Sunday, October 28, 2018

နေပြည်တော်တွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို ကြိုဆိုပါ၏

No automatic alt text available.

ရှင်မင်း
အာဆီယံနှင့် အာဆီယံ၏ ဆွေးနွေးဖက်သုံးနိုင်ငံအကြား နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာလအတွင်း လက်ခံကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCTOC) နှင့် နောက်ဆက်တွဲစာချုပ် (Protocol) များ လက်မှတ်ရေးထိုးကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ထားသည်။
အာဆီယံဒေသတွင်းနိုင်ငံများရှိ ပြည်သူများ အကျိုး စီးပွားအတွက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို ကျင်းပခြင်း ဖြစ်သည်။
အာဆီယံနှင့် အာဆီယံ၏ ဆွေးနွေးဖက်သုံးနိုင်ငံ အကြား နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို အဖွဲ့ဝင် မြန်မာနိုင်ငံ၌ လက်ခံ ကျင်းပရာတွင် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး များမတိုင်မီ အကြိုညှိနှိုင်းသည့် အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးကို ဦးစွာကျင်းပသွားမည် ဖြစ်သည်။ (၁၂) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများအဆင့် အကြိုညှိနှိုင်းအစည်း အဝေး (SOMTC) ကို အောက်တိုဘာလ ၃ဝ ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်သည်။
ထိုနေ့၌ပင် အာဆီယံ၏ ဆွေးနွေးဖက်သုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားတို့နှင့်လည်း (၉) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက်သုံးနိုင်ငံ အကြား အဆင့်မြင့်အရာရှိကြီးများအဆင့် အကြိုညှိနှိုင်း အစည်းအဝေးကိုလည်း ကျင်းပသွားမည် ဖြစ်သည်။
နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေး
အဆင့်မြင့်အရာရှိကြီးများအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများ ကျင်းပပြီးလျှင် (၁၂) ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေး (AMMTC) ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။ အာဆီယံဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေးကျင်းပပြီးလျှင် (၉) ကြိမ်မြောက် အာဆီယံ နှင့် ဆွေးနွေးဖက်သုံးနိုင်ငံအကြား အာဆီယံဝန်ကြီးများ အဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။
အစည်းအဝေးများအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ များက နိုင်ငံအလိုက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ဒေသတွင်းနှင့် နိုင်ငံတကာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးသွားကြ မည်ဖြစ်သည်။ အလားတူ လူမျိုးရေးခွဲခြားမှုနှင့် အစွန်း ရောက်အကြမ်းဖက်မှု တိုးမြင့်လာခြင်းအား တားဆီး ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက် (၂ဝ၁၈-၂ဝ၂၅) အား အတည်ပြုခြင်းနှင့်အတူ အဆိုပါ စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများကိုလည်း တစ်ပါတည်း ဆွေးနွေးသွားကြ မည် ဖြစ်သည်။
ထို့အပြင် (၁၃) ကြိမ်မြောက် အာဆီယံဝန်ကြီးများ အဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အစည်းအဝေး (AMMTC) ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ အတည်ပြုခြင်း၊ (၁၂)ကြိမ်မြောက် AMMTCအစည်းအဝေး ပူးတွဲကြေညာချက်အား သုံးသပ်ဆွေးနွေးအတည်ပြုခြင်း နှင့် အဆိုပါအစည်းအဝေးအစီရင်ခံစာအပေါ် စဉ်းစား သုံးသပ်ခြင်းတို့ကို ဆောင်ရွက်သွားကြမည် ဖြစ်သည်။
အလားတူ အာဆီယံဆွေးနွေးဖက် သုံးနိုင်ငံနှင့် ပူးပေါင်းကျင်းပသည့် (၁ဝ) ကြိမ်မြောက် အစည်းအဝေး ကျင်းပမည့် နေ့ရက်၊ အချိန်နှင့် နေရာ အတည်ပြုခြင်း တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး (၉) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက်သုံးနိုင်ငံ အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်နှင့် အဆိုပါအစည်းအဝေး အစီရင်ခံစာ အပေါ် သုံးသပ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်မှတ်ရေးထိုး
မြန်မာနိုင်ငံအနေဖြင့် အခြားအဖွဲ့ဝင် အာဆီယံနိုင်ငံ များနှင့်သော်လည်းကောင်း၊ အာဆီယံ၏ ဆွေးနွေးဖက် သုံးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကဏ္ဍတို့တွင် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နိုင်ငံတို့နှင့်လည်း ငွေကြေးဆိုင်ရာ မှုခင်းသတင်းအချက်အလက်များ ဖလှယ် ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ ပိုမိုများပြားနေ သည့်အခြေအနေကို တားဆီးနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့်လည်း နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက် ရေးနှင့်စပ်လျဉ်းသည့် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက် ရေးသဘောတူညီချက်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု စသည့်နယ်ပယ်များတွင် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း (MoU) များ လက်မှတ် ရေးထိုးဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၉ ခုနှစ်တွင် (၉) ကြိမ် မြောက် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ ၂ဝ၁၂ ခုနှစ်တွင် အာဆီယံအမျိုးသားရဲအဖွဲ့ညီလာခံ၊ ၂ဝ၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးနှင့် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။
ဗဟိုကော်မတီလေးခုဖွဲ့စည်း
ထို့အပြင် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် အာဆီယံဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တွင် ဦးဆောင်နိုင်ငံများအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာမှုခင်း နှင့် အကြမ်းဖက်မှု စသည့် နယ်ပယ်ငါးရပ်ကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်၍ ဦးစားပေးဆောင်ရွက် လျက်ရှိပြီး မှုခင်းများအလိုက် သီးခြားဥပဒေ၊ နည်းဥပဒေ များထုတ်ပြန်ကာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် ဗဟိုကော်မတီလေးခုဖွဲ့စည်းကာ ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် နိုင်ငံ ဖြတ်ကျော်မှုခင်းဌာနကို ၂ဝဝ၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဌာနကြီးအဖြစ် တိုးချဲ့ဖွဲ့စည်းကာ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု၊ သစ်တောနှင့် တောရိုင်းတိရစ္ဆာန်မှုခင်းများ တားဆီးနှိမ်နင်းရေးတွင် အထူးဥပဒေများပြဋ္ဌာန်းပြီး သီးခြားတပ်ဖွဲ့ကြီးများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုများကို နိုင်ငံတော်အဆင့် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းလျက် ၂ဝ၁၁ ခုနှစ်မှစ၍ ငါးနှစ်စီမံကိန်းများရေးဆွဲကာ နှစ်အလိုက် လုပ်ငန်းစီမံချက်များချမှတ်၍ ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးဆောင်ရွက်လျက်ရှိပါသည်။
နှစ်နိုင်ငံနယ်နိမိတ်များတစ်လျှောက်တွင် အုပ်စုဖွဲ့ မှုခင်းများသည် တိုးတက်လာသော နည်းပညာများကို အသုံးပြုကာ တရားမဝင်ငွေကြေးခဝါချခြင်း၊ လူမှောင်ခို ခြင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးကုန်ကူး ခြင်း၊ လက်နက်မှောင်ခိုခြင်း၊ တောရိုင်းတိရစ္ဆာန်ရှားပါး မျိုးစိတ်များ ကုန်ကူးခြင်း၊ နျူကလီးယားအသုံးပြုမှုပစ္စည်း များ သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကို အစီအစဉ်တကျ ချိတ်ဆက်ကာ နိုင်ငံတစ်ခုထက်ပိုသည့် ကွန်ရက်များဖြင့် ကျူးလွန်လျက်ရှိသည်။
ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်
ရာဇဝတ်ကောင်များ၏ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှုများ ကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ ပိုမိုတိုးတက် ဖြစ်ပေါ်လာပြီး အစိုးရများသည် နစ်နာသူများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းများသည် အာဆီယံဒေသတွင်သာမက ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူသားအားလုံးတို့အား ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေလျက် ရှိပါသည်။
ထို့ကြောင့် အာဆီယံအဖွဲ့အနေဖြင့်သော်လည်း ကောင်း၊ အဖွဲ့ဝင်နိုင်ငံအလိုက်သော်လည်းကောင်း၊ ဆွေးနွေးဖက်နိုင်ငံများနှင့်သော်လည်းကောင်း နိုင်ငံ ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း စီမံချက်များချမှတ်ကာ တားဆီးကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
၅၁ နှစ် ပြည့်မြောက်ခဲ့
ထို့အပြင် အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံသော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများနှင့်သော် လည်းကောင်း တရားမျှတပြီး သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်စေရေး၊ ပြည်သူများ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်စေရေး အာမခံချက်ပေးနိုင်ရန် ပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ ၅၁ နှစ် ပြည့်မြောက်ခဲ့ပြီးလည်း ဖြစ်သည်။
မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့
အာဆီယံမှဦးဆောင်၍ ဒေသဆိုင်ရာအစီအမံများကို ဆွေးနွေးဖက်နိုင်ငံများ၊ အဖွဲ့အစည်းများပါဝင်ပြီး ဒေသ ဆိုင်ရာဖိုရမ်များ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးများ၊ ဝန်ကြီးအဆင့်အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီး များအဆင့် အစည်းအဝေးများ အစရှိသည့် အဆင့်ဆင့်သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ကဏ္ဍများတွင် ထိရောက်မှုရှိခဲ့သည့်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကာ ဆွေးနွေးဖက်နိုင်ငံများနှင့်လည်း မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်မှု အောင်မြင်ရေး အတွက် ကျေပွန်ရမည့် တာဝန်နှင့် ဝတ္တရားများကို အလေးထားပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ သာယာဝပြောရေးတို့ကို မျှဝေထမ်းဆောင်သွားမည်ဖြစ်သည့်အပြင် UNCTOC နှင့် နောက်ဆက်တွဲ စာချုပ် (Protocol) များ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဒေသတွင်းနှင့် ကမ္ဘာ လုံးဆိုင်ရာ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment