Saturday, October 27, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်နှင့် ရိုးရာယဉ်ကျေးမှုပြခန်းများအား သွားရောက်ကြည့်ရှု


Image may contain: 9 people, people smiling, people standing and outdoor

နေပြည်တော် အောက်တိုဘာ ၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ နတ်မတောင်(ခေါ်နူးစုမ်)အမျိုးသားဥယျာဉ် နှင့် ရိုးရာယဉ်ကျေးမှုပြခန်းများအား သွားရောက်ကြည့်ရှုပြီး ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့်ထွက်ခွာရာ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ် ယာဉ်များဖြင့် ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ ရောက်ရှိကြရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ကန်ပက်လက်မြို့ အမှတ် (၂) ရပ်ကွက်၌ ခင်းကျင်းပြသထားသည့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အတွင်းရှိ ရာ့၊ ဒိုင်၊ ဒါးရင်ဒူး၊ အု(ပ်)ပူးနှင့် မွင်း မျိုးနွယ်စု များ၏ ရိုးရာယဉ်ကျေးမှုပြခန်းများကို လေ့လာကြည့်ရှုကြရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ချင်းပြည်နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငိုင်းဟောက်ညောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

ကပ်လှူပူဇော်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်ဖြင့် နတ်မတောင်(ခေါ်နူးစုမ်)တောင်သို့ရောက်ရှိပြီး ဇိနမာန်အောင် ဆုတောင်းပြည့်စေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်အတွင်းရှိ ဇီဝ မျိုးစုံမျိုးကွဲအပင်မျိုးစိတ်များနှင့်စပ်လျဉ်း၍ လေ့လာကြည့်ရှု ပြီး အသေးစိတ်မေးမြန်းဆွေးနွေးရာ သစ်တောဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး ဒေါက်တာ ဒေါ်မူမူအောင်က ရှင်းလင်းပြသသည်။

သိရှိလိုသည်များကို မေးမြန်း
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ် ယာယီရှင်းလင်း ဆောင်သို့ ရောက်ရှိကြရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ ဒေါ်မူမူအောင်တို့က နတ်မတောင် အမျိုးသား ဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ နတ်မတောင်အမျိုးသား ဥယျာဉ်၏ သစ်တောဖုံးလွှမ်းမှုများ၊ ဇုန်နယ်မြေအလိုက် စီမံ အုပ်ချုပ်မှုများ၊ မျက်ခုံးဖြူငှက်ပြာခြောက် ကျက်စားရှင်သန် နေထိုင်မှု၊ သဘာဝနယ်မြေအတွင်း ဒေသခံပြည်သူများအတွက် ဆိုင်ရာဆိုင်ခွင့် ယာမြေလုပ်ကိုင်ခွင့်ပြုထားမှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေတည်ရှိမှု များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သိရှိလိုသည်များကို မေးမြန်း သည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များ အတွင်းတည်ရှိပြီး အမြင့်ပေ ၁ဝ၅ဝဝ ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်း ၁၇၆၂ဝ၂ ဧက (၂၇၅ ဒသမ ၃၅ စတုရန်းမိုင်) ရှိသည်။
နတ်မတောင်(ခေါ်နူးစုမ်)တောင်သည် ချင်းပြည်နယ် တွင် အမြင့်ဆုံးတောင်မကြီးတစ်ခုဖြစ်ပြီး ဂေဟစနစ်နှင့် ဇီဝ မျိုးစုံမျိုးကွဲဆိုင်ရာ အရေးပါသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လွန်စွာအရေးပါ
ဧရာဝတီမြစ်၏စီးဝင်မြစ်လက်တက်များမြစ်ဖျားခံရာ ရေဝေ ရေလဲတောင်ကြောများ တည်ရှိခြင်း၊ သစ်တောဂေဟစနစ်နှင့် တောင်ပေါ်ဂေဟစနစ်တို့အရ ထူးခြားအရေးပါသည့် မြေသားဖွဲ့စည်းမှုတောင်တစ်ခုဖြစ်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်သည့် မျက်ခုံးဖြူငှက်ပြာခြောက် ကျက်စားရာ မူလနေရင်းဒေသဖြစ်ခြင်းတို့ကြောင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးအတွက် လွန်စွာအရေးပါသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း သိရပြီး ပရဆေးပင် ၇၁ ပင်နှင့် သစ်ခွမျိုးစိတ် ၉၁ မျိုးပေါက်ရောက်ကြောင်း၊ အလားတူ နို့တိုက်သတ္တဝါ ၃၅ မျိုး၊ တောင်ပေါ်ငှက်မျိုးပေါင်း ၃၄၅ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၁ဝ၅ မျိုး၊ လိပ်ပြာ ၉၉ မျိုးနှင့် အခွံမာ ပိုးကောင် ၃၅ မျိုးတို့ကို တွေ့ရှိရပြီး Endemicနှစ်မျိုးတို့ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။

သတ်မှတ်ကာကွယ်ခဲ့
နတ်မတောင်(ခေါ်နူးစုမ်)တောင်ကို ၁၉၃၆ ခုနှစ် သစ်တောနည်းဥပဒေ ၁၉ အရ မိုဃ်းကြိုးဝိုင်းအမည်ဖြင့် သဘာဝ သစ်တောများကို ထိန်းသိမ်းထားရန်နှင့် ဒေသခံပြည်သူများ မိရိုးဖလာထုတ်ယူသုံးစွဲခွင့်ပြုရန်သတ်မှတ်ခဲ့ပြီး ၁၉၃၆ ခုနှစ် တောရိုင်းတိရ္ဆာန်ကာကွယ်ရေးအက်ဥပဒေအရပါ သတ်မှတ် ကာကွယ်ခဲ့ကြောင်း သိရသည်။

အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်
၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာ အမှတ် (၆ဝ/၉၇) ဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ် ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၆၄/ ၂ဝ၁ဝ) ဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

နတ်မတောင်(ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို တောင်ပေါ် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတော်၏အရေးပါသည့် ရေဝေရေလဲဒေသ တစ်ခုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမျိုးသားဥယျာဉ် တည်ထောင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာရန်နှင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိ လာရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို အာဆီယံ ဒေသတွင်း နိုင်ငံအလိုက်ရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ များကို ကမ္ဘာ့အဆင့်မီဆောင်ရွက်နိုင်ရေး ပထမအဆင့်အနေ ဖြင့် အာဆီယံအဆင့် သဘာဝအမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ရန် ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အာဆီယံ ပတ်ဝန်းကျင်ဝန်ကြီးများ အစည်းအဝေးက အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အာဆီယံအမွေအနှစ်ဥယျာဉ် ခြောက်ခု အတည်ပြုသတ်မှတ်ခဲ့ကြောင်း၊ နတ်မတောင် (ခေါ်နူးစုမ်)အမျိုးသားဥယျာဉ်ကို၂ဝ၁ဝပြည့်နှစ်တွင်သတ် မှတ် ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၁ ခုနှစ်တွင် အဆိုပြုတင်ပြခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခုနစ်ခုမြောက် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

သဘာဝအမွေအနှစ်နယ်မြေအဖြစ် တင်ပြထားပြီးဖြစ်
အလားတူ ယူနက်စကိုအဖွဲ့ကြီး၏ ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း သဘောတူညီချက်အရ ကမ္ဘာ့သဘာဝ အမွေ အနှစ်နယ်မြေ၊ က္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နယ်မြေနှင့် ရောနှောပါဝင်နေသည့် အမွေအနှစ်နယ်မြေတို့ကို သတ်မှတ် လျက်ရှိကြောင်း၊ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသား ဥယျာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်းဌာနချုပ်သို့ သဘာဝအမွေအနှစ်နယ်မြေ အဖြစ် လျာထားစာရင်းသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရ သည်။

တာဝန်ရှိသူများနှင့် တွေ့ဆုံ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ကောင်းကင်နန်းတော်ဟိုတယ် ခေါ်နူးစုမ် ခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့မိ မြို့ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်က ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြို့မိမြို့ဖ ဦးမြမောင်းနှင့် ဦးစိုးမြင့်တို့က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်း၊ တံတား ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ကျောင်းများ၊ ဆေးရုံ များအဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် ပစ္စည်းကိရိယာများထောက်ပံ့ဖြည့်ဆည်းမှု၊ လျှပ်စစ်ဓာတ်အားရရှိရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အကောင်အထည်ဖော်ရေးအစီ အစဉ် (MSDP)ချမှတ်ဆောင်ရွက်မှုများနှင့် Project Bank တွင် စိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ကျင်ဒွေးရွာကို မြို့အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီ မြှင့်တင်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း စိတ်ဝမ်း မကွဲဘဲ ချင်းပြည်နယ်သူ ပြည်နယ်သားများအားလုံး စည်းစည်း လုံးလုံး ချစ်ချစ်ခင်ခင်ရှိကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးရေး စီမံကိန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေးအလိုက် စဉ်တိုက်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသဖြင့် ချင်းပြည်နယ်ကို တောင်ပိုင်းနှင့်မြောက်ပိုင်း မခွဲ ခြားဘဲ ညီညီညွတ်ညွတ်ရှိကြရန် လိုအပ်ကြောင်း၊ ခရီးသွား လုပ်ငန်း အလားအလာကောင်းမွန်သည့် နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်ကို ပြည်နယ်သူ ပြည်နယ်သား များက အမြတ်တနိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ် များဖြင့် ချင်းပြည်နယ် ကန်ပက်လက်မြို့မှ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် အထူး လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

သတင်းစဉ်

No comments:

Post a Comment