Wednesday, October 3, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်သို့ တက်ရောက်

Image may contain: 1 person, standing, crowd and outdoor
နေပြည်တော် အောက်တိုဘာ ၂
အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်မိန့်ခွန်း ပြောကြားသည်။
ဖိုရမ်သို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဖိုရမ်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး လူဦးရေသိပ်သည်းမှုအနေဖြင့် မြေဧရိယာတစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၈၁ ဦးခန့် နေထိုင်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှတွင် လာအိုနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် လူဦးရေသိပ်သည်းမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်ပါကြောင်း။
မြေသယံဇာတအရင်းအမြစ်များသည် မိမိတို့လူသား များ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး သဘာဝ သယံဇာတအရင်းအမြစ်ဖြစ်ပါကြောင်း၊ အခြားသယံဇာတ
အရင်းအမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင်လုပ်ဆောင်၍ မရဘဲ အကန့်အသတ်နှင့်သာရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်သည်ကို သတိပြုရမည် ဖြစ်ပါကြောင်း။
ထပ်မံကျဆင်းမည်ဟု ခန့်မှန်းထား
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ခန့်မှန်းချက် အရ ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှုအခြေအနေတို့ကြောင့် ၂ဝ၂ဝ ပြည့်နှစ်တွင် လူတစ်ဦးအတွက် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ သုည ဒသမ ၁၈ ဟက်တာ ခန့်သာရှိတော့မည် ဖြစ်ပါကြောင်း၊ ယင်းအခြေအနေသည် ၁၉၆ဝ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်း လာခြင်းဖြစ်ပြီး ၂ဝ၅ဝ ပြည့်နှစ်တွင်လည်း ထက်ဝက်ခန့် ထပ်မံကျဆင်းသွားမည် ဟု ခန့်မှန်းထားပါကြောင်း။
နိုင်ငံတော်၏မြေသယံဇာတများကို စဉ်ဆက်မပြတ်စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများ ပြည်သူပါဝင်မှုနှင့် ရေးဆွဲခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်ကမရှိခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒသတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက်တိုးတက်မှုဖြစ်သော်လည်း စနစ်တကျ ကောင်းမွန်သည့် မြေယာ စီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ် ပါကြောင်း။
ယခုအခါ အမျိုးသားမြေအသုံးချမှုမူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်မှု များနှင့်အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သည့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
အကန့်အသတ်နှင့် စိန်ခေါ်မှုများရင်ဆိုင်တွေ့ကြုံနေရ
မြန်မာနိုင်ငံတွင် မြေအသုံးချမှုစီမံခန့်ခွဲရာ၌ အစိုးရကစီမံခန့်ခွဲသည့်မြေများ အတွင်း ဝင်ရောက်အခြေချနေထိုင်ကြသည့်အတွက် မြေယာအငြင်းပွားမှုများ ရင်ဆိုင်တွေ့ကြုံရခြင်း၊ မြေဧရိယာကျယ်ပြန့်စွာရင်းနှီးမြှုပ်နှံမှုခွင့်ပြုမပေးနိုင် ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများသည်လည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန်လိုအပ်ခြင်း၊ ကဏ္ဍအလိုက်ပြဋ္ဌာန်းထားသည့် ဥပဒေများ ချိတ်ဆက်မှုမရှိခြင်း၊ သဟဇာတမဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှုအားနည်းခြင်း၊ အဂတိတရားနှင့် ဆောင်ရွက်မှုများ ရှိနေခြင်း၊ အသိပညာပေးရန်လိုအပ်ခြင်း၊ မြေအသုံးချမှုစီမံခန့်ခွဲရာတွင် စီးပွားရေးအကျိုးအမြတ်အများဆုံးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေ မည့် မြေအသုံးချမှုဦးစားပေးအစီအစဉ်များ ကြိုတင်ရေးဆွဲမှုအားနည်းခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် လူမှုဖွံ့ဖြိုးရေးတာဝန်ယူမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအားနည်းပြီး ဒေသခံပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်း၊ မြေအသုံးချမှု အခွင့်အရေးများကို အများပြည်သူတို့ ပါဝင်အတည်ပြုရန်လိုအပ်ခြင်း၊ မြေသယံဇာတအချက်အလက်များနှင့် မြေပုံများတိကျ မှန်ကန်မှုမရှိခြင်း၊ မြေပြင်၌လက်တွေ့စီမံခန့်ခွဲရန်ခက်ခဲခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်းစသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများရင်ဆိုင် တွေ့ကြုံနေရပါကြောင်း။
ယင်းစိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး ပြည်သူ့အကျိုးပြု နိုင်မည့်မူဝါဒ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှုပုံစံများ ဖြစ်ပေါ် လာစေရေး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
အထောက်အကူပြုလုပ်ငန်းကော်မတီများနှင့် အကြံပေးအဖွဲ့တို့ကိုဖွဲ့စည်း ပြီး နိုင်ငံတော်၏မြေသယံဇာတအရင်းအမြစ်များကို အကျိုးရှိစွာစီမံခန့်ခွဲနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးလိုအပ်ချက်အရ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ထားသည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီနှင့် လယ်ယာမြေဥပဒေအရ ဖွဲ့စည်း ဆောင်ရွက်ထားသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့နှင့် အမျိုးသားမြေ အသုံးချမှုကောင်စီတို့အကြား မြေစီမံခန့်ခွဲမှုအကြောင်းအရာများကို ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည့်အတွက် အဆိုပါအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့်နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ် ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် လုပ်ကွက်ငယ်တောင်သူလယ်သမားအများစုက လယ်ယာစိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းနေကြပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအားကောင်းလာစေပြီး လုပ်ကွက်ငယ်တောင်သူများနှင့် မြေယာမဲ့ပြည်သူများ၏ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့်ခိုင်မာမှုကိစ္စမှာလည်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်း ကြောင့် စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာတို့တွင် ပင်မ လုပ်ငန်းစဉ် ၁၄ ခုချမှတ်ပြီး မဟာဗျူဟာကျကျ ဆောင်ရွက်သွားရန် လျာထား ပြီး ဖြစ်ပါကြောင်း၊ ယင်းပင်မလုပ်ငန်းစဉ် ၁၄ ခု ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် လုပ်ငန်း ကော်မတီတစ်ခု ဖွဲ့စည်းဆောင်ရွက်ရန် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
အသိအမှတ်ပြု အကာအကွယ်ပေး
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ပေါ်လာရေး ဆောင်ရွက်လျက်ရှိသည့်နေရာတွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒသဘောတူညီချက်များအဖြစ် (၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်း အဝေးတွင် ၁ဝ ချက်၊ တတိယအစည်းအဝေးတွင် ၂ ချက် အတည်ပြုနိုင် ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒလမ်းညွှန်ချက်နှင့် အညီ အမျိုးသားမြေဥပဒေရေးဆွဲရေး၊ တည်ဆဲဥပဒေများသဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး၊ ဒေသခံ ဌာနေတိုင်းရင်းသားများနှင့် ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲရေးစနစ်များ၊ လုပ်ပိုင်ခွင့်များကို အမျိုးသားမြေဥပဒေရေးဆွဲသည့်နေရာတွင် ထည့်သွင်းအသိ အမှတ်ပြု အကာအကွယ်ပေးရေးနှင့် အခြားမြေယာစီမံခန့်ခွဲရေးကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် (၂၁)ရာစုပင်လုံ ညီလာခံက ထွက်ပေါ်လာသည့် မူဝါဒသဘောတူညီမှုများကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရေးသည်လည်း အရေးကြီးသည့် ရေရှည်လုပ်ငန်းစဉ်တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်
ထို့ကြောင့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရေတိုရေရှည် မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးရန်၊ အမျိုးသားမြေအသုံးချမှုမူဝါဒကိုအခြေခံပြီး အမျိုးသားမြေ ဥပဒေရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးရန်ရည်ရွယ်၍ ယခုအမျိုးသား မြေအသုံးချမှုမူဝါဒဆိုင်ရာ ဖိုရမ်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
အမျိုးသားမြေအသုံးချမှုမူဝါဒပါရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူ များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့်မြေယာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ယနေ့ဖိုရမ်သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလေးအနက်ထား ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယသမ္မတသည် ဖိုရမ်သို့တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အမျိုးသားမြေအသုံးချမှုမူဝါဒထွက်ပေါ်လာရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ပြခန်းကို လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ဖိုရမ်ကိုဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာ ကြသူများက အမျိုးသားမြေအသုံးချမှုမူဝါဒဖြစ်ပေါ်လာပုံ၊ အမျိုးသားမြေ အသုံးချမှုမူဝါဒပါ အရေးကြီးသောလမ်းညွှန်ချက်များ၊ မြေအသုံးချမှုကော်မတီ များ ဖွဲ့စည်းရေး ဆောင်ရွက်နေမှု၊ အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် ဥပဒေ များ သဟဇာတဖြစ်ရေး ဆောင်ရွက်မှုအခြေအနေ၊ အမျိုးသားမြေအသုံးချမှု အစီအစဉ်များနှင့် ဇုန်များရေးဆွဲအသုံးပြုခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ၊ မြို့ပြမြေအသုံးချမှု အစီအစဉ်ရေးဆွဲနေမှု၊ အမျိုးသား မြေပုံစနစ်ဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်များနှင့် မြေတိုင်းဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်တည်ထောင်ရေးစီမံကိန်းနှင့် တိုးတက်မှုများကို ဆွေးနွေးခဲ့ ကြသည်။
အမျိုးသားမြေအသုံးချမှုမူဝါဒဖိုရမ်ကို အောက်တိုဘာ ၃ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ဖိုရမ်ဒုတိယနေ့တွင် စိုက်ပျိုးမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ မြေယာကဏ္ဍဖွံ့ဖြိုးမှု၊ ဒေသခံဌာနေတိုင်းရင်းသားများ၏ လူနှင့်သစ်တောအတူယှဉ်တွဲ နေထိုင်ခြင်းနှင့် အမျိုးသားမြေအသုံးချမှုကောင်စီက ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment