Saturday, September 1, 2018

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ မောင်တောဒေသသို့ သွားရောက်လေ့လာ

Image may contain: 1 person, sitting
စစ်တွေ သြဂုတ် ၃၁
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနှင့် အဖွဲ့ဝင် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာလာရာ နံနက် ၈ နာရီတွင် စစ်တွေမြို့သို့ ရောက်ရှိကြ သည်။
ထို့နောက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့မှ ရဟတ်ယာဉ်ဖြင့်ထွက်ခွာရာ ငါးခူရပြန်လည်လက်ခံရေး စခန်းသို့ ရောက်ရှိကြသည်။
ငါးခူရလက်ခံရေးစခန်း၌ စခန်းတာဝန်ခံ ဦးဌေးမောင် က လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က သိလိုသည်များကို ပြန်လည်မေးမြန်းကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ငါးခူရ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံများနှင့် တွေ့ဆုံပြီး နေထိုင်စားသောက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကြသည်။
ဆက်လက်ပြီး ငါးခူရလက်ခံရေးစခန်းမှ ကိုင်းကြီး (မြို)ကျေးရွာနှင့် ရွှေဇားကျေးရွာတို့သို့ လည်းကောင်း၊ ပန်းတောပြင်ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးပြီး ဒေသတွင်းဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လတ်တလော မောင်တော ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများအပါအဝင် ကဏ္ဍပေါင်းစုံမှ ရှင်းလင်းတင်ပြရာ ကော်မရှင်အဖွဲ့က လိုအပ်သည်များကို မေးမြန်းပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment