Saturday, September 1, 2018

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ၊ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကျင်းပ



Image may contain: one or more people, people sitting and crowd
နေပြည်တော် သြဂုတ် ၃၁
အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ဖွဲ့စည်းမှုပုံသဏ္ဌာန် နှင့် ဖွဲ့စည်းတည်ဆောက်ပုံ၊ အခြေခံယူဆချက်များအပေါ် ဆွေးနွေးခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာများ စသည်တို့ကို ပြန်လည်သုံးသပ် ဆွေးနွေးကြသည်။
အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဉ်
စားပွဲဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးဇော်ဌေးက ''ယခု လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်းတည်ဆောက်မှုပုံစံနဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို လက်ရှိဆွေးနွေးနေတာ ဖြစ်ပါတယ်။ အရင်က စိတ်ကူးနဲ့ရေးဆွဲခဲ့တာတွေ ရှိပါတယ်။ တကယ့်နိုင်ငံရေးဆွေးနွေးပွဲ ညီလာခံဒုတိယအကြိမ်နဲ့ တတိယအကြိမ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေကိုမူတည်ပြီး ကောင်းမွန်ထိရောက်တဲ့ မူဘောင်တစ်ခုဖြစ်အောင် ရေးဆွဲဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့ (၂၁)ရာစုပင်လုံ အစည်း အဝေး နောက်ဆုံးရက်မှာ လမ်းညွှန်သွားခဲ့ပါတယ်''။
''လမ်းညွှန်ချက်နဲ့အညီ တစ်ချိန်တည်းမှာပဲ လက်ရှိအချိန်မှာ နိုင်ငံရေး ပါတီတွေက လုပ်နေသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြန်လည်ဆန်းစစ်နေပါတယ်။ အလားတူပါပဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့အနေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ နိုင်ငံရေးဆွေးနွေးမှု၊ ဖွဲ့စည်းတည်ဆောက်မှုပုံစံ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-ToR)၊ လုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP) တွေကို ပြန်လည်သုံးသပ်ပါတယ်။ ဒီလိုသုံးသပ်နိုင်ဖို့ အတွက် ပထမဆုံးနေ့မှာ တောင်အာဖရိကပညာရှင် မစ္စခရစ်စတီးနားကို ဖိတ်ခေါ်ပြီး တောင်အာဖရိက၊ ကင်ညာနှင့် ယီမင်နိုင်ငံတွေရဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ ဆွေးနွေးမှု ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရဲ့အားသာချက်၊ အားနည်း ချက်တွေကို နှိုင်းယှဉ်ဖို့ပညာရှင်ရဲ့ သဘောထားအမြင်ကို ရယူပါတယ်။ ပြီးတော့ ကျွန်တော်တို့အစုအဖွဲ့မှာ ပြန်လည်ဆွေးနွေးသုံးသပ်ကြပါတယ်''။
အတွင်းရေးမှူးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်
''ဒီလို ပြန်လည်သုံးသပ်ကြရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ သဘောတူညီချက် တော်တော် များများရပါတယ်။ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးမှာ သဘောတူညီချက် နည်းနည်းလေး လျော့သွားတဲ့အပြင် အရေးကြီးတဲ့ အချက်အလက်တွေ မရခဲ့ပါ ဘူး။ အဲဒီလိုဖြစ်ရခြင်း အကြောင်းရင်းတွေကို ပြန်သုံးသပ်ကြတဲ့အခါမှာ အစု အဖွဲ့အားလုံးက နံပါတ်(၁)အနေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလက အတွင်း ရေးမှူးအဖွဲ့တွေက ခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်လုပ်နိုင်ခဲ့ကြပြီး တတိယ အစည်းအဝေးမှာ လျော့နည်းသွားတာကို အားနည်းချက်တစ်ရပ်အနေနဲ့ တွေ့ရပါတယ်။ အဲဒါကြောင့် အတွင်းရေးမှူးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ကို အားလုံးက သဘောတူပါတယ်''။
အခက်အခဲတွေ တွေ့ခဲ့ရ
''နံပါတ်(၂)အချက်က နိုင်ငံရေးဆွေးနွေးမှုနဲ့ပတ်သက်တဲ့ လုပ်ငန်း လမ်းညွှန် (Terms of Reference-ToR)၊ လုပ်ထုံးလုပ်နည်း (Standard Operating Procedure -SOP) တွေကို ပိုပြီး တိတိကျကျလုပ်နိုင်ဖို့ကို ဘုံအားဖြင့် သဘောတူညီခဲ့ပါတယ်။ နံပါတ်(၃)အချက်က ညီလာခံကျင်းပတဲ့ အခင်းအကျင်းပုံစံတွေမှာ လုပ်ငန်းကော်မတီရယ်၊ နည်းပညာကျွမ်းကျင်သူ အထောက်အကူပြုတွေရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးပါတယ်။ နောက် တစ်ချက်က အစုအဖွဲ့အလိုက်တင်တဲ့ စာတမ်းတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုက တက်လာတဲ့ စာတမ်းတွေရှိပါတယ်။ ဒီစာတမ်းတွေကို နောက်ဆုံးတင်သွင်းရမယ့် နေ့ရက်သတ်မှတ်ထားခြင်း မရှိတဲ့အတွက် ညီလာခံရောက်မှ ဒီစာတမ်းတွေကို တွေ့မြင်ရပြီး ကြိုတင်ညှိနှိုင်းထားခြင်းမရှိတဲ့အတွက် အခက်အခဲတွေ တွေ့ခဲ့ရပါ တယ်။ အဲဒီလိုအခက်အခဲတွေ တွေ့ရတဲ့အတွက် နိုင်ငံရေးဆွေးနွေးမှုမှာ အခက်အခဲဖြစ်ပါတယ်။ များသောအားဖြင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေ အပေါ်မှာမူတည်ပြီး ဘယ်လိုပြုပြင်သင့်တယ်ဆိုတာကို ဝိုင်းပြီးဆွေးနွေးခဲ့ကြပါ တယ်''ဟု ပြောကြားသည်။
အလားတူ ဆွေးနွေးပွဲတွင်ပါဝင်သည့် နိုင်ငံရေးသုတေသီ ဦးကိုကိုလှိုင်က ''ရှိတဲ့မူဘောင်နဲ့ အလုပ်လုပ်ကြည့်တဲ့အခါမှာ လက်တွေ့ပိုင်းမှာ လုပ်ရကိုင် ရတာ အခက်အခဲလေး တွေရှိပါတယ်။ ဒါတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဝိုင်းဝန်းစဉ်းစားကြတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ သုံးခုကြားထဲမှာ ရင်းရင်းနှီးနှီးဆွေးနွေးပြီး ဝိုင်းဝန်းအဖြေရှာ ကြပါတယ်။ တူညီတဲ့ရည်ရွယ်ချက်တွေက ဒီအစည်းအဝေးကြီးကို အောင်မြင် အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို အားလုံးက လိုလိုလားလားနဲ့ ဆွေးနွေး တာ အင်မတန်ကောင်းပါတယ်။ အစိုးရဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစား နေပါတယ်''ဟု ပြောသည်။
ထို့အပြင် ၈၈ မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ''နိုင်ငံရေးမူဘောင်တွေကို ဒီအတိုင်းဆက်သွားမလား၊ ပြင်မလား၊ ပြင်ဆင်ဖြည့်စွက်မယ်ဆိုရင် ဘယ်အပိုင်းတွေက ပြင်ဆင်ဖြည့်စွက်ဖို့ လိုသလဲ ဆိုတာကို သုံးသပ်ဆွေးနွေးကြပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့က သုံးသပ်ဆွေးနွေးတဲ့ ပွဲဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံကျင်းပခဲ့တာ သုံးကြိမ်ရှိပါပြီ။ ယခင်ကထက်ပိုပြီး နည်းလမ်းတွေကို ရှာတဲ့အခါမှာ လက်ရှိ ဖွဲ့စည်းပုံအတိုင်းပဲထားရှိဖို့ အများစုက သဘောထားပေးကြပါတယ်။ သို့သော် လက်ရှိဖွဲ့စည်းပုံကို သက်ဝင်လှုပ်ရှားနိုင် အောင် စွမ်းရည်မြှင့်ဖို့ လိုအပ်ပါတယ်။ စွမ်းရည်မြင့်အောင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကစပြီး အတွင်းရေးမှူးအဖွဲ့နဲ့ လုပ်ငန်းကော်မတီက လည်း စွမ်းရည်မြှင့်ဖို့လိုပါတယ်''ဟု ပြောသည်။
သဘောတူညီချက်ရအောင် ဆွေးနွေးကြမယ်
ထို့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ)မောင်တင်သစ်က ''ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ခရီးရောက်သင့်သလောက် မရောက်ဘူးဆိုတဲ့ ဝေဖန်သံတွေကို ကြားရပါတယ်။ ပြီးခဲ့တဲ့ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ကို ပြန်ကြည့်မယ်ဆိုရင် ဒုတိယအစည်းအဝေးမှာ မဆွေးနွေးခဲ့တဲ့အချက်တွေ က တတိယအစည်းအဝေးအပေါ်ကို သက်ရောက်မှုရှိပါတယ်။ သဘော တူညီချက်မရသေးတဲ့ ကိစ္စတွေကို သဘောတူညီချက်ရအောင် ဆွေးနွေးကြမယ် ဆိုရင် ပထမဆုံးလိုအပ်ချက်က တကယ်ဆွေးနွေးချင်စိတ်နဲ့ ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။ မဆွေးနွေးဘဲနဲ့ ဘေးဖယ်ထားသမျှ ကျွန်တော်တို့ ရှေ့ဆက် တက်နိုင်မှာ မဟုတ်ပါဘူး။ သဘောတူညီချက်မရသေးတဲ့ အချက်တွေကို အလေးအနက်ထားဆောင်ရွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရှေ့ရောက်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲ ကော်မတီဝင်များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့မှ လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြသည်။
ဇော်ဇင်၊ ဓာတ်ပုံ - အေးသန်း

No comments:

Post a Comment