Tuesday, September 4, 2018

ရာသီဥတုညီလာခံ၏ ကြိုတင်ပြင်ဆင်ရေးအစည်းအဝေး ကျင်းပသော မြို့တော်ဗန်ကောက် ပတ်ဝန်းကျင်ဘေးအန္တရာယ် ဝန်းရံခံနေရ

Image may contain: sky, skyscraper, cloud, tree, outdoor, water and nature
ဗန်ကောက် စက်တင်ဘာ ၃
ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ထိုင်းနိုင်ငံမြို့တော် ဗန်ကောက်သည် ဆယ်စုနှစ် တစ်စုတာကာလအတွင်းမှာပင် ပင်လယ်ရေအောက်သို့ တစ်စိတ်တစ်ဒေသ နစ်မြုပ်သွားနိုင်သည့် ဘေးအန္တရာယ်ရှိနေသည်ဟု ကျွမ်းကျင်သူပညာရှင်များ၏ ခန့်မှန်းချက် ပေါ်ထွက်နေကြောင်း အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၃ ရက်တွင် ရေးသားဖော်ပြသည်။
ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ညီလာခံအတွက် ဆွေးနွေးညှိနှိုင်းနိုင်ရန် ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် ဗန်ကောက်၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ် နှစ်ကုန်၌ ပိုလန်နိုင်ငံတွင် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် ပြင်ဆင်ထားသည်။ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ ထိခိုက်လွယ်သော နိုင်ငံများအတွက် အကူအညီပေးရေး စသည်တို့နှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းများ ရေးဆွဲသတ်မှတ်ကြမည်ဖြစ်သည်။
အပူချိန်မြင့်တက်လာသည်နှင့်အမျှ အင်အားပြင်းဆိုင်ကလုန်း မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မကြုံစဖူး ထူးထူးကဲကဲ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆိုးရွားပြင်းထန်သော မိုးခေါင်မှုများနှင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခြင်းတို့ကဲ့သို့ ပုံမှန်မဟုတ်သော ရာသီဥတုပုံစံများကို ပိုမိုတွေ့ကြုံ လာရမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ၂ဝ၁၅ခုနှစ် ပါရီရာသီဥတု ထိန်းညှိရေးစာချုပ်ပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အစိုးရအဖွဲ့များအပေါ် ဖိအားပေးမှု ကြီးမားလာသည်။
ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြင်ဆင်ရေးညီလာခံကို အိမ်ရှင် အဖြစ် ကျင်းပသည့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သည် တစ်နံတစ်လျား
ပြန့်ကားစွာ တည်ရှိနေသော မြို့တော်ဖြစ်၍ လူဦးရေ ၁ဝ သန်းကျော် နေထိုင်သည်။
မြို့တော်အဖြစ် တည်ဆောက်ခဲ့စဉ်က ပင်လယ်ရေမျက်နှာပြင်အထက် ၁ ဒသမ ၅ မီတာ (ငါးပေ)ခန့်တွင် တည်ရှိခဲ့သော မြို့တော်ဗန်ကောက်သည် အရှေ့တောင်အာရှဒေသရှိ မြို့တော် ဂျကာတာနှင့် မြို့တော် မနီလာတို့ နည်းတူ ပင်လယ်ရေအောက်သို့ တစ်စတစ်စ နိမ့်ဆင်းကျရောက်နိုင်သော မြို့တော်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်အတူ ဗန်ကောက်၏ နယ်မြေ ၄ဝ ရာခိုင်နှုန်းခန့်မှာ အစောဆုံး ၂ဝ၃ဝ ပြည့်နှစ် ထက် နောက်မကျဘဲ ရေအောက်သို့ ရောက်ရှိသွားမည် ဆို၏။
အေအက်ဖ်ပီ

No comments:

Post a Comment