Thursday, September 27, 2018

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ စတင်ကျင်းပ


Image may contain: 2 people, people sitting and indoor
ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် မြို့ပြရာသီဥတုဒဏ် ကြံ့ခိုင်သောရန်ပုံငွေအဖွဲ့(UCCRTF)တို့ ပူးပေါင်းကျင်းပ သည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာResilience Academy(Yangon) အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့Melia Hotel တွင် ယနေ့နံနက်ပိုင်းက စတင်ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကJICA၊ AFD၊ WB၊ ADB စသည့် ဘဏ်များမှODA ချေးငွေ များအား မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ADB ချေးငွေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ပြဝန်ဆောင်မှုကဏ္ဍ၏ သာလွန် ကောင်းမွန်သည့် စီမံကိန်းလုပ်ငန်းများအတွက် သုံးစွဲ သွားမည်ဖြစ်ကြောင်း၊ ADB ချေးငွေအား ရေဖြန့်ဖြူးရေး လုပ်ငန်းများဖြစ်သည့် ငမိုးရိပ်ရေလှောင်ကန်မှ ရေပိုက်များ သွယ်တန်းခြင်း၊ ရေဆိုးစနစ်များ တည်ဆောက်ခြင်း၊ ရေသန့်စင်စက်ရုံများ တည်ဆောက်ခြင်းတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ မြို့ပြရာသီဥတု ဒဏ်ကြံ့ခိုင်သောရန်ပုံငွေအဖွဲ့(UCCRTF)၊ Cities Development Initiative for Asia(CIDA)တို့မှ တာဝန်ရှိသူများက မြို့ပြများ၏ ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာကြံ့ခိုင်မှု အဓိကအကြောင်းအရင်းများ၊ စီမံကိန်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ ရန်ကုန်မြို့ရေဖြန့်ဖြူးရေး စီမံကိန်းများနှင့် ကြိုတင်ပြင်ဆင်လေ့လာမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ Capacity Building Specialist ဖြစ်သူ ဦးသာစိန်ကResilience Academy ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်သာမက အာရှ နိုင်ငံများတွင်လည်း ကျင်းပလျက်ရှိကြောင်း၊ အထူးသဖြင့် စီမံကိန်းရေးဆွဲမည့် ဝန်ထမ်းများနှင့် အရာရှိများအနေဖြင့် စီမံကိန်းရေးဆွဲသည့်အချိန်တွင် ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ခိုင်နိုင်စွမ်းရှိသည့် သဘောတရားများကို ထည့်သွင်း ရေးဆွဲနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး ယခုပြုလုပ်သည့် ဆွေးနွေးပွဲအပါအဝင် စုစုပေါင်း သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းနှင့် ဓာတ်ပုံ- ကိုထက်

No comments:

Post a Comment