စစ်တွေ စက်တင်ဘာ ၃ဝ
ရခိုင်ပြည်နယ်ရှိ ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်သူများ အကြား သဟဇာတရှိရှိ ငြိမ်းချမ်းစွာနေထိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြမ်းဖက်မှု ဖြစ်စဉ်များ ကြုံတွေ့ ခံစားခဲ့ရသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြိုနှင့် သက်လူမျိုးစုတို့အား ထောက်ပံ့ပေးနိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လှူဒါန်းသော အမေရိကန် ဒေါ်လာ တစ်သိန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ သိန်း ၁၃၃ဝ အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား သည်။
ဆက်လက်၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင် ပြည်မြို့သာသနာပိုင် ဆရာတော် ဦးပြုံးချိုတို့က လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လှူဒါန်း သော အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေ သိန်း ၁၃၃ဝ အား ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ယနေ့လွှဲပြောင်းပေးအပ်သည့် အလှူငွေများကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မောင်တောမြို့နယ်အတွင်း ရှိ ရွှေဇားကျေးရွာ၊ ဖော်ကီတောင်ကျေးရွာ၊ သက်ကိုင်ညာ ကျေးရွာ၊ ကြိမ်ချောင်းကျေးရွာနှင့် ငါးခူရကျေးရွာတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ပေါ် ရှိ မဏိရတနာကျောင်းတိုက်၊ ဓမ္မသုခကျောင်းတိုက်နှင့် ဒက္ခိဏာရာမကျောင်းတိုက်များသို့ သွားရောက်၍ ကျောင်းတိုက်ပဓာန နာယက ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment