Tuesday, October 23, 2018
ပြတိုက်ဆိုင်ရာရည်ညွှန်းစာကြည့်တိုက်ခေတ်မီရေးနှင့် ရှင်သန်ရေး ပူးပေါင်းကြပါစို့
မာလာအောင်(ယဉ်ကျေးမှု)
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ တည်တံ့ခိုင်မြဲစေရန် နှင့် ဆက်လက်ရှင်သန်စေရန် ဆောင်ရွက်နေသည့် အခန်းကဏ္ဍများအနက် တစ်ခန်း တစ်ကဏ္ဍအနေဖြင့် ပြတိုက်များ ဖွင့်လှစ်တည်ရှိနေခြင်းပင်ဖြစ်ပေသည်။ ပြတိုက်ဟုဆိုရာတွင် ပြသပစ္စည်းများကို အများပြည်သူ များ လေ့လာကြည့်ရှုနိုင်ရန်နှင့် ပြတိုက်ပစ္စည်းများကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရာနေရာ တစ်နေရာပင်ဖြစ်ပါသည်။ အထောက်အထားများဖြင့်သက်သေပြရာနေရာတစ်ခုဟူ၍လည်း ဆိုနိုင်ပါသည်။ ပြတိုက်များတွင် နိုင်ငံကိုယ်စားပြုသော အမျိုးသားပြတိုက်၊ တူးဖော်သည့်နေရာမှရရှိသော ရှေးဟောင်းပစ္စည်းများ ပြသရာ ရှေးဟောင်းသုတေသနပြတိုက်၊ လက်မှုအနုပညာ ပစ္စည်းများနှင့် ပန်းချီ၊ ပန်းပုတို့ပြသသည့် အနုပညာ ပြတိုက်၊ သိပ္ပံဆိုင်ရာပြတိုက်၊ အထိမ်းအမှတ်ပြတိုက်၊ ဗိသုကာပြတိုက်၊ ဘာသာရေးပြတိုက်၊ သမိုင်းပြတိုက် ဟူ၍ ပြတိုက်အမျိုးအစားများစွာရှိပါသည်။
တာဝန်ထမ်းဆောင်နေသူများ၊ လေ့လာသူများနှင့် သုတေသနပြုသူများဖြင့် ပြတိုက်ရပ်ဝန်းတစ်ခု တည်ရှိ နေပါသည်။ အဆိုပါရပ်ဝန်းရှိ လူထုတို့အတွက် ပိုမို လေ့လာနိုင်ရန်နှင့် ဗဟုသုတများကို ဝေငှပေးစွမ်းနိုင်စေ ရန်ရည်ရွယ်၍ ပြတိုက်နှင့်သက်ဆိုင်သည့် စာကြည့်တိုက် များကို ပူးတွဲဖွင့်လှစ်ထားတတ်ကြပါသည်။
စာကြည့်တိုက်အမျိုးအစား
စာကြည့်တိုက်ဟုဆိုရာတွင်လည်း နိုင်ငံကို ကိုယ်စားပြုသော အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများနှင့် သုတေသီများ အသုံးပြုသောတက္ကသိုလ်နှင့် ကောလိပ် စာကြည့်တိုက်၊ မူလတန်းမှ အထက်တန်းကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအသုံးပြုသော ကျောင်းစာကြည့်တိုက်၊ အလွှာပေါင်းစုံ အသက်အရွယ် အဆင့်အတန်း၊ လူမျိုးဘာသာပေါင်းစုံ ကန့်သတ်ထားခြင်း မရှိဘဲ လွတ်လပ်စွာလေ့လာနိုင်သည့် ပြည်သူ့စာကြည့် တိုက်နှင့် ဌာနတစ်ခုခုအတွက်ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခုအတွက်ဖြစ်စေ၊ သက်ဆိုင်ရာဘာသာရပ်တစ်ခုခု အတွက်ဖြစ်စေ ဦးစားပေးစုဆောင်းထားသော အထူး စာကြည့်တိုက်၊ ရည်ညွှန်းစာကြည့်တိုက်ဟူ၍ ယေဘုယျ အနေဖြင့် စာကြည့်တိုက်အမျိုးအစား လေးမျိုးရှိပါသည်။
ပြတိုက်ဆိုင်ရာ ရည်ညွှန်းစာကြည့်တိုက်သည် ပြတိုက်၏ အမျိုးအစားကိုလိုက်၍ ဘာသာရပ်ဆိုင်ရာ တစ်ခုခုကို ဦးစားပေးစုဆောင်းထားသောကြောင့် အထူး စာကြည့်တိုက်၊ ရည်ညွှန်းစာကြည့်တိုက်အမျိုးအစားထဲ တွင် ပါဝင်ပါသည်။ ရည်ညွှန်းစာကြည့်တိုက်ဟုဆိုသည် နှင့်တစ်ပြိုင်နက်တည်း ရည်ညွှန်းလုပ်ငန်းများနှင့် ရည်ညွှန်း စာအုပ်များကိုလည်း သိရှိထားရမည်ဖြစ်ပါသည်။
ရည်ညွှန်းလုပ်ငန်းဆိုသည်မှာ စာဖတ်သူတို့ သိလို သည့်အချက်များကို အချိန်တိုအတွင်း ရှာဖွေပေးရ သည့် လုပ်ငန်းဖြစ်ပါသည်။ ရည်ညွှန်းလုပ်ငန်းအောင်မြင်မှု သည် ခေတ်မီရည်ညွှန်းစာအုပ်များပြည့်စုံမှုနှင့် ရည်ညွှန်း စာကြည့်တိုက်မှူး၏ လုပ်ငန်းကျွမ်းကျင်မှုတို့အပေါ် မူတည်ပါသည်။ သို့ဖြစ်၍ ရည်ညွှန်းစာကြည့်တိုက်သည် စာကြည့်တိုက်မှူးက ရည်ညွှန်းစာအုပ်များကို ပိုင်နိုင်စွာ ကိုင်ဆောင်၍ လာရောက်လေ့လာသူတို့အတွက် ဗဟုသုတများ ပေးစွမ်းနိုင်သောနေရာဖြစ်ပါသည်။
ရည်ညွှန်းစာအုပ်ဆိုရာတွင် လွယ်ကူစွာရှာဖွေနိုင်ရန် အက္ခရာစဉ်၊ သက္ကရာဇ်စဉ်၊ ပညာရပ် (သို့မဟုတ်)စနစ်တစ်မျိုးမျိုးကိုအသုံးပြုထားသည့် စာအုပ်အမျိုးအစား ဖြစ်ပါသည်။ အရေးအသားမှာ အဖွဲ့အနွဲ့မပါ လွယ်ကူ ရှင်းလင်းကျစ်လျစ်၍ ပါဝင်သောအချက်အလက်များသည် ခေတ်မီ၊ တိကျ၊ မှန်ကန်မှုရှိ၍ မကြာခဏ ပြန်လည် ဖြည့်စွက်ပြင်ဆင်တည်းဖြတ် ထုတ်ဝေကြရပါသည်။ အများ အားဖြင့် အဆိုပါစာအုပ်များကို အစိုးရဌာနများ၊ အဖွဲ့ အစည်းများနှင့် စာပေထုတ်ဝေရေးပုံနှိပ်တိုက်ကြီးတို့မှ ထုတ်ဝေလေ့ရှိပါသည်။
အမျိုးတူစုစည်းပါက (၁) စွယ်စုံကျမ်း၊ (၂) အနှစ်ချုပ်၊ (၃)အဘိဓာန်၊ (၄) လက်စွဲကျမ်း၊ (၅) လမ်းညွှန်စာအုပ်၊ (၆) အတ္ထုပ္ပတ္တိအဘိဓာန်၊ (၇) မြေပုံ၊ (၈) ဂေဇက်တီးယား (သို့မဟုတ်) ပထဝီဝင်အဘိဓာန်၊ (၉) အညွှန်း၊ (၁ဝ) စာစု စာရင်း ဟူ၍ ၁ဝ မျိုး ခွဲခြားသတ်မှတ်လေ့ရှိပါသည်။ အမှတ်စဉ် (၁) မှ (၈) အထိ ရည်ညွှန်း ရှစ်မျိုးသည် သိလိုသည့်အချက်အလက်များကို တိုက်ရိုက်ရှာဖွေတွေ့ရှိ နိုင်ပါသောကြောင့် အသင့်သုံး ရည်ညွှန်းစာအုပ်များဖြစ်ပြီး အမှတ်စဉ် (၉) နှင့် (၁ဝ) သည် သိလိုသည့်အချက်အလက် များကို တိုက်ရိုက်ရှာမတွေ့နိုင်ဘဲ မည်သည့်စာအုပ်တွင် ရှိသည်ကိုရည်ညွှန်းထား၍ ဆက်လက်ရှာဖွေမှသာ တွေ့နိုင်ပါသည်။ စာကြည့်တိုက်အများစုသည် ရည်ညွှန်း စာအုပ်များအား ပြင်ပသို့ ငှားရမ်းခွင့်မရှိဘဲ စာကြည့်တိုက် အတွင်းသာ ဖတ်ရှုကြရပါသည်။
ဗဟုသုတစာအုပ်များ
ပြတိုက်ပစ္စည်းများနှင့်ပတ်သက်၍ ပိုမိုလေ့လာစေရန် ဖွင့်လှစ်ထားသည့် ပြတိုက်ဆိုင်ရာ ရည်ညွှန်းစာကြည့်တိုက် တို့တွင် ရည်ညွှန်းစာအုပ်များထားရှိရသကဲ့သို့ ပြတိုက် ပစ္စည်းများနှင့်သက်ဆိုင်သည့် စာအုပ်များ၊ ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ စာအုပ်၊ စာတမ်းများ၊ ပြတိုက်ပညာပေးရေး နည်းလမ်းပါစာအုပ်၊ စာတမ်းများ၊ ခင်းကျင်းရေးဆိုင်ရာနည်းပညာစာအုပ်များ၊ ပစ္စည်းစုဆောင်းနည်းများနှင့် နိုင်ငံ တကာပြတိုက်ပစ္စည်း စုဆောင်းထားရှိသည့် အချက် အလက်များပါဝင်သည့် စာအုပ်များ၊ နိုင်ငံတကာပြတိုက် ဆိုင်ရာ ဗဟုသုတစာအုပ်များ စသည့် စာအုပ်မျိုးစုံရှိကြပါ သည်။ ထို့အတူ ဒစ်ဂျစ်တယ်စနစ်သုံး၍ အွန်လိုင်းဖြင့် အခြားပြတိုက်များရှိ စာကြည့်တိုက်များ၊ အမျိုးသား စာကြည့်တိုက်များ၊ နိုင်ငံတကာပြတိုက်တို့နှင့် ချိတ်ဆက် ထားကြပါသည်။ စာကြည့်တိုက်လုပ်ငန်းများ ဖြစ်သည့် စာစုခြင်းလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာဖြန့်လုပ်ငန်း၊ စီမံခန့်ခွဲ ရေးလုပ်ငန်းနှင့် စာအုပ်၊ စာတမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စသည်ဖြင့် သက်ဆိုင်ရာဌာနစိတ်အလိုက် လှုပ်ရှားဆောင်ရွက်ကြပါသည်။ စင်ဖွင့်စနစ်သုံးစာကြည့် တိုက်ဖြစ်ပါက စာဖတ်သူများအနေဖြင့် မိမိလိုအပ်သည့် စာအုပ်များကို စင်ပေါ်တွင် မိမိဘာသာမိမိ ရှာဖွေဖတ်ရှုနိုင်၍ ဖတ်ပြီးပါက ပြန်ထားရမည့် သတ်မှတ်နေရာတွင် စနစ်တကျ ပြန်လည်ထားရှိရသကဲ့သို့ ဝန်ထမ်းများအနေဖြင့် လည်း စာအုပ်များကို သူ့နေရာနှင့်သူ အချိန်နှင့်အမျှ ပြန်လည်ထားရှိပေးရပါမည်။ စင်ပိတ်စနစ်သုံးပါက မိမိလိုအပ်သော စာအုပ်များကို ကတ်တလောက်တွင်ရှာ၍ စာကြည့်တိုက်ဝန်ထမ်းက ရှာဖွေပေးခြင်းတွင် စာဖတ်သူနှင့် ဝန်ထမ်းတို့အကြား နှစ်ဦးနှစ်ဖက် စိတ်ရှည်ရန် လိုအပ်လှ ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ကို နားလည်၍ စာဖတ်သူ တို့အပေါ် အဆင်ပြေပြေဖတ်ရှုနိုင်ရန် နွေးထွေးစွာပြုမူ ဆက်ဆံရမည်ဖြစ်ပါသည်။
စာကြည့်တိုက်အသုံးပြုသူတို့ကလည်း ဖတ်ရှုလေ့လာ အသုံးပြုရာတွင် မိမိလိုအပ်သောစာရွက်များကို စုတ်ဖြဲခြင်း၊ စာရွက်ခေါက်ခြင်း၊ စာရွက်များပေါ်တွင် မှတ်သားခြင်း၊ မျဉ်းသားခြင်း၊ မိမိအလိုရှိသည့် စာအုပ်များ မရရှိပါက တာဝန်ကျဝန်ထမ်းများကို မချေမငံပြုမူခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၌ ဝန်ကြီးဌာနဆိုင်ရာ ပြတိုက်များရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနရှိ ငါးပြတိုက်သည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မြောက်ဘက်တံခါးနှင့် မျက်နှာ ချင်းဆိုင် ကန်တော်ကြီးစောင်း ကန်လမ်း မင်္ဂလာတောင် ညွန့်၌ ၁၉၆၆-၁၉၆၇ ခုနှစ်တွင် အုတ်မြစ်ချခဲ့သည်။ ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရည်ညွှန်းစာကြည့်တိုက်ကို ဖွင့်လှစ်နိုင် ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ဆေး တက္ကသိုလ် (၁)၊ ဆေးပညာသင်ကြားရေးပြတိုက်နှင့် စာကြည့်တိုက်သည် ၁၉၂၃ ခုနှစ်မှ အခြေခံလာပြီး ၁၉၂၉ ခုနှစ်တွင် ဆေးပညာဌာနငယ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ကာ ၁၉၆၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) အဖြစ် ပေါ်ပေါက် ခဲ့ပြီး စာကြည့်တိုက်မှာလည်း ပေါ်ပေါက်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် စာကြည့်တိုက်ကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်ရှိ ရန်ကုန်ဆေးရုံသစ်ကြီးနှင့် ဆေးတက္ကသိုလ် (၁) ကြား၌ တည်ရှိသော လေးထပ်အဆောက်အအုံသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မူးယစ် ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်သည် ကျွန်းတော လမ်းနှင့် ဟံသာဝတီလမ်းထောင့်တွင် ၂ဝဝ၂ ခုနှစ် မေလ ၁၆ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ရည်ညွှန်းစာကြည့်တိုက်ကို ပြတိုက်၏ တတိယထပ် (ထပ်ခိုး)၌ တစ်ပါတည်း ဖွင့်လှစ် ထားရှိပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်၌ အမျိုးသားပြတိုက်၊ ဗုဒ္ဓပြတိုက်၊ အထိမ်းအမှတ်ပြတိုက် ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ရှေးဟောင်း သုတေသနဆိုင်ရာပြတိုက်များ၊ နန်းတွင်းယဉ်ကျေးမှုပြတိုက် များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ယဉ်ကျေးမှု ပြတိုက်များရှိပါသည်။
အမျိုးသားပြတိုက်
အမျိုးသားပြတိုက်(ရန်ကုန်)ကို ရွှေတိဂုံဘုရားလမ်း၊ ဂျူဗလီဟော၌ ၁၉၅၂ ခုနှစ် ဇွန်လတွင် စတင်ဖွင့်ပြီး ပြတိုက်အား ပံ့ပိုးမှုပေးရန် စာအုပ်၊ စာတမ်း အုပ်ရေ ၂ဝဝဝ နီးပါး စုဆောင်းခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့၌ ပန်းဆိုးတန်း အမှတ် ၂၆၊ ဂရင်းလေးဘဏ်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ အမျိုးသားပြတိုက်ကို အမှတ် (၆၆/၇၄) ပြည်လမ်းမကြီး ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ပါသည်။ ပြတိုက်တွင် ရည်ညွှန်းစာကြည့်တိုက်ကို ဖွင့်လှစ် ထားရှိပါသည်။
ရည်ညွှန်းစာကြည့်တိုက်ပါဝင်သည့် အမျိုးသား ပြတိုက် (နေပြည်တော်)ကို ကုမုဒြာအဝိုင်းအနီး ဥတ္တရ သီရိမြို့နယ်၌ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင် ဖွင့်လှစ်ထားရှိပါသည်။
၁၉၆၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် မဟာပါသာဏ လိုဏ်ဂူဘေး ပိဋကတ်တိုက်ဝင်းအတွင်း ဗုဒ္ဓယဉ်ကျေးမှု ပြတိုက် ဖွင့်လှစ်ထားရှိပြီး ရည်ညွှန်းစာကြည့်တိုက်လည်း ဖွင့်လှစ်ထားရှိပါသည်။ စစ်တွေဗုဒ္ဓပြတိုက်ကို မကျည်းမြိုင် ရပ်ကွက် မေယုလမ်းတွင် ဖွင့်လှစ်ထားရှိပါသည်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့တော်များတွင် ယဉ်ကျေးမှုပြတိုက်များ ဖွင့်လှစ်ထားရှိပါသည်။ အဆိုပါပြတိုက်များတွင် ရည်ညွှန်းစာကြည့်တိုက် သီးသန့်ဖွင့်လှစ်ထားရှိခြင်း မရှိဘဲ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်ကို ပူးတွဲ ဖွင့်လှစ်ထားရှိပါသည်။
ရှေးဟောင်းသုတေသနပြတိုက်များသည် ပုဂံ၊ သရေခေတ္တရာ(ပြည်)၊ ဗိဿနိုး (တောင်တွင်းကြီး)၊ ဟန်လင်း(ရွှေဘို)၊ အင်းဝ၊ တကောင်း(သပိတ်ကျင်း မြို့နယ်)၊ မြောက်ဦး(ရခိုင်ပြည်နယ်)တို့တွင် တည်ရှိပြီးရည်ညွှန်းစာကြည့်တိုက်များလည်း ရှိပါသည်။
ကမ္ဘောဇသာဒီနန်းတော်ယဉ်ကျေးမှုပြတိုက်သည် မြင်တော်သာလမ်း နန်းတော်ရာရပ်ကွက် ပဲခူးမြို့တွင် တည်ရှိပြီး ရည်ညွှန်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ် ထားရှိပါသည်။
ဝန်ကြီးဌာနများ၊ ပညာရပ်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကပိုင်သည့်ပြတိုက်များသည် မြန်မာနိုင်ငံ၌ နေရာ အသီးသီးတွင် ဖွင့်လှစ်ထားပြီး ပြတိုက်နှင့်သက်ဆိုင်သော စာကြည့်တိုက်များ ပါရှိသည့် ပြတိုက်များရှိသကဲ့သို့ ရည်ညွှန်းစာကြည့်တိုက်မရှိသော ပြတိုက်များလည်း ရှိပါသည်။
ဖွံ့ဖြိုးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်
ပြတိုက်များ၌ ဖွင့်လှစ်လျက်ရှိသည့် ရည်ညွှန်း စာကြည့်တိုက်များတွင် တာဝန်ကျ စာကြည့်တိုက်မှူးများ အနေဖြင့် ပြတိုက်ဆိုင်ရာစာအုပ်၊ စာတမ်းများကို ပိုမို ပြည့်စုံစွာ စုဆောင်းထားခြင်း၊ ယနေ့ ဒစ်ဂျစ်တယ်နည်း ပညာတိုးတက်လာမှုနှင့်အတူ ခေတ်မီပြတိုက်ပညာရပ်များ ဆိုင်ရာသတင်းအချက်အလက်များနှင့် အထောက်အထား များကို ရှာဖွေစုဆောင်းခြင်းနှင့် စာကြည့်တိုက်အသုံးပြု နေသူများအား ကူညီထောက်ပံ့ခြင်းတို့ဖြင့် စာကြည့်တိုက် ၏ ဖွံ့ဖြိုးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်လည်း ဖြစ်ပါလိမ့်မည်။
ပြတိုက်များသို့ လာရောက်လေ့လာသူများ ပိုမို လေ့လာမှုအားကောင်းစေရန်နှင့် ဗဟုသုတများစွာ ပေးစွမ်းနိုင်စေရန် ရည်ညွှန်းစာကြည့်တိုက်များရှိလျှင် ပိုမိုအားကောင်းသောပြတိုက်များ ဖြစ်လာဖွယ်ရာ ရှိပါသည်။
အရောင်စုံ အသွေးစုံလှပနေသော စာကြည့်တိုက် များသည် ကလေးသူငယ်များ ဗဟုသုတတိုးပွားစေရန်၊ ပညာရှင်များ သုတေသနဆောင်ရွက်ရန်နှင့် ပြည်သူများ ၏ အသိပညာအလင်း၊ ဗဟုသုတအလင်းတို့ ပေးစွမ်းရာ နေရာများပင်ဖြစ်ပါသောကြောင့် စာကြည့်တိုက်ဝန်ထမ်း များကလည်း မိမိ၏စာကြည့်တိုက်လုပ်ငန်းအောင်မြင် စေရန်နှင့် စာဖတ်သူတို့ စာပေမြတ်နိုးနိုင်စေရန် စိတ်ရှည် သည်းခံမှု၊ စာဖတ်အားကောင်းမှု၊ စနစ်ကျမှုနှင့် စာကြည့် တိုက်ပညာရပ်အပေါ် စေတနာထားနိုင်မှုတို့ဖြင့် စာဖတ် သူလက်ထဲသို့ စာပေအလင်းများ ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိသကဲ့သို့ စာဖတ်သူများကလည်း ဗဟုသုတလိုလားမှု၊ စည်းကမ်းရှိမှုနှင့် စာအုပ်များကို ချစ်ခင်တတ်စေရန် လိုအပ်လှပါသည်။ စာဖတ်သူနှင့် စာကြည့်တိုက်ဝန်ထမ်း များ အပေးအယူမျှတစွာဖြင့် စာရေးသူများ ရေးသားထား သောမှင်စက်များစုဝေးရာ စာအုပ်များဖတ်ရှု၍ စာရေးသူ များအပေါ် မုဒိတာပွားနိုင်စေလိုပါသည်။
ထိုသို့ရည်ညွှန်းစာကြည့်တိုက်လုပ်ငန်းများ တိုးတက် လာသည်နှင့်အမျှ ပြတိုက်လေ့လာသူ၊ သုတေသနပြုသူ တို့သည် ပြတိုက်ပစ္စည်းများ၏ အချက်အလက်များ ပိုမို သိရှိနိုင်မည်ဖြစ်ပါသည်။ စာအုပ်၊ စာတမ်းများမှ ပေးစွမ်း သည့် ပြတိုက်ဆိုင်ရာထိန်းသိမ်းရေး၊ ခင်းကျင်းရေး၊ လူထုဆက်ဆံရေးအစရှိသည့် နည်းလမ်းကောင်းများ ရယူ၍ မိမိတို့မြတ်နိုးကြသော ပြတိုက်ပစ္စည်းများ ရေရှည် တည်တံ့စေရန်နှင့် ရည်ညွှန်းစာကြည့်တိုက်များ ခေတ်မီ၍ ရှင်သန်နိုင်စေရန် ဝန်ထမ်းနှင့် လေ့လာသူ၊ သုတေသန ပြုသူတို့လက်တွဲ၍ တာဝန်ရှိစွာ ဆောင်ရွက်သွားကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment