနေမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးဟူသည့် ဌာန၏မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက် သည့်နေရာတွင် လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန် သိမှု၊ တာဝန်ရှိမှု ဟူသည့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် ဆန္ဒဂတိဟူသည့် မိမိချစ်ခင်သူဘက်မှ မျက်နှာ လိုက်၍ အမှားမှန်းသိလျက်ဖြင့် အမှန်ဟုဆုံးဖြတ်ခြင်း၊ ဒေါသဂတိဟူသည့် မိမိမုန်းသူဖြစ်သည့်အတွက် အမှန်ကိုအမှားဟုဆုံးဖြတ်ခြင်း၊ ဘယာဂတိဟူသည့် လာမည့်ဘေးကိုတွေးကြောက်၍ မိမိအားရန်ရှာနိုင်သူကို ဘက်လိုက်ဆုံးဖြတ် ခြင်း၊ မောဟဂတိဟူသည့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသည့် အတွက် အမှန်ကို အမှား၊ အမှားကို အမှန် ဆုံးဖြတ်ခြင်းစသည့် အဂတိ(၄)ပါးကို ရှောင်ကြဉ်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပပျောက်ရေး အတွက် မိမိတို့၏အတ္တများကိုရှေ့တန်းမတင်ဘဲ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တရားသဖြင့် ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အထူးတိုက်တွန်းလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်သည့်အပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် စံနမူနာပြဝန်ထမ်းများ ဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်တည်ဆောက်နေကြရမည်ဖြစ်ပါ ကြောင်း၊ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ပြည်သူများ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဆိုပါက အုပ်ချုပ်ရေးယန္တရားကို ပိုမိုယုံကြည်အားကိုးလာကြမည် ဖြစ်ပါကြောင်း။
တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးကြပါ၊ ပြည်သူလူထုကို ကိုယ်ချင်းစာ တရားနှင့် ရိုင်းပင်းကူညီဆောင်ရွက်သွားကြပြီး အရည်အသွေးပြည့်ဝသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်း လိုပါကြောင်း။
ရှောင်ရှား
ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ရေးရာဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် အမှန်တကယ် လက်တွေ့ပြောင်းလဲ လာရေး၊ ပြည်သူများကိုဦးစားပေးသည့် ကောင်းမွန်သောအပြောင်းအလဲများ ဖြစ်ထွန်းပေါ်ပေါက်လာရေး၊ ပြည်သူများအကြား မည်သို့သောအခက်အခဲများ ကြုံတွေ့နေကြရသည်၊ မည်သည်တို့ကို လိုလားတောင့်တနေကြသည် ဆိုသည် တို့ကို သိရှိနားလည်အောင်လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု အကြား နေထိုင်လုပ်ကိုင်ဆောင်ရွက်နေကြရသည့် ပြည်သူ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ ဂုဏ်သိက္ခာမြင့်မားသည့် အစိုးရယန္တရားတစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ညွှန်ကြားမှသာဆောင်ရွက်ခြင်း၊ မီဒီယာများထောက်ပြဝေဖန်မှသာ ဆောင်ရွက်ခြင်းစသည့်လုပ်ရပ်များကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါကြောင်း။
ပေးအပ်သည့်တာဝန်များကို ကိုယ်စီထမ်းဆောင်နေကြခြင်းဖြစ်သည့် အတွက် အဖွဲ့အစည်းကိုထိခိုက်ပျက်စီး၊ သွေးကွဲစေနိုင်သည့် ပြုမူပြောဆို နေထိုင်ဆောင်ရွက်မှုများကိုရှောင်ကြဉ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံတော်နှင့် ပြည်သူ လူထုကအားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည် သွားနိုင်အောင် စိတ်ဓာတ်ခွန်အားသစ်များမွေးမြူပြီး ပြည်သူနှင့်အတူ စုပေါင်း အင်အားဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု မှာကြားလိုပါကြောင်း ပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှုရုံးများမှ အကောင်းဆုံး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည့် ရုံး(၄)ရုံးကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုများပေးအပ်
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြည်သူ့ဝန်ဆောင်မှုရုံးအထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ၂ဝ၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ် မူဆယ်ခရိုင် မူဆယ်မြို့နယ် မုံးကိုးမြို့နှင့် ပန်ဆိုင်း(ကြူကုတ်)မြို့တို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဝင်ရောက်ပစ်ခတ် သည့် ဖြစ်စဉ်တွင် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအား ထိရောက်စွာ ကူညီဆောင်ရွက်ခဲ့သည့် စီမံခန့်ခွဲမှုထူးချွန်သော မြို့နယ်အုပ်ချုပ် ရေးမှူးများကို လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)တွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး/ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်ြ
မင့်မားရေး သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်၌ ဖွင့်လှစ်သည့် စာရေးဝန်ထမ်းအခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသူများကို လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းအကြိုသင်တန်းအမှတ်စဉ်(၄/၂ဝ၁၇) တွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေးဝန်ထမ်း အဆင့်(၂) လုပ်ငန်းအကြိုသင်တန်းအမှတ်စဉ် (၅/၂ဝ၁၇) တွင် ထူးချွန်ဆုရရှိကြသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)တွင် ဖွင့်လှစ်သော စီမံခန့်ခွဲရေး ဝန်ထမ်း အဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)တွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဖျော်ဖြေ
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်ညစာဖြင့် တည်ခင်းဧည့်ခံပြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများက ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး တို့က ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာ ရွှေလွှမ်းတို့က ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့် သည်။
သတင်းစဉ်

No comments:

Post a Comment