
မြန်မာ့ထွက်ကုန်သီးနှံပဲမျိုးစုံအနက် မတ်ပဲနှင့် ပဲတီစိမ်းကို ယခင်က ဝယ်ယူခဲ့ခြင်းမရှိခဲ့သည့် တရုတ်နိုင်ငံမှ ယခုနှစ် သြဂုတ်လအတွင်းမှ စတင်ပြီး မတ်ပဲကို ဝယ်ယူမှု ရှိလာကြောင်း မန္တလေးပဲဈေးကွက်မှ သိရသည်။
အိန္ဒိယနိုင်ငံသို့ အဓိကအားထားရောင်းချနေရသည့် မတ်ပဲသည် လက်ရှိအချိန်တွင် အဆိုပါနိုင်ငံမှ ဝယ်ယူမှုနည်းပါးလာခြင်းကြောင့် ဈေးကွက်ပျောက်လုနီးပါးဖြစ်ပေါ်လျက်ရှိရာ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စတင်ဝယ်ယူမှုသည် မတ်ပဲဈေးကွက်ဆက်လက်ရှင်သန်မှုကို ဖြစ်စေ နိုင်ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
''တရုတ်နိုင်ငံက လက်ရှိပေါက်ဈေးနဲ့ပဲ တစ်ရက်ကို ၁၂ ဘီးယာဉ် နှစ်စီးလောက်ဝယ်နေတယ်။ အခုဆို ဈေးကလည်းအနည်း ငယ် တက်ရိပ်ပြနေသလို ရောင်းဖို့လည်း အရင်လိုမခဲယဉ်းတော့ဘူး။ ဒါဟာ မတ်ပဲဈေးကွက်အတွက် ရောင်ခြည်သမ်းလာပြီလို့ ဆိုချင်ပါ တယ်''ဟု ၎င်းက ပြောသည်။
ယခင်က မန္တလေးဈေးကွက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၈ဝဝဝ နှုန်းအထိ ဈေးကျဆင်းနေသောမတ်ပဲမှာ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၄၆ဝဝဝ ထိမြင့်တက်လာပြီး လက်ရှိအချိန်တွင် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရေသွင်းစိုက်ပျိုးထားသော မတ်ပဲ(အသစ်များ) မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိရာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄ဝဝဝဝ နှုန်း အဖွင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ပြုံးနိုင်ပျော်နိုင်ပြီ
''မတ်ပဲဈေးကျနေလို့ အခြားသီးနှံပြောင်းပြီး စိုက်ပျိုးဖို့ဆိုတာ ကလည်း မျိုးစရိတ်နဲ့ အခြားအခက်အခဲတွေကြောင့် မတ်ပဲကိုပဲ ရေသွင်းစိုက်ပျိုးခဲ့ရတယ်။ အခုလို တရုတ်ကစပြီး ဝယ်ယူလာပြီ ဆိုတော့ အားငယ်စိတ်ပျက်နေကြတဲ့ ကျွန်တော်တို့ တောင်သူ တွေ ပြုံးနိုင်ပျော်နိုင်ပြီပေါ့ဗျာ''ဟု ရေစကြိုမြို့နယ်မှ တောင်သူ ဦးကျော်မြင့်က ပြောသည်။
ဒုတိယအမြင့်ဆုံးဈေး
မန္တလေးဈေးကွက်တွင် လက်ရှိအချိန်၌ ပဲမျိုးစုံသီးနှံများ အနက် စမုန်နက်နှင့် နှမ်းနက်တို့မှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် အမြင့်ဆုံးဈေးတွင် ရပ်တည်လျက်ရှိပြီး ပဲကြီးမှာ ကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ဒုတိယအမြင့်ဆုံး ဈေးနေရာ၌ ရောက်ရှိနေသော်လည်း အခြားပဲအမျိုးအစားများမှာ ဈေးနိမ့်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)
No comments:
Post a Comment