Thursday, October 4, 2018

ဂျာမနီ-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပ


Image may contain: one or more people, crowd and outdoor
နေပြည်တော် အောက်တိုဘာ ၃
ဂျာမနီ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ဂျာမနီ-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးအစီအစဉ် အဆင့်(၂)နှင့် အဆင့်(၃)တို့၏ ကျေးလက်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့နယ်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ဂျာမနီ-မြန်မာ ပူးပေါင်းဆောင် ရွက်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးအစီအစဉ် အဆင့်(၂)နှင့် အဆင့်(၃) ကျေးလက်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆွမ်ဆိုင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်၊ ဂျာမနီနိုင်ငံ ပါလီမန်၏ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအကြီးအကဲ Mr. Uwe Kekeritz၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(KfW)မှ ကိုယ်စားလှယ်Dr. Katharina spiess နှင့် Country Director, Ms. Eva Schneider တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အခမ်းအနား အစီအစဉ် ဒုတိယပိုင်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း၊ ဒေသခံပြည်သူများအတွက် ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့်လမ်းများ လိုအပ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး အတွက် လမ်း၊ တံတား ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း။
တောင်ကြီးခရိုင်အတွင်း ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း ကို ဂျာမနီ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် ၂ဝ၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး အစီအစဉ် (၁) အဆင့် (၁) စီမံကိန်းအတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်၏ ကူညီထည့်ဝင်ငွေ ယူရို ခုနစ်သန်းဖြင့် မြို့နယ် သုံးမြို့နယ်၌ ကျေးလက်လမ်း သုံးလမ်း၊ လမ်းအရှည် စုစုပေါင်း ၃ဝ ကီလိုမီတာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုဆိုလျှင် ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ် (၁)၏ အဆင့် (၂) နှင့် အဆင့် (၃) စီမံကိန်းအတွက် ယူရိုငွေ ၁၁ သန်းဖြင့် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီး၊ ကလော၊ ဟိုပုံး၊ ညောင်ရွှေနှင့် ရပ်စောက်မြို့နယ်များအတွင်းရှိ ကျေးလက်လမ်း ခြောက်လမ်း၊ လမ်းအရှည် စုစုပေါင်း ၆ဝ ဒသမ ၅ ကီလို မီတာအား ၂ဝ၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၁ဝဝ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်၍ ယနေ့ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း ဖြစ်ပါကြောင်း။
၎င်းအပြင် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ် (၂) အဆင့် (၄) စီမံကိန်းအား ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့၌ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းအတွက် ယူရို ၁ဝ ဒသမ ၉ဝ သန်း အထောက်အပံ့အတွက် ဖေဖော်ဝါရီ ၂၇ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုလို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်တင် တည်ဆောက် ခဲ့သော ကျေးလက်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများက စနစ်တကျ သုံးစွဲပြုပြင်ထိန်းသိမ်းကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဂျာမနီနိုင်ငံ ပါလီမန်၏ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အကြီးအကဲ Mr. Uwe Kekeritz (မစ္စတာ ဦးဗေကက်ခရစ်)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက ရှမ်းပြည်နယ်အတွင်းရှိ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) ကိုယ်စားလှယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှDr.Katharina spiess က နှုတ်ခွန်းဆက်စကား ပြောကြားပြီး Country Director, Ms. Eva Schneider က စီမံကိန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ယနေ့ဖွင့်လှစ်သည့် ဘော်နင်း- သရက်ပု ကျေးလက်လမ်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်အတွင်း တည်ရှိပြီး လမ်းအရှည် ၁၃ ဒသမ ၄၈ ကီလိုမီတာ၊ အကျယ် ၄ ဒသမ ၅ မီတာရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည့်အတွက် အဆိုပါလမ်း ကို အသုံးပြုသည့် ပတ်ဝန်းကျင်ကျေးရွာ ၃ဝ မှ ဒေသခံပြည်သူ ၁၅၅၄၇ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်သလို ဒေသတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတိုးတက်မှုများကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment