
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ဖျော်ဖြေရေးအစီအစဉ် များနှင့် ပြိုင်ပွဲများပါဝင်သည့်အတွက် ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများနှင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ယနေ့ နံနက် ၉ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ကင်းထောက် မောင်ဟိန်းမင်းသန့်၊ လူရည်ချွန် မဇင်မီမီကျော်နှင့် ထူးချွန်ကျောင်းသူ မယုယခင်တို့က ကလေးစာပေပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက ကလေးစာပေ ပွဲတော်အထိမ်းအမှတ် Theme Song ကို သီဆိုကာ အခမ်းအနားကို စတင်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဦးတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ဖွင့်လှစ်ပြသ
အဆိုပါပွဲတော်တွင် ကျောင်းသား ကျောင်းသူများ ဗဟုသုတရရှိစေရန်အတွက် ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံဆိုင်ရာပြခန်းနှင့် အထွေထွေပြခန်းများကိုလည်း အခြေခံပညာဦးစီးဌာနနှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကကျောင်းများက ဖွင့်လှစ်ပြသထားသည်။
ထို့အပြင် သင်ထောက်ကူပစ္စည်းအရောင်းဆိုင်များ နှင့် ရသမျိုးစုံ စာအုပ်အရောင်းဆိုင်များကိုလည်း ဖွင့်လှစ် ထားသည့်အတွက် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာစာအုပ်များကို ရွေးချယ်ဝယ်ယူ လျက်ရှိပြီး ပုံပြော၊ ပန်းချီ၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ကျပန်းစကားပြောပြိုင်ပွဲများအပြင် စာပေဟောပြောပွဲများ၊ စက္ကူခေါက်၊ အရုပ်ဆက်အပါအဝင် ဥာဏ်စမ်းကစားနည်း များနှင့် ပျော်ရွှင်စရာ ကစားနည်းများကိုလည်း ထည့်သွင်း ကျင်းပသည့်အတွက် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးသန္တာချစ်က ''ဒီလိုပွဲတွေ ပြုလုပ်ပေးခြင်းအားဖြင့် ကလေးတွေအတွက် စာဖတ်တဲ့ အလေ့အကျင့်တွေ ပေါ်လာမယ်။ ပြိုင်ပွဲမှာ ပါဝင်ခြင်း အားဖြင့် သူတို့အနေနဲ့ တီထွင်ကြံဆတတ်လာမယ်။ ဥာဏ်စွမ်းဥာဏ်စတွေ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရည်အချင်းတွေ ပိုမိုတိုးတက် လာမယ်လို့ မြင်ပါတယ်။ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲတဲ့ပြိုင်ပွဲတွေကိုတော့ မည်သူမဆို ပါဝင်ယှဉ်ပြိုင် ခွင့်ရှိပါတယ်''ဟု ပြောသည်။
အင်းစိန်မြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းမှ အဋ္ဌမတန်း ကျောင်းသူ မကြည်မေခိုင်က ''ဒီပွဲမှာ စာအုပ်တွေလည်း အများကြီးဖတ်ရတယ်။ ပြခန်းတွေလည်း ပြသထားတဲ့အတွက် ဗဟုသုတတွေ အများကြီးရပါတယ်။ စာဖတ်ချင်စိတ်တွေ ပိုပြီးဖြစ်လာ တယ်။ ပုံဆွဲတာတွေအပြင် သိပ္ပံဆိုင်ရာ ဓာတ်ခွဲခန်းတွေကို စိတ်ဝင်စားပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေကလည်း ကောင်းပါတယ်''ဟု ပြောသည်။
ရသမျိုးစုံပါဝင်
အင်းစိန်မြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်း ကျောင်းမှ အဋ္ဌမတန်းကျောင်းသား မောင်ပြည့်ဖြိုးအောင် ကလည်း ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုခဲ့ရာတွင် သိပ္ပံဆိုင်ရာပြခန်းကို စိတ်အဝင်စားဆုံး ဖြစ်ကြောင်း၊ စာအုပ်အရောင်းဆိုင်များကရောင်းချသည့် စာအုပ်များကလည်း ရသမျိုးစုံပါဝင်ပြီး စိတ်ဝင်စား ဖွယ်ရာကောင်းသည့် စာအုပ်များဖြင့် ပြည့်နေသည်ဟု ဆိုသည်။
ယင်းပွဲတော်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက အကအလှ ပဒေသာ အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယနေ့နံနက်ပိုင်းမှစတင်၍ ပြိုင်ပွဲများအားလုံးကို စတင်ကျင်းပခဲ့ပြီး ဥာဏ်စမ်းကစားနည်းများနှင့် ပျော်ရွှင်စရာကစားနည်းများကို အချိန်နှင့်တစ်ပြေးညီ ဆုပေးသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲတို့မှ ဆုရရှိသူများကို စက်တင်ဘာ ၇ ရက်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲများ တွင် ပြိုင်ပွဲအမျိုးအစားတစ်ခုချင်းစီအလိုက် ဝင်ရောက် ယှဉ်ပြိုင်သူ ၁ဝဝ ခန့်ရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်ရှိ Top & Top Star ကိုယ်ပိုင် အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ''ကလေး တွေကို စာပေ၊ အနုပညာနဲ့ ပြိုင်ပွဲအတွေ့အကြုံတွေရရှိ အောင် လိုက်ပို့တာပါ။ ကျွန်မတို့ကျောင်းက ကလေးတွေ အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဒီပြိုင်ပွဲကနေရရှိတဲ့ အတွေ့အကြုံတွေနဲ့ နောက်နှစ်တွေမှာ ဒီထက်ပိုပြီးကောင်းအောင် ကြိုးစားမယ်၊ ကြိုးစားမှုနဲ့အတူ ကိုယ့်အားကိုယ်ကိုးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေအတွေ့အကြုံရအောင် လာခဲ့တာပါ။ စာပေ ဆိုင်ရာ ပြိုင်ပွဲတွေနဲ့ ဖျော်ဖြေရေးအစီအစဉ်မှာ မပါဝင်တဲ့ ကလေးတွေကိုလည်း ဗဟုသုတရအောင် ပြခန်းတွေနဲ့ စာအုပ်အရောင်းဆိုင်တွေကို လိုက်လံပြသပြီး သူတို့နဲ့ ပတ်သက်တာတွေကို ရှင်းပြခဲ့ပါတယ်။ ဒီလိုပွဲတွေကနေ ကလေးတွေအတွက် ပညာရည်တိုးတက်မှုအပြင် ဥာဏ်ရည် ဥာဏ်သွေးမြင့်မားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောသည်။
ဗဟုသုတရ
အင်းစိန်မြို့နယ်မှ မနော်သီဖော့က ''ဆရာ ဆရာမ တွေနဲ့အတူ ကလေးတွေ ဗဟုသုတရအောင် လိုက်ပို့တာပါ။ ကလေးတွေ တော်တော်ပျော်နေကြတယ်။ ဗဟုသုတ တွေလည်း အများကြီးရပါတယ်။ သိပ္ပံခန်းကို ကလေးတွေ တော်တော်စိတ်ဝင်စားတာကိုတွေ့ရတယ်။ စာအုပ်ဆိုင် တွေမှာလည်း သူတို့အကြိုက်စာအုပ်တွေ အများကြီး ဆိုတော့ ကလေးတိုင်းလိုလို စာအုပ်တွေဝယ်ကြတယ်။ ကလေးတွေအတွက် အများကြီးအကျိုးရှိတဲ့ပွဲပါ''ဟု ပြောသည်။
ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်း ပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင် သူများဖြစ်လာစေရန်ရည်ရွယ်၍ အဆိုပါ ကလေးစာပေ ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။ ယနေ့ကလေးစာပေပွဲတော်သို့ မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ဆရာ ဆရာမများ ၁ဝဝဝဝ ကျော် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်အဆင့် ကလေး စာပေပွဲတော်ကို ၂ဝ၁၇ ခုနှစ်တွင် တောင်ပိုင်းခရိုင်၌ ကျင်းပခဲ့ပြီး ယခုအခါ မြောက်ပိုင်းခရိုင်တွင်ကျင်းပခြင်း ဖြစ်သည်။ ထိုသို့ ကျင်းပရာတွင် မြောက်ပိုင်းခရိုင်အတွင်း ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအား ဖိတ်ခေါ်ကာ ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ် ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်အေးအေးခိုင်ထံမှ သိရ သည်။
သတင်း- ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်
No comments:
Post a Comment