Tuesday, October 2, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်


Image may contain: 2 people, flower
နေပြည်တော် အောက်တိုဘာ ၁
(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သံတမန်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အလံတင်အခမ်းအနား ပြုလုပ်ပြီး ကျဆုံးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသော အားဖြင့် တစ်မိနစ်ငြိမ်သက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းမှစတင်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ''ပြည်သူ့ရဲတပ်ဖွဲ့''ဟု အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါနေ့ကိုပင် ရဲတပ်ဖွဲ့နေ့ဟုသတ်မှတ်ခဲ့ပြီး ထိုအချိန်ကတည်းက ဦးထိပ်ပန်ဆင်ထားသော ''သစ္စာ သမာဓိ၊ သတ္တိ''ဆိုသည့် ဆောင်ပုဒ် နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထိုမှတစ်ဆင့် ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အမည်သို့ စတင်ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ ဖြစ်လာစေရန် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲလာအောင် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ပင် ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေး တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါကြောင်း။
ယနေ့ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအပါအဝင် အမျိုးစုံသော မှုခင်းများကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးကြိုးပမ်းရာတွင် မှုခင်းများ များပြား ခြင်းနှင့် လျော့နည်းခြင်းတို့ကိုဖြစ်စေသည့် အကြောင်းတရားများသည် ဆက်စပ် လျက်ရှိသည့် လူမှုရေးပြဿနာများ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ စီးပွားရေးဆိုင်ရာပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့်အတွက် လက်ရှိကျင့်သုံးနေသည့်ဥပဒေများနှင့် တရားစီရင် ရေးစနစ်တို့အပေါ်တွင်သာ မှီခိုအားထားခြင်းတစ်ခုတည်းဖြင့် မလုံလောက်တော့ ဘဲ ရဲတပ်ဖွဲ့နှင့်အတူ တရားစီရင်ရေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နေရာချထားရေးနှင့် အလုပ်အကိုင်ရှာဖွေရေးကဏ္ဍများ၊ မီဒီယာ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရေး သည် အထူးအရေးကြီးပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာ
ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်းနေရသည့် ပြဿနာတစ်ရပ်မှာ မူးယစ်ဆေးဝါးပြဿနာပင် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်း ကြရာ၌ နိုင်ငံအစိုးရအသီးသီးသည် နိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပထဝီ မြေအနေအထားတို့အပေါ်အခြေခံပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ လည်း မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရပြီး နိုင်ငံတော်အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက် ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံများအရ မူးယစ်ဆေးဝါးပြဿနာကို ပိုမိုထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာ သည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံသည် ၂ဝ၁၇ ခုနှစ် UNODC ၏ အစီရင်ခံစာအရ ဘိန်း စိုက်ပျိုးမှုတွင် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဘိန်းမည်းကိုအခြေခံသည့် မူးယစ် ဆေးဝါးထုတ်လုပ်မှုတွင်လည်း ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ သို့သော် ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ကြွ ဆေးပြားကဲ့သို့သော စိတ်ပြောင်းဆေးဝါးအသစ်များ ထွက်ရှိလာသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိနေသည့်အတွက် ထုတ်လုပ် မှု ပိုမိုများပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ဝယ်လိုအားကိုလျှော့ချနိုင်ရေး နှင့် ပြည်တွင်းသုံးစွဲမှုကို လမ်းလွဲမရောက်ရှိစေရေးအတွက် မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများနှင့်အတူ သက်ဆိုင်ရာဌာန အသီးသီးက ပူးပေါင်းဖြေရှင်းပေးမှသာ ထိရောက်စွာထိန်းချုပ်နိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် တရားမဝင် လမ်းကြောင်းမှ ပြည်တွင်း၊ ပြည်ပသယ်ဆောင် ရောင်းဝယ်နေခြင်းများကိုလည်း ထိထိရောက်ရောက် တားဆီးထိန်းချုပ်နိုင်ရန် အရေးကြီးပါကြောင်း။
မူးယစ်ဆေးဝါးပြဿနာသည် ပြည်သူလူထု၏ကျန်းမာရေး၊ လူမှုရေးနှင့် အခြေခံစီးပွားရေးတို့ကိုအမျိုးမျိုးပျက်သုဉ်းစေသကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများ နှင့် အကြမ်းဖက်မှုခင်းများ၏ အကျိုးဆက်ရလဒ်အဖြစ် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လှိုက်စားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ပူးပေါင်း ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းသုံးခုကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကွန်ဗင်းရှင်း များနှင့်အညီ ဥပဒေများပြင်ဆင်ပြဋ္ဌာန်းပြီးဖြစ်သကဲ့သို့ မူးယစ်ဆေးဝါးထိန်းချုပ် ရေး အာဏာပိုင်အဖွဲ့အစည်းများဖွဲ့စည်းပြီး စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
ရေးဆွဲပြဋ္ဌာန်းထား
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ဆောင်ရွက်နေသည့် တားဆီးနှိမ်နင်း ရေးနှင့် တရားစီရင်ရေးကဏ္ဍတို့၏ မဟာဗျူဟာတစ်ခုတည်းအပေါ်၌သာ အခြေပြုနေရုံဖြင့် မရတော့ဘဲ အခြားကဏ္ဍများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါကြောင်း၊ ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာ ဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ရာ ဘက်ပေါင်းစုံ ချဉ်းကပ်မှုများပါဝင်သည့် မူးယစ်ဆေးဝါးမူဝါဒများ ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအကြံပြုချက်များကို ချမှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့အနေဖြင့်လည်း ကုလသမဂ္ဂလုပ်ငန်း အကြံပြုချက်များနှင့်အညီ ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ သစ်တစ်ရပ်ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်အရ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ချရေးအတွက် သုံးစွဲမှုနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေးနှင့် လူ့အခွင့်အရေးပြဋ္ဌာန်း ချက်များနှင့်အညီ ဖြစ်စေရေးစသည့် ကဏ္ဍပေါင်းစုံပါဝင်သော မူးယစ်ဆေးဝါး ပြဿနာလျှော့ချစေခြင်းအားဖြင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်ကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရှင်းလင်း ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး လုပ်ငန်းစီမံချက် (Action Plan)တစ်ခုကို နှစ်နှစ် ကာလသတ်မှတ်၍ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျလက်ခံ အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံး၌ ''မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန'' ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် ''လူကုန်ကူးမှုတိုက်ဖျက်ရေး''ကိုလည်း ၁၉၉၇ ခုနှစ်က စတင်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တိုက်ဖျက်လာခဲ့ပါ ကြောင်း၊ ယခုဆိုလျှင် နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါကာလ အတွင်း ထိရောက်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း နိုင်ခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ကုလသမဂ္ဂ နှင့် အာဆီယံဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေး စာချုပ်စာတမ်းများတွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးနိုင်ခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ တတိယငါးနှစ်စီမံကိန်းတွင် မူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေး စသည့် ကဏ္ဍ(၄)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ် အဖွဲ့ဝင်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး အင်တာပိုလ်ဌာနချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများ အတွင်း နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ၊ မှုခင်းပိုင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ် မှုများအပြင် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်း အဝေးများ၊ သင်တန်းများနှင့် မှုခင်းတားဆီးနှိမ်နင်းရေးစစ်ဆင်ရေးများတွင်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
ပါဝင်ဆောင်ရွက်
ထို့ပြင် အင်တာပိုလ်အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မှုခင်းတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများဖြစ်သည့် ၂ဝ၁၈ ခုနှစ်အတွင်း အင်တာပိုလ်၏ ဆေးဝါးတုတိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ၊ လူမှောင်ခိုကူးမှု တားဆီးနှိမ်နင်း ရေးဆိုင်ရာ နယ်စပ်ဒေသစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများရှိ နယ်စပ် ဝင်၊ ထွက် ပေါက်များတွင် ရာဇဝတ်မှုကျူးလွန်သူများနှင့် အကြမ်းဖက် မှုဖြင့် သံသယရှိသူများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကို အင်တာပိုလ်သတင်းအချက်အလက်စနစ်ဖြင့် ချိတ်ဆက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကိုလည်း ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း။
အလားတူ အာဆီယံအမျိုးသားရဲအဖွဲ့ အဖွဲ့ဝင်နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် နှစ်စဉ်ပြုလုပ် သည့် အာဆီယံအမျိုးသား ရဲအဖွဲ့ရဲချုပ်များ ညီလာခံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပုံမှန်တက်ရောက်လျက်ရှိပြီး တရား မဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ လက်နက် မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်းများ၊ ပင်လယ်ရေကြောင်း လိမ်လည်မှု၊ စီးပွားရေးမှုခင်း၊ ဘဏ်နှင့်အကြွေးဝယ်ကတ် လိမ်လည်မှုများ၊ ဆိုက်ဘာနှင့် ကွန်ပျူတာမှုခင်း၊ ခရီးသွားအထောက်အထားများ အတုပြု လုပ်မှု၊ နိုင်ငံဖြတ်ကျော်လိမ်လည်မှု စသည့် မှုခင်းကိစ္စရပ် များ၊ အာဆီယံရဲအဖွဲ့ သတင်းအချက်အလက် ထိန်းသိမ်းမှု စနစ် တိုးတက်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ အချင်းချင်း အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံ ရဲတပ်ဖွဲ့ဝင်နိုင်ငံများအကြား အမှုကြီးများ စီမံခန့်ခွဲမှုနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးသင်တန်းများ ဖလှယ်ရေး၊ အာဆီယံ ရဲအဖွဲ့ မှုခင်းစုံစမ်းစစ်ဆေးမှု ကွန်ရက်တည်ထောင်ရေး တို့နှင့်ပတ်သက်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း။
လေ့ကျင့်ဖြည့်ဆည်း
မျက်မှောက်ခေတ်အခြေအနေကို ကြည့်မည်ဆိုလျှင် နည်းပညာတိုးတက်မှုနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲ တိုးတက်လျက် ရှိနေပါကြောင်း၊ အဆိုပါတိုးတက်ပြောင်းလဲ မှုများနှင့်အတူ ဖြစ်ပေါ်လာသည့် မှုခင်းပုံစံသစ်များ ရှိလာ သကဲ့သို့ အကြမ်းဖက်မှုများကြောင့် မတည်ငြိမ်မှုဖြစ်ခြင်းများ ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင် အဆင့်ဆင့်တိုင်း အရည်အသွေး ပြည့်ဝနေစေရန် စဉ်ဆက် မပြတ် လေ့ကျင့်ဖြည့်ဆည်းပေးသွားကြရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်တွင်း၊ ပြည်ပ အလုပ်ရုံ ဆွေးနွေးပွဲများ၊ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများသို့ စေလွှတ်လျက် ရှိပြီး ရရှိလာသည့် အတွေ့အကြုံများမှတစ်ဆင့် တပ်ဖွဲ့ဝင် များ၏ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းစွမ်းရည်များ မြင့်မား လာစေရုံသာမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် ရည်မှန်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
စောင့်ကြည့်လေ့လာ
ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာ စေရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် နယ်ပယ်(၄)ရပ် သတ်မှတ်ထားပြီး နိုင်ငံတကာ စံနှုန်းနှင့်ညီသည့် ရဲလုပ်ငန်းလုပ်ထုံးလုပ်နည်း များ အသိပညာပေးမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းများ၊ ကျား၊ မ ခွဲခြားမှုမရှိသော လူ့အခွင့်အရေး ဆိုင်ရာများ၊ ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းဆိုင်ရာ သင်တန်းများ၊ မှုခင်းစုံစမ်းစစ်ဆေးခြင်း သင်တန်းများ၊ တာဝန်ယူမှုလုပ်ငန်းစဉ်များ၊ မီဒီယာပူးပေါင်းပါဝင်မှုကဏ္ဍ၊ ထိရောက်သော စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအား ဥပဒေ ရေးရာများ၊ မှုခင်းဆိုင်ရာများနှင့်စပ်လျဉ်းသည့် ဆင့်ပွား အသိပညာပေးခြင်းများကို အလေးထားမြှင့်တင်ဆောင်ရွက် လျက်ရှိပြီး ပြည်သူများကလည်း သွယ်ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သတင်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများ တိုးမြှင့်လာခြင်းဖြင့် မှုခင်းများကို ပိုမိုဖော်ထုတ် တားဆီးအရေးယူဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ် နှင့်အညီ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍသည်လည်း အရေးပါ လာသည့်အတွက် ဖွဲ့စည်းပုံနှင့် အင်အားတိုးတက်ပြောင်းလဲ ဖွဲ့စည်းခဲ့သကဲ့သို့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံ ရဲအဖွဲ့များနှင့် ဆက်ဆံမှုနယ်ပယ် ပိုမိုကျယ်ပြန့်လာသည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို အဆင့်မြှင့်တင် တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း။
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးကိစ္စရပ်များသည် အရေးကြီးသကဲ့သို့ ပြောင်းလဲလာသည့် မှုခင်းပုံစံ အခြေအနေသစ်များကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေတ်မမီတော့သည့် လက်နက် များအစား ခေတ်မီလက်နက်များကို ပြောင်းလဲတပ်ဆင်ခြင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မှုခင်းသုံးခေတ်မီ နည်းပညာပစ္စည်းများ၊DNA ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၊ Mobile X- Rayယာဉ်များ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။
တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအပေါ်တွင် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုဆုတံဆိပ်များကို နှစ်စဉ်နှစ်တိုင်း စိစစ်ချီးမြှင့်ပေးလျက်ရှိသည့်အတွက် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်မြှင့်တင်ရေးကိုပါ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ မိမိတို့ကျရာကဏ္ဍတွင် တာဝန် ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူ၊ ကိုယ်အင်္ဂါ စွန့်လှူသွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များအတွက် ရဲတပ်ဖွဲ့ဝင် များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်နှင့် ကြိုးပမ်းမှုများအပေါ်၌ လည်း အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း။
အကြောက်တရားများလျှော့ချ
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည် ဆိုသည့် မျှော်မှန်းချက် များနှင့်အညီ ရဲတပ်ဖွဲ့ကို တည်ဆောက်ရာတွင် ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်မှု၊ ခေတ်မီပစ္စည်းကိရိယာများ၊ လုံခြုံရေး အသုံးအဆောင်များ စသည်တို့ကို ခေတ်ကာလနှင့် လျော်ညီအောင် နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည် ပြည့်ဝရေးဆိုသည်များကို တပ်ဖွဲ့ဝင်တစ်ဦးချင်းစီက စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ထို့အပြင် မိမိတို့၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်မှု၊ မှုခင်း ဖြစ်ပွားမှုအခြေအနေများကို ထိရောက်စွာ ထိန်းချုပ်နိုင်မှု၊ ပြည်သူများ၏ လိုလားချက်များအပေါ် တရားဥပဒေနှင့် အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်မှု စသည့်အခြေအနေများ ကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုထံသို့ မှန်ကန်သည့်သတင်းအချက်အလက်များ ပို့ဆောင်နိုင်ခြင်း နှင့် မှုခင်းနှင့်သက်ဆိုင်သည့် အကြောက်တရားများ လျှော့ချပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အစဉ်ကြိုးပမ်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းကျွမ်းကျင်မှုများနှင့် အတူ ဥပဒေကိုကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာ ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်း များဖြစ်ရန် ကြိုးပမ်းကြစေလိုပါကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ် ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်း၍ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိတို့အလုပ် တာဝန်များကို တန်ဖိုးထားဂုဏ်ယူစွာဖြင့် အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ နှစ်ဦးနှင့်DNA ကျွမ်းကျင် ပညာရှင် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ တစ်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင် လေးဦးအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးက စံပြရဲဆု ရရှိသည့် တပ်ဖွဲ့ဝင် ငါးဦးအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်Video Clip ကို ပြသသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူ များက (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဒုတိယ ရဲချုပ်များ၊ ရဲဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများက ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည့် တာဝန်သိပြည်သူ လေးဦးနှင့် အနုပညာရှင်များ၊ အဆင့်တိုးမြှင့်ခြင်းခံရသည့် တပ်ဖွဲ့ဝင် ခြောက်ဦး၊ အားကစားထူးချွန်ဆုရရှိသူ တစ်ဦး၊ ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူ ခြောက်ဦး၊ အမျိုးသမီး စွမ်းဆောင်ဆု တစ်ဦးနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆု ရရှိသူ မိသားစုဝင်သုံးဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
သတင်းစဉ်

No comments:

Post a Comment