ရန်ကုန် အောက်တိုဘာ ၂ဝ
မြန်မာအသည်းရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂ဝ၁၈) (Myanmar Liver
Symposium 2018) ဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီက
ရန်ကုန်မြို့ရှိ Novotel Yangon Max တွင် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ယခုကဲ့သို့ အသည်းရောဂါဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ကျင်းပခြင်းဖြင့် ပြည်တွင်းရှိ ဆေးပညာရှင်များ အနေဖြင့် အသည်းရောဂါဆိုင်ရာ နောက်ဆုံးပေါ်ကုထုံးများကို သိရှိနိုင်မည်ဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံများကို သိရှိကာ ၄င်းတို့အပေါ်အခြေခံ၍ မြန်မာနိုင်ငံရှိ အသည်းရောဂါဝေဒနာရှင် များကို ပိုမိုထိရောက်စွာ ကုသနိုင်ပြီး အသည်းရောင်အသားဝါ ရောဂါ ပပျောက်ရေးအထိ ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသား အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇွန်လမှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆေးရုံကြီးအချို့တွင် အသည်းရောင်အသားဝါ (စီ)ပိုး ကုသရေးလုပ်ငန်းကို ရန်ပုံငွေ$ကျပ်သန်းပေါင်းများစွာ အကုန်ကျခံကာ စတင်နိုင်ခဲ့ပြီး ယခု ၂ဝ၁၈ ခုနှစ်တွင် မြစ်ကြီးနား မြို့နှင့် မော်လမြိုင်မြို့တို့တွင်ပါ ကုသရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အသည်းရောင်အသားဝါရောဂါ(ဘီ)ပိုး ကာကွယ်ရေး အတွက် မွေးကင်းစကလေးငယ်တွေကို(ဘီ)ပိုး ကာကွယ်ဆေး ထိုးနှံခြင်းနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် (ဘီ)ပိုးကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ့ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုတစ်ရပ်အဖြစ် အသည်း အစားထိုးခွဲစိတ်ခြင်းလုပ်ငန်းကို မြန်မာနိင်ငံတွင် ၂ဝဝ၄ ခုနှစ်မှ စတင်၍ မြန်မာဆရာဝန်များက ဦးဆောင်၍ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲတွင် ပညာရှင်များ၏ ဆွေးနွေး ချက်များသည် မြန်မာနိုင်ငံတွင် အသည်းရောဂါဆိုင်ရာ ပြဿနာ များကို ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့်သုတေသန လုပ်ဆောင်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာ၌ လွန်စွာအကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် မိမိတို့နိုင်ငံတွင် အသည်းရောင်အသားဝါ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။
အခမ်းအနားတွင် မြန်မာငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး Mr. Scot Marciel ၊ B.K.Kee Foundation မှMr. Stan Sze၊ မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ခင်ပြုံးကြည်၊Community Partners Internationalမှ Dr. Tom Lee နှင့် Standford University Medical Center မှ Dr. Mindie H. Nguyenတို့ကလည်း ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်းနှင့် နှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအတွက် ကူညီထောက်ပံ့သည့် B.K.Kee Foundation ပေါ်ပေါက်လာပုံများကို ရှင်းလင်း တင်ပြခဲ့ကြသည်။
မြန်မာအသည်းရောဂါဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂ဝ၁၈) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား အသည်း ရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်၊ မြန်မာ့ အသည်းဖောင်ဒေးရှင်း၊B.K.Kee Foundation ၊ Stand-ford University နှင့် Community Partners Inter-national တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှလည်း ပံ့ပိုးကူညီထားကြောင်း သိရသည်။
ယင်းနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၂ဝ ရက်နှင့် ၂၁ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး အသည်းရောင် အသားဝါရောဂါဘီပိုး၊ စီပိုးနှင့် အသည်းရောဂါများအကြောင်းနှင့် ဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအကြောင်းကို သက်ဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
သတင်းစဉ်

No comments:
Post a Comment