Thursday, November 1, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

Image may contain: 1 person, plant, flower, beard, indoor and outdoor
ရန်ကုန် အောက်တိုဘာ ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ်(၁) ( ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆေးတက္ကသိုလ်(၁) (ရန်ကုန် ) ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေး ထိုးသည်။
ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမှာစကားပြောကြားရာ၌ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအား မြန်မာနိုင်ငံတွင် စံပြဆေးရုံကြီးတစ်ခု ဖြစ်စေရေးအတွက် တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်း စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင်
လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး ၂ဝ၁၃ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း။
မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့စဉ်ကတည်းက ပါဝင်ခွင့်ရရှိခဲ့ခြင်းအပေါ် ဝမ်းမြောက်မိပါကြောင်း၊ ရှေးယခင်ကာလတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသည် တစ်တိုင်းပြည်လုံးမှ အားကိုး အားထားပြုရသော ဆေးရုံကြီးအဖြစ်ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ပံ့ပိုးမှုများအားနည်းခဲ့ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် အဆင့်အတန်း နိမ့်ကျခဲ့ရပါကြောင်း၊ မိမိတို့အစိုးရသစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလမှစ၍ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ကောင်းမွန်ပါက ပြည်သူများအနေဖြင့် ဆေးရုံ များတွင် လာရောက်ကုသမှုခံယူရန် လိုအပ်ချက်နည်းပါး သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆေးရုံများတွင် တက်ရောက် ကုသမှု ခံယူသူနည်းပါးလာခြင်းဖြင့် ဆေးရုံတက်လူနာ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ပြုစုကုသစောင့်ရှောက် မှုများ ပိုမိုတိကျအဆင့်မြင့်ကာ ပိုမိုပြည့်စုံစွာဖြင့် ကုသမှု ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း။
အခြေခံမှစ၍ ဂရုစိုက်ပြီးလုပ်ဆောင်နေ
လူတစ်ဦးတစ်ယောက်သည် ဆေးရုံမတက်ရောက်ရ ပါက အကောင်းဆုံး ဖြစ်ပါကြောင်း၊ ပြည်သူများနာမကျန်း ဖြစ်ပွားမှု နည်းပါးနိုင်သမျှနည်းပါးစေရန်နှင့် ဆေးရုံ တက်ရောက်ရသည့် ကျန်းမာရေးအခြေအနေအထိ မဖြစ် ပွားစေရန်အတွက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို အခြေခံမှစ၍ ဂရုစိုက်ပြီး မီးမောင်းထိုးလုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တာဝန်ရှိ သူများ၊ ဆရာကြီးများနှင့် ဝိုင်းဝန်းပံ့ပိုးပေးခဲ့သည့် ပညာရှင် များ၏ စွမ်းဆောင်ချက်များကြောင့် လတ်တလောနှစ်ကာလ များတွင် ပြည်သူများ အားကိုးအားထားအပြုရဆုံးဆေးရုံ ကြီးအဖြစ် ပြန်လည်ရောက်ရှိလာပြီဟု ဆိုနိုင်ပါကြောင်း။
သို့ရာတွင်လိုချင်သည့်အဆင့်အတန်းထိ မရောက်ရှိ သေးကြောင်းနှင့် အဘက်ဘက်မှ ပြန်လည်လုပ်ဆောင်ရန် လုပ်ငန်းများစွာရှိသေးပါကြောင်း၊ ဆေးရုံနှင့် ဆေးရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအပါအဝင် အများ ပြည်သူနှင့် သက်ဆိုင်သောနေရာများ သန့်ရှင်းသာယာ လှပရေးအတွက် စာသင်ကျောင်းများမှ စတင်၍ လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ ဆေးရုံဖွံ့ဖြိုး တိုးတက်ရေးစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင် အဆောက်အအုံ တစ်ခုချင်း သီးသန့်သာ ဆောင်ရွက်ရန်မဟုတ်ဘဲ အားလုံး ကို ခြုံငုံသုံးသပ်ပြီး ရေရှည်တွင် မည်ကဲ့သို့တိုးတက်မှု ပုံစံမျိုး ရရှိလိုသည်ကို စဉ်းစားပြီး ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ဆေးရုံဖွံ့ဖြိုးတိုးတက်ရေးတွင်သာမက နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ရေရှည်အမြင်ဖြင့် အဘက်ဘက်မှ စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အထူးကျေးဇူးတင်
မိမိအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတိုးချဲ့ပြုပြင် မွမ်းမံရေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြ သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ အစည်း အဝေးတက်ရောက်လာကြသူများအနေဖြင့် ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယခုထက်ပိုမို အရည်အသွေးနှင့် အဆင့် အတန်းမြင့်မားတိုးတက်စေရန်အတွက် ဆွေးနွေးချက် များနှင့် အကြံပြုချက်များကို ဆွေးနွေးကြစေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဌာနများတွင် ပြင်ပလူနာ လာရောက်ပြသကုသမှုသည် ၂ဝ၁၃ ခုနှစ်တွင် ၂၄၅၇၉ဝ ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ၄၄ဝ၂၃၁ ဦးဖြင့် လူနာဦးရေ နှစ်ဆခန့် မြင့်မားလာပါကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် အတွင်း လူနာ ၈၉၈၇၂ ဦး၊ ခွဲစိတ်ကုသလူနာ ၂၃၇၄၅ ဦး တက်ရောက်ကုသမှုခံယူခဲ့ပါကြောင်း၊ ထို့အပြင် ဆေးရုံ ကြီး၏ အဆောက်အအုံများ၊ ဌာနများမှာလည်း ယခင် တည်ဆောက်ခဲ့စဉ်က စနစ်ကျခြင်းမရှိမှုကြောင့် ဆက်စပ် အဆောက်အဦ/ဌာနများ တစ်နေရာနှင့် တစ်နေရာ အလှမ်း ဝေးနေပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ရှိပါကြောင်း။
ရေရှည်စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ
ထိုသို့များပြားသော လူနာများကို အရည်အသွေး ပြည့်ဝစွာ ပြုစုကုသမှုပေးနိုင်ရန်နှင့် အဆောက်အဦများ၊ ဌာနများ စနစ်တကျတည်ဆောက်ထားရှိနိုင်ရန်အတွက် ဆေးရုံကြီးကို တိုးချဲ့မွမ်းမံ ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်ရခြင်း ဖြစ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌ ချက်ချင်းဆောင်ရွက် နိုင်သည့် လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး အဆင့်လိုက် အပိုင်းလိုက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်း များကိုလည်း ရေရှည်စီမံကိန်းရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း။
ဆေးရုံပင်မအဆောက်အဦ ပြုပြင်မွမ်းမံတည်ဆောက် ခြင်း၊ နိုင်ငံတကာမှ ပါရဂူများ/ပါမောက္ခများက မြန်မာ နိုင်ငံတွင် လာရောက်သင်ကြားလေ့ကျင့်ပေးခြင်း၊ ဒစ်ဂျစ်တယ် စနစ်သုံး ဆေးမှတ်တမ်းစနစ်ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ဆေးဘွဲ့ကြိုသင်တန်းများတွင် ဘာသာရပ်ပေါင်းစုံ ပေါင်းစပ် သင်ကြားခြင်း စသည့်လုပ်ငန်းများကိုလည်းRangoon General Hospital Reinvigoration Charitable Trust (RGHR)အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း တင်ပြသည်။
ဆက်လက်၍ Rangoon General Hospital Reinvigoration Charitable Trust (RGHR)အဖွဲ့မှ Consultant Mr. Robin Cross က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရေရှည်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရေရှည် စီမံကိန်းဆိုင်ရာ အမျိုးသားအဆင့်စီမံခန့်ခွဲမှုကော်မတီ များဖွဲ့စည်း၍ ဆောင်ရွက်ပါက လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို လည်းကောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးအထောက်အကူပြုအဖွဲ့ နာယက ဒေါက်တာတင်မျိုးဝင်းက ဆေးရုံကြီးအတွင်း စည်းကမ်းမဲ့ ဝင်ရောက်ရောင်းချနေသော ဈေးသည်များ၊ စည်းကမ်းမဲ့ ဝင်ရောက် ရပ်နားသော အငှားယာဉ်များနှင့် ပတ်သက်၍ အဆင်ပြေစွာ ဖြေရှင်းရာတွင် ကူညီဆောင်ရွက်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြ သည်။
အကြံပြုဆွေးနွေး
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်မြင့် က ဆေးရုံကြီးရှိ ယခင်မူလအဆောက်အဦများနှင့် အသစ် ထပ်မံတည်ဆောက်မည့် အဆောက်အဦများ သဟဇာတ ရှိစေရေးကို အလေးထား ထည့်သွင်းဆောင်ရွက်ပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်းကို လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အပါအဝင် ဆေးရုံများနှင့် ကျန်းမာရေးဌာနများ ပြုပြင်မွမ်းမံထိန်းသိမ်းရာတွင် ဝန်ကြီးဌာနမှ အင်ဂျင်နီယာ ပညာရှင်များကို ပိုမိုတာဝန်ပေးအပ်ဆောင်ရွက်သင့်ကြောင်း ကိုလည်းကောင်း အကြံပြုဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ဌာနမှူးများက ရန်ကုန် ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအထောက်အကူပြု အဖွဲ့ဝင်များ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူ များ၊ Rangoon General Hospital Reinvigoration Charitable Trust (RGHR) နှင့် Article 25 အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment