Sunday, September 30, 2018

ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ရခိုင်ပြည်နယ်အရေး၏ သော့ချက်အဖြေ

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို (Taro Kono)က ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် (Washington Post) ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ဆက်နွှယ်သော ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ပါသည်။ ဆောင်းပါး၏ ခေါင်းစဉ်အဖြစ် ''ကမ္ဘာ ကြီးက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီရမည်'' ဟု ရေးသား ထားခြင်းကပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို၏ အခြေခံ သဘောထားကို ထင်ဟပ်နေပါသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား ကြသူများ အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့က ဦးဆောင်ကိုင်တွယ်ရမည်မှာ ငြင်းပယ်၍မရသော ပကတိအရှိတရား ဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဤပကတိအရှိတရားကို အသိ အမှတ်ပြု လက်ခံထားပါသည်။ သို့သော် ဤပကတိအရှိတရားကို အရေး မပါလေဟန် လျစ်လျူရှုလျက် ''မြန်မာနိုင်ငံအပေါ် အရေးယူရန်'' ဟစ်အော်နေကြသူများသည် ရခိုင်ပြည်နယ်ပြဿနာကို ပိုမိုနက်ရှိုင်းခက်ခဲ စေရန် တွန်းပို့နေကြသူများသာ ဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရို ကိုနို၏ ရပ်တည်ချက်မှာမူ ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းနိုင်ရေးကိုသာ အာရုံစူးစိုက်ထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ''မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သည် ဒုက္ခသည်များ ၄င်းတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဘေးအန္တရာယ် ကင်းကင်း ပြန်လည်အခြေချနေထိုင်ရေးကို သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် ဤနှစ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေး ကူညီရမည်ဖြစ်ပြီး ဤနှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ခိုင်မာအားကောင်းလာစေရန် ဖန်တီးပေးရမည် ဖြစ်ပါသည်'' ဟု ရေးသားထားခြင်းက အပြုသဘောဆောင် ချဉ်းကပ် မှု၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းပြတ်သားစွာ ဖွင့်ဆိုပြသနေပါသည်။

တစ်ဆက်တည်းမှာပင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ရေရှည်တည်တံ့ခိုင်မြဲမည့် အဖြေရရှိရေး၏ သော့ချက်သည် ''ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိ အခြေချနေထိုင်နိုင်ရေးဖြစ်သည်'' ကို မီးမောင်းထိုးတင်ပြထားပါ သည်။ အဆိုပါသော့ချက်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေးနှင့်ပတ်သက် ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဟန်ချက်ညီမျှတသော ဖြေရှင်းချက်တစ်ရပ် ရရှိရန် သိမ်မွေ့သောအခြေအနေတို့ ရင်ဆိုင်ရလျက်ရှိသည်ကို အသိအမှတ် ပြုလျက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ''ရခိုင်ပြည်နယ်အရေးအပေါ် အလျင်အမြန်တုံ့ပြန်ဖြေရှင်းမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန် ခြင်းသည် လွယ်ကူသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ ကို အားပေးကူညီရေးသာ ဖြစ်ပါသည်'' ဟု ရေးသားထားပါသည်။ ဤ ရေးသားချက်တို့ကို ကြည့်ရုံမျှဖြင့် မျှတသော စိတ်ထားရှိသည့် မိတ်ဆွေ ကောင်းတို့၏ စိတ်ဓာတ်ဟူသည် ပေါ်လွင်ထင်ရှားလာမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနို၏ ဆောင်းပါး၌ မြန်မာ နိုင်ငံအပေါ် အရေးယူရန် ဟစ်အော်တောင်းဆိုနေကြသော အင်အားစုတို့က လျစ်လျူရှုထားသည့် ပကတိအခြေအနေမှန်သုံးရပ်ကို အသိအမှတ်ပြု မီးမောင်းထိုးတင်ပြထားပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မီးမောင်း ထိုးပြထားသည့် ပထမဦးဆုံးသော ပကတိအခြေအနေမှန်မှာ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အပါအဝင် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ အေဂျင်စီတို့နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားခြင်း ဖြစ်ပါသည်။ ဤသို့ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းက ရခိုင်ပြည်နယ် အရေး လက်တွေ့ ကိုင်တွယ်ဖြေရှင်းရာ၌ ကုလသမဂ္ဂတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေပြီး ဤအချက်က နေရပ်စွန့်ခွာသူများ ပြန်လည် အခြေချနေထိုင်မှု အောင်မြင်ရေး၏ မရှိမဖြစ် လိုအပ်ချက်ဖြစ်ခြင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြုထားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး အသိအမှတ်ပြုထားသည့် ဒုတိယပကတိ အခြေအနေမှန်မှာ ''ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအား မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့်သာ ပုံဖော်ဖန်တီးရမည်''ဟူသော အချက်ဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တင်ပြထားသည့် တတိယ ပကတိအခြေအနေမှန်သည်လည်း အရေးကြီးသော အချက် တစ်ရပ်ဖြစ်ပါသည်။ ဤသည်မှာ ရခိုင်ပြည်နယ်အရေးသည် မျက်နှာစာ ပေါင်းစုံမှ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ပြဿနာဖြစ်သည်ကို အသိအမှတ်ပြုလက်ခံခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆောင်းပါးနိဂုံးချုပ်၌ ''ရခိုင်ပြည်နယ်၏ တည်ငြိမ် ငြိမ်းချမ်းမှုအား မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနှင့် လှူအခွင့်အရေးအုတ်မြစ်များ ခိုင်မာတောင့်တင်းမှု ကို လျစ်လျူရှုလျက် ဖော်ဆောင်နိုင်မည်မဟုတ်ပါ။ နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအား နည်းလမ်းမှားသုံး အလွန်အကျွံ ဖိအားပေးဖော်ဆောင်ခြင်းကို ရှောင်ရှား ရမည်ဖြစ်ပါသည်'' ဟု ရေးသားထားခြင်းက ရခိုင်ပြည်နယ်အရေး၏ သော့ချက်အဖြေကို တင်ပြထားခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။ ။

No comments:

Post a Comment