ဒေါက်တာ မောင်ဖြေ
ဤအခါသမယသည် မိုးရာသီကုန်ဆုံးတော့မည်ဖြစ်သည်။ နေရောင်ခြည်ဖြာစပြုလာပြီဖြစ်၍ ရာသီဥတုသာယာတော့မည့် ဆောင်းရာသီ၏ အရုဏ်ဦးအချိန်အခါလည်းဖြစ်သည်။ ယင်း အချိန်တွင် ''ဝါလကင်းလွတ်၊ သီတင်းကျွတ်မို့'' ဆိုသည်နှင့်အညီ မြတ်ဘုရားရှင်၏ ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ ရက်တွင် ပုရိမ ဝါဆိုတော်မူကြသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သည်။
ပဝါရဏာပြုပွဲ
သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်များအနေဖြင့် ဘုရားရှင်၏ ဝိနည်းဒေသနာတော်အရ ပဝါရဏာပွဲတော်ကျင်းပရသည်။ ပဝါရဏာဟူသည် ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်းအဓိပ္ပာယ် ဖြစ်သည်။ ရဟန်းသံဃာတော်အချင်းချင်း အပြန်အလှန်ဖိတ်ကြားသည့် (ဝါ)တိုက်တွန်းတောင်းပန်ကြသည့် ပွဲပင်ဖြစ်လေသည်။
ပဝါရဏာပြုရာတွင် သိက္ခာဝါအကြီးဆုံးမထေရ်ကြီးမှာ ထေရ်စဉ်ဝါ လိုက်သံဃာများကို သုံးကြိမ်စီ ရိုသေစွာ ဖိတ်ကြားရသည်။ ဖိတ်ကြားပြီးတိုင်း ကျန်သံဃာများက သာဓု သုံးကြိမ်ခေါ်ကြရသည်။ သံဃာအားလုံး ဖိတ်ကြားပြီးသည့်အခါ တစ်ခါတစ်ရံ အကြီးဆုံးသံဃနာယက မထေရ်ကြီး က သံဃာများအား သြဝါဒစကား မိန့်ကြားတော်မူလေ့ရှိပေသည်။ ယင်းသို့ ရဟန်းသံဃာတော်များအချင်းချင်း အပြန်အလှန် ဖိတ်ကြားတိုက်တွန်းသော ပွဲကို ပဝါရဏာပွဲဟု ခေါ်ပါသည်။
မြတ်ဘုရားရှင် လက်ထက်တော်က ကောသလဇနပုဒ်၌ သီတင်း သုံးတော်မူကြသော ရဟန်းတော်တို့သည် ဝါတွင်းကာလကျွတ်၍ မြတ်ဘုရားရှင်ကို သွားရောက်ပူဇော်ကြသောအခါ မြတ်ဘုရားရှင်က ဝါတွင်းသုံးလ နေထိုင်ကျင့်ကြံပုံကို မေးမြန်းတော်မူသည်။ ရဟန်းတော်တို့က ဝစီပိတ်ကျင့်ကြကြောင်း ဂုဏ်ယူ၍ လျှောက်ထားသောအခါ မြတ်ဘုရားရှင် က အပြင်းအထန်ကဲ့ရဲ့ရှုတ်ချ ကန့်ကွက်တော်မူသည်။ တိရစ္ဆာန်အကျင့် ဖြစ်ကြောင်း၊ တိတ္ထိအကျင့်ဖြစ်ကြောင်း ပစ်ပစ်ခါခါ နှိမ့်ချပြောဆိုတော် မူသည်။ သံဃာကို မြတ်ဘုရားရှင်သည် အလွန်အားထားသည်။ အလွန် အားကိုးသည်။ ထို့ကြောင့် မြတ်ဘုရားရှင်က သံဃာအတွင်း စည်းလုံး ညီညွတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးကို ရှေးရှု၍ ဝါကျွတ်လျှင် ပဝါရဏာပြုကြရန် မိန့်ဆိုပညတ်တော်မူခြင်းဖြစ်သည်။
''ရဟန်းတို့ သင်တို့သည် ဝါဆိုပြီးမြောက် ဝါကျွတ်သို့ရောက်လျှင် မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း၊ အပြစ်ကိုထောက်ပြဆုံးမနိုင် ခြင်း၊ အချင်းချင်းဖိတ်မံပြီး ပဝါရဏာပြုကြရမည်။ ထိုသို့ပြုကြသဖြင့် ညီညွတ်မှုရလိမ့်မည်။ အပြစ်ကင်းလိမ့်မည်။ ကိုယ်ကျင့်တရားကို ဦးထားရာ ရောက်လိမ့်မည်''ဟု ဟောမြတ်တော်မူလေသည်။
အဘိဓမ္မာတရားဟောကြားခြင်း
မြတ်ဘုရားရှင်သည် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေပိုင်းတွင် သာဝတ္ထိပြည်အနီးရှိ ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကို ရေ၊ မီး အစုံစုံတန်ခိုးပြာဋိဟာပြသတော်မူခဲ့သည်။ ယင်းတန်ခိုးပြာဋိ ဟာပွဲကြီးအပြီးတွင် မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောကြားတော် မူခြင်းဖြင့် ကျေးဇူးဆပ်ရန်အတွက် မြတ်ဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ ကြွမန်းတော်မူ၍ သတ္တမဝါကပ်တော်မူသည်။ မြတ်ဘုရားရှင် တာဝတိံသာနတ်ပြည်သို့ ရောက်ရှိပြီး သန္တုသိတမည်သော မယ်တော် မိနတ်သား အမှူးပြုသည့် စကြဝဠာပေါင်း တိုက်တစ်သောင်းတို့မှ နတ်ဗြဟ္မာ ပရိသတ်တို့အား အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလပတ်လုံး နေ့၊ ည မစဲ ဟောကြားတော်မူလေသည်။ ဘုရားရှင်၏ အဘိဓမ္မာတရား ဟောကြား ခြင်းသည် ဝါတွင်းသုံးလမြောက်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးလေသည်။
လူ့ပြည်မှ အချိန်ကား နှစ်တစ်ရာသည် တာဝတိံသာနတ်ပြည်မှ အချိန်ကား တစ်ရက်နှင့်ညီမျှသည်။ မြတ်ဘုရားရှင် ဟောကြားသော ဝါတွင်း ကာလ သုံးလဟူသည် နတ်ပြည်အတွက် အနည်းငယ်သောအချိန်မျှသာ ဖြစ်သည်။ လူသားစင်စစ်မှ ဘုရားဖြစ်သော မြတ်ဘုရားရှင်အနေဖြင့် လူ့ပြည်၏ သဘာဝအတိုင်း သုံးလမျှကြာမြင့်သည်။
တန်ခိုးပြာဋိဟာပြခြင်း
မြတ်ဘုရားရှင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူခြင်း၊ တန်ခိုး ပြာဋိဟာပြခြင်းတို့အား လူပရိသတ်တို့ လုံးဝမသိရှိကြပါ။ မြတ်ဘုရားရှင် ပျောက်ကွယ်သွား၍ အရှင်အနုရုဒ္ဓါမထေရ်မြတ်အား မေးမြန်းလျှောက်ထား ရာ ''တာဝတိံသာ နတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်းခင်းထားသော ပဏ္ဍုကမ္ဗလာမြကျောက်ဖျာတွင် ဝါကပ်တော်မူ၍ မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူရန် ကြွတော်မူကြောင်း သိရှိကြရ၏။
အဝန်းသုံးဆယ့်ခြောက်ယူဇနာရှိသော လူထုပရိသတ်ကြီးသည် မြတ်ဘုရားရှင်အား မဖူးမြော်ရဘဲ ငါတို့ မသွားကြကုန်ဟု တိုင်ပင်ကြပြီး ထိုအရပ်၌ ယာယီမဏ္ဍပ်များ ဆောက်လုပ်နေထိုင်ကြ၏။ သီတင်းကျွတ်လပြည့် နေ့တွင် မြတ်ဘုရားရှင်သည် တပည့်ကြီး ရှင်သာရိပုတ္တရာ ဝါကပ်တော်မူရာ သင်္ကဿနဂိုရ်ပြည်သို့ ကြွဆင်းတော်မူမည့်အကြောင်းကို ရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးထံမှတစ်ဆင့် ကြားသိရ၏။ ယူဇနာသုံးဆယ် ကွာဝေးသော သင်္ကဿနဂိုရ်ပြည်သို့ တစုတဝေးတည်း သွားရောက်ကြရန် ကြိုတင်ပြင်ဆင် လျက်ရှိ၏။
မြတ်ဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာ၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၍ သန္တုသိတအမည်ရှိသော မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာပေါင်းတိုက်တစ်သောင်းတို့မှ ခညောင်းရောက်ရှိလာသော နတ်ဗြဟ္မာပရိသတ်တို့အလယ်တွင် အဘိဓမ္မာတရားတော်မြတ်ကို ဝါတွင်းသုံးလ ပတ်လုံး ဟောကြားတော်မူလျက် မယ်တော်မိနတ်သားအား ကျေးဇူး ဆပ်တော်မူ၏။
မြတ်ဘုရားရှင်သည် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေပိုင်းတွင် မယ်တော်ဖြစ်ခဲ့သော မိနတ်သားအား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်တော်မူခဲ့၏။
အဘိဓမ္မာတရားတော်
ကုသိုလ်၊ အကုသိုလ် စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ပြဆို ဟောကြားတော်မူသော ''ဓမ္မသင်္ဂဏီ ကျမ်း''၊ ခန္ဓာစသောတရားတို့ကို သုတ္တန် နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေး၊ အဖြေပြုကာ အကျယ်တဝင့် ဝေဖန် ဟောကြားသော ''ဝိဘင်းကျမ်း''၊ ဓာတ်အမျိုးမျိုးကို ဟောကြားသော ''ဓာတု ကထာကျမ်း''၊ ပုဂ္ဂိုလ် အမျိုးမျိုးတို့ကို ခွဲခြားသတ်မှတ်အမည်တပ်၍ ဟောကြား သော ''ပုဂ္ဂလပညတ်ကျမ်း''၊ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာ ဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသော ''ကထာဝတ္ထုကျမ်း''၊ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားသော ''ယမိုက်ကျမ်း''၊ အကြောင်းအမျိုးမျိုးကို လည်းကောင်း၊ ကုသိုလ် စသောတရား တို့ကို (၂၄) ပစ္စည်းတို့ဖြင့် လည်းကောင်း ဝေဖန်ဟောကြားပြီး သဗ္ဗညုတ Óဏ်တော်၏ ကျက်စားရာဖြစ်သည့် ''ပဋ္ဌာန်းကျမ်း''ဟူ၍ ခုနစ်ကျမ်းဖြစ်သည်။
ဂမ္ဘီရလေးမျိုးဖြင့် ပြည့်စုံသောတရား
(၁) မြတ်စွာဘုရားရှင်က သန္တုသိတမည်သော မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သည့်အနေဖြင့် ဟောကြားတော်မူသော တရားဖြစ်ခြင်း။
(၂) တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူသော တရားဖြစ်ခြင်း။
(၃) မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခြင်း။
(၄) ပကတိမြတ်စွာဘုရားနှင့် နိမ္မိတဘုရားရှင်တို့ တစ်လှည့်စီ ဟောကြား တော်မူခြင်းဟူသည့် ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါသည်။
ထို့အပြင် အဘိဓမ္မာတရားတော်သည် ပါဠိ၏နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ဥာဏ်တော် ၏ နက်နဲခြင်း ဟူသော ဂမ္ဘီရလေးမျိုးနှင့်လည်း ပြည့်စုံသည်။
အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း
(၁) လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပပရိစ္ဆေဒÓဏ် ရင့်သန်စေခြင်း။
(၂) မဂ်ဖိုနိဗ္ဗာန် ရောက်ရန်လမ်းကြောင်း အထောက်အပံ့ရနိုင်ခြင်း။
(၃) ဘေးဥပဒ်အန္တရာယ် ကင်းဝေးစေခြင်း။
(၄) ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေခြင်းစသည့် အကျိုးတရား များ ရရှိနိုင်ပါသည်။
မြတ်ဘုရားရှင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သော အဘိဓမ္မာတရားများသည် ပိဋကတ်သုံးပုံတွင် ပါဝင်သည်။ ပိဋကတ်သုံးပုံ တွင် အဘိဓမ္မာသည် နက်နဲသည်။
နည်းသမုဒ္ဒရာပဋ္ဌာန်းကျမ်း
မြတ်ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးသည့်နောက် စတုတ္ထမြောက် ရတနာဃရသတ္တာဟ၌ စံနေတော်မူစဉ် အဘိဓမ္မာခုနစ်ကျမ်းကို သုံးသပ် ဆင်ခြင်တော်မူသည်။ အစဉ်အတိုင်း ဆင်ခြင်တော်မူရာ သတ္တမမြောက် ပဋ္ဌာန်းကျမ်းသို့ အရောက်တွင် ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် အံ့သြဖွယ်ကွန့်မြူး၍ ထွက်ပေါ်လာသည်။
ထို့ကြောင့် ပဋ္ဌာန်းကျမ်းကြီး၏ ကြီးကျယ်မြင့်မြတ်နက်နဲပုံကို သိမြင် နိုင်ကြပေသည်။ ပဋ္ဌာန်းဟူသောစကားသည် ပဋ္ဌာနပါဠိမှ ဆင်းသက်လာ သော စကားဖြစ်သည်။ ပဋ္ဌာနသည် ပ=အမျိုးမျိုးအပြားပြားအစားစား၊ ဌာန=အကြောင်းပစ္စည်း၊ ပဋ္ဌာနသဒ္ဒါသည် အမျိုးမျိုးအပြားပြား များပြား သော အကြောင်းပစ္စည်းတို့ကို ဟောကြားရာဖြစ်သောကျမ်းကို ပဋ္ဌာန်းဟု ခေါ်သည်။ ¤င်းအပြင် ပဋ္ဌာန်းကျမ်းသည် အနက်ဖွင့်ဆိုနည်း များပြားစွာ ရှိ၍လည်း အနန္တပဋ္ဌာန်းကျမ်းဟုလည်း ခေါ်သည်။
ပဋ္ဌာန်းကျမ်းကြီးတွင် ပဋ္ဌာန်းကျမ်းငယ်ပေါင်း ၂၄ ကျမ်းပါဝင်သည်။ ပဋ္ဌာန်း ၂၄ ကျမ်းသည် (၁)ဓမ္မနုလောမ ပဋ္ဌာန်း၊ (၂) ဓမ္မပစ္စနီယပဋ္ဌာန်း၊ (၃) ဓမ္မာနုလောမပစ္စနီယပဋ္ဌာန်း၊ (၄) ဓမ္မပစ္စနီယာနုလောမပဋ္ဌာန်း တို့ဖြစ်သည်။ ထိုမူရင်းဟောပုံလေးကျမ်းထဲမှ (၁) တိကပဋ္ဌာန်း၊ (၂) ဒုက ပဋ္ဌာန်း၊ (၃) ဒုကတိကပဋ္ဌာန်း၊ (၄) တိကဒုကပဋ္ဌာန်း၊ (၅) တိကတိကပဋ္ဌာန်း၊ (၆) ဒုကဒုကပဋ္ဌာန်း ဟူ၍ ကျမ်းငယ်ခြောက်ကျမ်းစီတွင် မူရင်းလေးကျမ်းနှင့် မြှောက်ခြင်းမှ ၂၄ ကျမ်း ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ပဋ္ဌာန်း ၂၄ ကျမ်းဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ပင်လယ်သမုဒ္ဒရာသည် အောက်ခြေ၌ မြေပြင်နှင့်ပိုင်းခြားပြီး အပေါ် မှာ လဟာပြင်နှင့် အနားကွပ်ထားသကဲ့သို့ တစ်ဖက်မှာ စကြဝဠာတောင်တန်း နှင့် ခါးပန်းသတ်ထားပြီး တစ်ဖက်မှာ ဆိပ်ကမ်းနှင့် နှုတ်ခမ်းသတ်ထား ခြင်းဖြစ်သည်။ ပဋ္ဌာန်းကျမ်းသည် ထက်၊ အောက်၊ ဝဲ၊ ယာမှာ ဆုံးခန်းပိုင်းခြား သတ်မှတ်၍မရဘဲ နက်နဲသိမ်မွေ့ ကျယ်ဝန်းလှပေသည်။ ပင်လယ်သမုဒ္ဒရာ ထက် ပဋ္ဌာန်းကျမ်းမြတ်သည် တိုင်းတာနှိုင်းစာ၍ မရနိုင်အောင် နက်နဲ ကျယ်ဝန်းပေသည်။ ထို့အပြင် အပြောကျယ်လှပေသော ရေပြင်ရှိသော မဟာသမုဒ္ဒရာကြီးကို ''ဇလသာဂရ'' ခေါ်သည်။ မဟာပဋ္ဌာန်းကျမ်းကြီးကို ''နယသာဂရ'' ခေါ်သည်။ ဘုရားရှင်၏ သဗ္ဗညုတÓဏ်တော်ကြီးကို ''Óဏသာဂရ'' ဟု ခေါ်သည်။ အစမထင်သော သံသရာဝဋ်ဒုက္ခကြီးကို ''သံသာရသာဂရ'' ဟု ခေါ်သည်။ နည်းပေါင်းများစွာ အနက်ရှိခြင်းကြောင့်လည်း နည်းသမုဒ္ဒရာဟုပင် အဋ္ဌကထာဆရာတော် များက ဆိုခဲ့သည်။
ပူဇော်ကန်တော့ကြခြင်းဓလေ့
ဘုရား၊ တရား၊ သံဃာတော်အရှင်သူမြတ်တို့ကို ကိုးကွယ် ယုံကြည်သည့် ဓလေ့များမှာ ပုဂံခေတ်ကပင် ရှိခဲ့သည်။ အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံအရှင်မြတ်၏ အဆုံးအမဖြင့် မြန်မာတို့၏ စိတ်အစဉ်ဝယ် ကိန်းအောင်းမွေ့လျော်ခဲ့သည်ကို တွေ့ရ၏။
သီတင်းကျွတ်လပြည်နေ့၌ မြတ်ဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ကြွမန်းလာပုံ၊ လူတို့ကလည်း ဆီမီးများပူဇော်ထွန်းညှိကြိုဆိုပုံတို့ ကို ရည်မှန်းကာ မြတ်ဘုရားရှင်ဟောကြားတော်မူသည့် အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်သင်ကြား နာယူကြလျက် မြန်မာမှုအစဉ်အလာအရ သက်ကြီး ရွယ်အို ဘိုးဘွား မိဘ ဆရာသမားတို့အား ပူဇော်ကန်တော့ကြခြင်းဖြင့် ဘေးဥပဒ်အန္တရာယ်ကင်းဝေးပြီး ကျက်သရေမင်္ဂလာအဖြာဖြာတို့ဖြင့် ပြည့်စုံ ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသတည်း။ ။
No comments:
Post a Comment