Thursday, October 25, 2018

ပညာသင်ယူခြင်းနှင့် သတိပဋ္ဌာန်ကျင့်စဉ်

Image may contain: one or more people and people sitting


ပါမောက္ခ ဒေါက်တာမောင်

သင်ယူခြင်းနှင့် အာရုံစူးစိုက်မှု

စာရေးသူသည် ဆေးကျောင်းသားများအား ၁၉၈၂ ခုနှစ်မှစ၍ စာသင်ပေး နေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ''စာသင်နေစဉ် အာရုံစိုက်ကြပါ''ဟူသောစကားကို စာသင်ခန်းတွင် ပြောခဲ့မိသော အကြိမ်ပေါင်းမှာ မရေမတွက်နိုင်တော့ပါ။ သို့ရာတွင် မည်သို့အာရုံစိုက်ရမည်ဆိုသည်ကိုမူ တစ်ကြိမ်တစ်ခါမျှ မပြောမိခဲ့ပါ။

သင်ယူခြင်းနှင့် အာရုံစူးစိုက်ခြင်းတို့သည် ပြိုင်တူဖြစ်ပေါ်သော ဖြစ်စဉ်များဖြစ်သည်။ သင်ယူရန် အာရုံစူးစိုက်မှုလိုအပ်သလို အာရုံစူးစိုက်မှု မရှိလျှင် သင်ယူခြင်းလည်း မဖြစ်နိုင်ချေ။

ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အသိဥာဏ်၊ အမူအကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးတို့ ပြောင်းလဲစေရန်ဖြစ်သည်။ လေ့လာသင်ယူခြင်းတွင် အခြေခံရည်မှန်းချက်နယ်ပယ် သုံးရပ်ရှိသည်။ အသိပညာပြောင်းလဲလာစေခြင်း၊ အတတ်ပညာကျွမ်းကျင်လာစေခြင်း၊ အတွေးအခေါ်နှင့် ခံယူချက်ပြောင်းလဲလာ စေခြင်းတို့ဖြစ်သည်။ သတ်မှတ်ထားသောအချိန်အတွင်း သတ်မှတ်ထားသော ပြောင်းလဲချက်များ ဖြစ်ပေါ်လာစေရန် သင်ကြားရေးနည်းလမ်းများကို သင့်လျော်သလိုအသုံးပြုရပြီး ရည်မှန်းချက်အောင်မြင်ခြင်း ရှိ၊ မရှိကို ဆန်းစစ်ချက်အမျိုးမျိုးတို့သုံးပြီး ဆန်းစစ်ရသည်။

ထိုဖြစ်စဉ်သည် ကျောင်းသားတစ်ဦးဖြတ်သန်းရမည့် ပညာရေးဖြစ်စဉ် ဖြစ်သည်။ အဆင့်မြင့်ပညာများကို သင်ယူနေသော ကျောင်းသားတစ်ဦးအဖို့ ဖိစီးမှု အလွန်ကြီးမားသောဖြစ်စဉ်လည်း ဖြစ်သည်။ အာရုံစူးစိုက်မှုမရှိဘဲ မည်သို့မျှ မကျော်လွှားနိုင်ပေ။

ကျောင်းသားတစ်ဦး၏ဘဝသည် အာရုံစူးစိုက်မှုကို ဟန့်တားနှောင့်ယှက် နေသော အကြောင်းအရာများနှင့် ပြည့်နှက်နေ၏။ စိတ်ဖိစီးမှု၊ စိတ်အလိုမကျမှု၊ စိုးရိမ်သောက၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ ကျရှုံးခြင်းကို ခံနိုင်ရည်မရှိခြင်း၊ တည်ငြိမ်သော စိတ်ဓာတ်မရှိခြင်းနှင့် စွဲလမ်းခြင်းဆိုင်ရာအကြောင်းကိစ္စ တို့သည် အဓိကအကြောင်းများ ဖြစ်ကြသည်။

ထိုအကြောင်းအရာများသည် အာရုံစူးစိုက်မှုကို တားဆီးနေကြသော စိတ်၏အညစ်အကြေးများ ဖြစ်ကြသည်။ မည်သို့ ကျော်လွှားဖြတ်သန်းမည်နည်း။

စိတ်၏အညစ်အကြေးများကို ဖယ်ရှားသုတ်သင်နိုင်သည့် တစ်ခုတည်း သောနည်းလမ်းမှာ သတိပဋ္ဌာန်မှတစ်ပါး အခြားမရှိပေ။

အနောက်တိုင်းမှ သတိပြုမိလာသော သတိပဋ္ဌာန်

ကမ္ဘာ့အရှေ့ခြမ်းရှိ ဗုဒ္ဓဘာသာနိုင်ငံများသည် သတိပဋ္ဌာန်ကျင့်စဉ်၏ တန်ဖိုးနှင့် အကျိုးကျေးဇူးကို အစဉ်အလာအရ တန်ဖိုးထားကြသည်။

သို့ရာတွင် အနောက်တိုင်းနိုင်ငံများသည် မကြာသေးသောအချိန် လွန်ခဲ့သော ၃၅ နှစ်ခန့်မှစ၍ ထိုတန်ဖိုးကို စတင်သတိပြုမိလာကြသည်။

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်တက္ကသိုလ်၏ ပါမောက္ခ ဒေါက်တာ ဂျွန်ကာဘတ်သည် ၁၉၇၉ ခုနှစ်တွင် သတိပဋ္ဌာန်နည်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့နိုင်ကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။ ထိုနည်းကို Mindfulness- Based Stress Reduction (MBSR) ဟုအမည်ပေးပြီး ပေါ်လာသမျှ အာရုံတို့ကို အဆိုး၊ အကောင်း မဝေဖန်ဘဲ သိနေအောင် အားထုတ်စေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ကို ရှုမှတ်ခြင်းနှင့် ယောဂကျင့်စဉ်တို့ ပေါင်းစပ်ထားသည်။ ဆယ်နှစ်မျှကြာသောအခါ ထိုနည်း၏ ထိရောက်မှုကို တွေ့ရှိလာကြပြီး ယင်းတက္ကသိုလ်၌ သတိပဋ္ဌာန် ဌာနတစ်ခု ထူထောင်လိုက်ကြသည်။

ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒေါက်တာ ဆီးဂဲလ်နှင့်အဖွဲ့သည် ၁၉၉၂ ခုနှစ်တွင် စိတ်ကျရောဂါသည်များအား သတိပဋ္ဌာန်ကို အခြေခံသောနည်းဖြင့် အောင်မြင်စွာ ကုသပေးခဲ့ပြီး ထိုနည်းကိုMindfulness- Based Cognitive Therapy (MBCT) ဟုခေါ်ဆိုလိုက်သည်။ ထိုကုထုံးကို ၂ဝဝ၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အမျိုးသားကျန်းမာရေးနှင့် ကုသရေးဌာနက ထောက်ခံအတည်ပြုပေးခဲ့သည်။

သတိပဋ္ဌာန်နည်းကို ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှစ၍ သင်ကြားရေးတွင် စတင်အသုံးပြုလာကြသည်။

နယူးယောက်မြို့မြောက်ဘက် မိုင် ၅ဝ အကွာ ဟဒ်ဆန်မြစ်ကမ်းဘေးရှိ ''ဂယ်ရီဆင်ရိပ်သာ''(https://www.garrisoninstitute.org) သည် ၂ဝဝ၄ ခုနှစ်မှစ၍ သင်ကြားရေးဆရာ ဆရာမများအား သတိပဋ္ဌာန်အားထုတ်နည်းကို သင်တန်းပေးလျက်ရှိသည်။

အမေရိကန်တစ်ဝန်းရှိ စာသင်ကျောင်းများသည် သတိပဋ္ဌာန်သင်တန်း နည်းပြတစ်ဦးဖြစ်သော ဆူဆန်ကိုင်ဇာ (www.susankaisergreenland.com) ၏နည်းကို သင်ခန်းစာအဖြစ် ကျောင်းသား ကျောင်းသူများကို ပို့ချလျက် ရှိသည်။ ကယ်လီဖိုးနီးယားပြည်နယ် အုက်လန်းမူလတန်းကျောင်းတွင် သတိပဋ္ဌာန်သင်တန်းကို ရက်သတ္တပတ် ငါးပတ် ပို့ချပေးပြီး တစ်ပတ်လျှင် နှစ်ကြိမ် နည်းပြဆရာ ဆရာမများက ဝင်လေ၊ ထွက်လေ ရှုမှတ်နည်းကို အနီးကပ်ပြသပေးသည်။

အင်္ဂလန်နိုင်ငံတွင် ''ကျောင်းတွင်း သတိပဋ္ဌာန်''ဟု အမည်ပေးထားသည့်MiSP ဖောင်ဒေးရှင်း (့http://mindfulnessinschools.org) သည် ၂ဝ၁၄ ခုနှစ်မှစ၍ ပညာရေးဝန်ထမ်းများကို ရက်သတ္တ ရှစ်ပတ်ကြာ သတိပဋ္ဌာန်သင်တန်း ပို့ချပေးပြီး သင်ရိုးညွှန်းတမ်းများကိုလည်း ပညာဒါနအဖြစ် ဖြန့်ဝေပေးလျက် ရှိသည်။

အကယ်ဒမီဆုနှင့် ရွှေကမ္ဘာလုံးဆုရ အမေရိကန်ရုပ်ရှင်မင်းသမီး ဂိုလ်ဒီဟွန်းသည် ''ဟွန်း ဖောင်ဒေးရှင်း'' ကိုထူထောင်ပြီး ''စိတ်မြှင့်တင်ရေး သင်ရိုးများ'' ဖြင့် မူလတန်းမှ အထက်တန်းကျောင်းသား ကျောင်းသူများအား သတိပဋ္ဌာန်သင်တန်းများ ပို့ချပေးသည် (www.thehawnfoundation.org/mindup)။

သုတေသနအထောက်အထားများနှင့် သတိပဋ္ဌာန်

အရာရာကို လက်တွေ့အထောက်အထားများပေါ်တွင်အခြေခံ၍ ယုံကြည်လေ့ရှိသော အနောက်နိုင်ငံသားများအဖို့ သတိပဋ္ဌာန်၏ အကျိုး ကျေးဇူးကိုဖော်ပြနေသော အထောက်အထားများသည် တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့သည်။

သတိပဋ္ဌာန်ကို သုတေသီတို့ အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

အခိုက်အတန့်အားဖြင့် သတ်မှတ်ထားသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ''ကိုယ်နှင့်စိတ်တို့တွင် ဖြစ်ပေါ်လာသော ခံစားချက်နှင့် အာရုံများကို ပေါ်သည့်အခိုက်တွင် အကောင်း၊ အဆိုး မဝေဖန်ဘဲ သိရှိနေရန်အားထုတ်ခြင်း'' ဟုဖြစ်သည်။ ယင်းခံစားချက်များနှင့် အာရုံများ၏ ခေတ္တဖြစ်သော သဘော၊ အကောင်အထည်မရှိသောသဘော၊ ပုဂ္ဂလာဓိဋ္ဌာန်သဘောတို့ကို ရှုမှတ်စေခြင်း ဖြစ်သည်။ ဘာသာရေးဆိုင်ရာရည်မှန်းချက်နှင့် ဦးတည်ချက်များ မပါရှိချေ။

ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ် စိတ်ပညာဌာနမှ ''နော်မန်ဖတ်ဘ်''နှင့်အဖွဲ့သည် ၂ဝ၁ဝ ပြည့်နှစ်တွင် သတိပဋ္ဌာန်ရှုမှတ်သူများနှင့် မရှုမှတ် သူများအား ကြေကွဲဝမ်းနည်းဖွယ်ကောင်းသော ရုပ်ရှင်ကားကို ကြည့်ရှုစေပြီး ဦးနှောက်၏အလုပ်လုပ်ပုံကိုMRI ဖြင့် တိုင်းတာခဲ့သည်။ သတိပဋ္ဌာန် မရှုမှတ် သူများသည် သတိပဋ္ဌာန်ရှုမှတ်သူများထက် စိတ်လှုပ်ရှားမှု ပိုမိုများပြားကြောင်း တွေ့ရှိခဲ့ကြသည်။ ထိုတွေ့ရှိချက်မှ သတိပဋ္ဌာန်ရှုမှတ်ခြင်းသည် စိတ်လှုပ်ရှားမှု ကို ထိန်းချုပ်နိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်မှ ''ရစ်ချက်ချိန်ဘာ''နှင့်အဖွဲ့ သည် ၂ဝဝ၈ ခုနှစ်တွင် သတိပဋ္ဌာန်အတွေ့အကြုံမရှိသေးသော လူပုဂ္ဂိုလ် ၂ဝ တို့ကို ဆယ်ရက်ကြာ နေ့ရော ညပါ သတိပဋ္ဌာန် ရှုမှတ်စေပြီးနောက် လတ်တလောအသုံးပြုသော ရေတိုမှတ်ဥာဏ် ပိုမိုထက်မြက်လာကြောင်း တင်ပြခဲ့သည်။

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ ဒေါက်တာမာရီယာ နပိုလီသည် အသက်ငါးနှစ်မှ ရှစ်နှစ်အတွင်းရှိ သူငယ်တန်းကျောင်းသား ကျောင်းသူ ၂၂၈ ဦးတို့ကို တစ်ကြိမ်လျှင် ၄၅ မိနစ်ကြာ တစ်လလျှင် နှစ်ကြိမ် ခြောက်လကြာအောင် ရှုမှတ်ပြီးသောအခါ အာရုံစူးစိုက်နိုင်စွမ်း အားကောင်း လာကြောင်းကို ၂ဝဝ၅ နှစ်တွင် တွေ့ရှိခဲ့သည်။

ဘီဘီစီ၏ စာသင်ကျောင်းများဆိုင်ရာသတင်းကဏ္ဍ၌ ၂ဝဝ၆ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်းရှိ ''ကော့နော့''အမျိုးသမီးကျောင်း၌ ကျောင်းသူ ၂၂ ဦးတို့သည် ရက်သတ္တ နှစ်ပတ် သတိပဋ္ဌာန်ရှုမှတ်မှုအပြီးတွင် အာရုံစူးစိုက်မှု နှစ်ဆကျော် ကောင်းမွန်လာ ကြောင်း ဖော်ပြခဲ့သည်။

စာရေးသူသည် ဗုဒ္ဓဘာသာမဟုတ်သော ဆေးကျောင်းသား ကျောင်းသူ ၂၆ ဦးတို့အား ရက်သတ္တ နှစ်ပတ်ကြာ သတိပဋ္ဌာန်ရှုမှတ်စေပြီးနောက် လတ်တလော ရေတိုမှတ်ဥာဏ် ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်ကို ၂ဝ၁၈ ခုနှစ် ၆၄ ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်း ညီလာခံတွင် ဖတ်ကြားတင်ပြခဲ့သည်။

ဖော်ပြခဲ့သည်များသည် ဆယ်စုနှစ် လေးခုအတွင်း တွေ့ရှိခဲ့သမျှသော သတိပဋ္ဌာန်၏ ပညာသင်ယူခြင်းဆိုင်ရာ သုတေသနအထောက်အထားများ အနက်မှအချို့ ဖြစ်ကြသည်။

စင်စစ် အနောက်နိုင်ငံမှ သုတေသီများသည် သတိပဋ္ဌာန်ဟူသော ရွှေတောင်ကြီး၏ မျက်နှာပြင်ကို ဆူးတစ်ချောင်းဖြင့် ခြစ်မိရုံမျှသော ပမာဏကို တွေ့ရှိကြခြင်းဖြစ်သည်။

သတိပဋ္ဌာန်နှင့် တို့မြန်မာ

သတိပဋ္ဌာန်ကျင့်စဉ်သည် စာရေးသူတို့ မြန်မာလူမျိုးများ အလေးအမြတ် ထားသော မြင့်မြတ်သော၊ တန်ဖိုးရှိသောကျင့်စဉ်ဖြစ်သည်။

မဟာစည်ဆရာတော်ကြီးက ''ဝိပဿနာရှုနည်း အကျဉ်းချုပ်''ကျမ်း တွင် သတိပဋ္ဌာန်၏ ဂုဏ်ကျေးဇူးကို ''ရာဂ၊ ဒေါသ၊ မောဟ အစရှိကုန်သော ကိလေသာအညစ်အကြေးဟူသမျှမှလည်း သန့်ရှင်းစင်ကြယ်၏။ စိုးရိမ် ပူဆွေးမှုဟူသော သောက၊ ငိုကြွေးမြည်တမ်းမှု ဟူသော ပရိဒေဝတို့ကိုလည်း လွန်မြောက်၏။ ကိုယ်ထဲ၌ မခံသာခြင်း၊ ဆင်းရဲခြင်း ဟူသော ဒုက္ခ၊ စိတ်ထဲ၌ မခံသာခြင်းဟူသော ဒေါမနဿ တို့လည်း ချုပ်ငြိမ်းကင်းပျောက်ကုန်၏'' ဟု ဖော်ပြတော်မူ၏။

ဤဆောင်းပါးဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့ မြန်မာလူမျိုးတို့သည် ကုသိုလ်ကံထောက်မသဖြင့် သတိပဋ္ဌာန်တည်းဟူသော ရတနာကို လက်ဝယ် ပိုင်ပိုင် ရရှိထားကြပြီးဖြစ်သည်။ လက်ဝယ်၌ ရောက်ရှိပြီးသော ထိုရတနာကို ပညာရေးအပါအဝင် အခြားသော လူမှုရေးရာတို့၌ အကျိုးရှိစွာ အသုံးပြု နိုင်ကြစေရန် တင်ပြလိုရင်းဖြစ်ပါသည်။ ။

No comments:

Post a Comment