Tuesday, October 23, 2018

စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများအား စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေး လက်မှတ်ရေးထိုး





 နေပြည်တော် အောက်တိုဘာ ၂၂




ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်း၊ ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများအား စီမံခန့်ခွဲခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် Private Port Operator ရွေးချယ်ခန့်ထားရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော် Hilton Hotel ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုး၊ ဦးသာဦးနှင့် ဌာနအကြီးအကဲများ၊ အိန္ဒိယနိုင်ငံပြည်ပရေးရာဌာန
Foreign Secretary H.E. Mr. Vijay Gokhale ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးH.E. Mr. Vikram Misri နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံအစိုးရကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် အိန္ဒိယနိုင်ငံအစိုးရကိုယ်စား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဌာန နိုင်ငံခြားရေးအတွင်းဝန် H.E. Mr. Vijay Gokhale တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုလက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာသည် ၂ဝဝ၈ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် နောက်ဆက်တွဲ အခြေပြစာချုပ်ငယ်(၃)ခုဖြစ်သည့် ဆောက်လုပ်ရေးနှင့် လုပ်ငန်း ဆောင်ရွက်ရေး မူဘောင်သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ပရိုတိုကောနှင့် ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ပရိုတိုကောများအရ ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်သည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးမည့်ကိစ္စအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂ဝ၁၈)က သဘောတူညီခဲ့ပြီး လည်း ဖြစ်သည်။
အကျိုးကျေးဇူးများ ရရှိမည်
နားလည်မှုစာချွန်လွှာ(MoU) အား လက်မှတ်ရေးထိုးနိုင်ခဲ့ သဖြင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူဖြစ်စေခြင်း၊ ဒေသခံ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော က္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ခြင်း စသောအကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment