
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာအပြင်ဘက် ရေမိုင် ခုနစ်မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်တွင် သောင်တင်နေ သည့် MV Sam Ratulangi ကုန်တင်သင်္ဘောဖြစ်စဉ်အပေါ် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လက်ရှိဆောင်ရွက်နေမှုနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
သတင်းစာရှင်းလင်းပွဲတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ''သောင်တင်နေတဲ့နေရာဟာ ကျွန်တော်တို့ နိုင်ငံသားတွေ ငါးဖမ်းတဲ့ ငါးဖမ်းကွက်လည်းဖြစ်ပါတယ်။ ဒီနေရာ ကနေ သင်္ဘောပျက်ကို ဖယ်ပေးဖို့အတွက် အဓိကထားပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သင်္ဘောပျက်က ဒီနေရာမှာရှိလို့ မရပါဘူး။ ကျွန်တော်တို့ ရေပိုင် နက်ထဲက ဖယ်ရပါမယ်။
ထို့အတူပဲ သင်္ဘောပျက် ဒီနေရာမှာ သောင်တင်ပြီး ကျန်နေခဲ့အောင် ဆောင်ရွက် ခဲ့တဲ့ တွဲသင်္ဘောမှာရှိတဲ့ သင်္ဘောသားတွေကို လည်း ကော့သောင်းမှာ စစ်ဆေးနေပါတယ်။ စစ်ဆေးနေတဲ့အပေါ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခြင်းဟာ တမင်တကာဖြစ်အောင် ဆောင်ရွက်ခဲ့တာလား၊ မတော်တဆဖြစ်ပြီး ဆောင်ရွက်ခဲ့တာလားဆိုတာ စစ်ဆေးနေပါ တယ်။ သင်္ဘောသားတွေ ထွက်ဆိုချက် သက်သေခံအထောက်အထား အားလုံးနဲ့ သူတို့ရဲ့အချက်အလက်တွေကို ဌာနမှာရှိတဲ့ ကျွမ်းကျင်သူတွေ သွားရောက်ပြီး စစ်ဆေး နေပါတယ်။ ဒီစစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့ အချက်အလက်တွေနဲ့ နိုင်ငံတော်ရှေ့နေချုပ်ရုံးကိုတင်ပြပြီး ဥပဒေ ကြောင်းအရ ဆွဲသင်္ဘောနဲ့ပတ်သက်တာကို ဆက်ပြီး ဆောင်ရွက်သွားမှာပါ'' ဟု ပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် မြန်မာကုန်သည်သင်္ဘော အက်ဥပဒေအရ ရေယာဉ်ပျက်တစ်ခုတွေ့ရှိ ပါက သင်္ဘောအက်ဥပဒေ ၂၇၃ အရ သင်္ဘော ပျက်လက်ခံရေးထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်း ရပြီး ရေယာဉ်ပျက် ထိန်းသိမ်းရေးကိစ္စများကို ဆောင်ရွက်ရကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
''သင်္ဘောပျက်လက်ခံရေး ထိန်းသိမ်းရေး အဖွဲ့ကို ဖွဲ့ထားပြီးပါပြီ။ ဒီအဖွဲ့ကနေ ရေယာဉ် ပျက်ထိန်းသိမ်းပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို နိုင်ငံတော်ကိုယ်စား ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြန်မာ ကုန်သည်သင်္ဘောအက်ဥပဒေမှာ သတ်မှတ် ထားတာရှိပါတယ်။ မြန်မာကုန်သည်သင်္ဘော အက်ဥပဒေ၂၇၂ ကနေ ၂၇၉ မှာ ရေယာဉ်ပျက် တစ်စင်းကို ရေပိုင်နက်ထဲမှာတွေ့ရှိရင် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ အတိအကျဥပဒေမှာ သတ်မှတ်ထားပါတယ်။ ဥပဒေမှာ သတ်မှတ် ထားတဲ့အတိုင်း သင်္ဘောပျက်လက်ခံရေး ထိန်းသိမ်းရေးအဖွဲ့က တစ်ဆင့်ပြီးတစ်ဆင့် ရေယာဉ်ပျက်ကို ရှိနေတဲ့နေရာကနေပြီးတော့ နိုင်ငံရေပိုင်နက်ကနေ ထွက်ပေးဖို့အတွက် အာမခံကုမ္ပဏီနဲ့ ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက တိုက်ရိုက်မဆက်သွယ် လာဘူးဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ဥပဒေထဲမှာ အတိအကျပါပါတယ်။ ဥပဒေ အရ ရေယာဉ်ပျက်ဖယ်ရှားရေးကို ဆက်လက် ဆောင်ရွက်သွားမှာပါ'' ဟု ညွှန်ကြားရေး မှူးချုပ် ဦးသောင်းကြိုင်က ပြောကြားသည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် ကော့သောင်းတွင် ထိန်းသိမ်း ထားသည့် Independence ဆွဲသင်္ဘောမှ သင်္ဘောသားများအား သောက်သုံးရေနှင့် စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရန် သက်ဆိုင်ရာ ကုမ္ပဏီကို အကြောင်းကြားပေးပြီး သောက်သုံး ရေနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် စီစဉ် နေကြောင်း သိရသည်။ ထို့အတူ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်သည့် အဆိုပါ သင်္ဘောသား များအား အင်ဒိုနီးရှားသံရုံးက တွေ့ဆုံခွင့်ရရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သို့ ဆက်သွယ်လာကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
''အင်ဒိုနီးရှားသံရုံးက သူ့နိုင်ငံသားတွေကို တွေ့ဆုံဖို့ ဆက်သွယ်လာပါတယ်။ စစ်ဆေးမှု ပြီးရင်တော့ တွေ့ခွင့်ပေးပါမယ်။ အင်ဒိုနီးရှား သံရုံးအနေနဲ့ မြန်မာနိုင်ငံခြားရေးရုံးကို အကြောင်းကြားပြီး နိုင်ငံခြားရေးရုံးက ခွင့်ပြုရင် စစ်ဆေးမှုပြီးတာနဲ့ တွေ့ခွင့်ပေးမယ် လို့ အကြောင်းပြန်ထားပါတယ်''ဟု ညွှန်ကြား ရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောသည်။
သောင်တင်နေသည့် MV Sam Ratulangi ကုန်တင်သင်္ဘောအား ဆယ်ယူရန်အတွက် အဆိုပါသင်္ဘော၏ အာမခံ ကုမ္ပဏီ ဖြစ်သည့် စင်ကာပူအခြေစိုက်First Capital ကုမ္ပဏီက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားလာ ကြောင်း၊ ရေယာဉ်ပျက်ဖယ်ရှားမည့် ကျွမ်းကျင် အဖွဲ့များ စက်တင်ဘာ ၇ ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
''MV Sam Ratulangi ကုန်တင် သင်္ဘောက အာမခံထားတာဆိုတော့ သူ့ရဲ့ ပိုင်ရှင်ကတော့ မဆက်သွယ်ပါဘူး။ ဒါပေမယ့် ကုန်တင်သင်္ဘောနဲ့ပတ်သက်ပြီး ဆောင်ရွက် ရန်ရှိတာတွေကို အာမခံကုမ္ပဏီဖြစ်တဲ့ စင်ကာပူအခြေစိုက်First Capital ကုမ္ပဏီက သင်္ဘောဆယ်ယူရေးနဲ့ပတ်သက်ပြီး သူတို့ ကိုယ်စားဆောင်ရွက်ဖို့ spica services pteltd (Myanmar branch office)က ဆောင်ရွက်ပါမယ်ဆိုပြီး အကြောင်းကြားပါ တယ်။ First Capitalအာမခံကုမ္ပဏီက ရေယာဉ်ပျက်ဖယ်ရှားဖို့ ရေယာဉ်ပျက်ဖယ်ရှား တဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါ တယ်။ ကျွမ်းကျင်အဖွဲ့တွေ မနက်ဖြန် မြန်မာ နိုင်ငံကိုလာပါမယ်''ဟု ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်
No comments:
Post a Comment