Thursday, August 30, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှုများနှင့် ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေများအား သွားရောက်ကြည့်ရှု




Image may contain: one or more people, people standing, ocean, sky, bridge, wedding, tree, outdoor, water and nature
 နေပြည်တော် သြဂုတ် ၂၉



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျ ပျက်စီးမှုဖြစ်ပွား ပြီး ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေများအား ရဟတ်ယာဉ်များ ဖြင့် သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိ ဆွာချောင်းတံတား ရန်ကုန်မှ မန္တလေးဘက်အခြမ်း အလယ်ထောက်တိုင်နှစ်တိုင် နိမ့်ကျမှုအခြေအနေများနှင့် အမြန်လမ်းမကြီး ရေတိုက်စား၍ မြေပြိုကျမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ကြရာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြပြီး တင်ပြ ချက်များအပေါ် ဒုတိယသမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ခရီးသွားပြည်သူများ တံတားအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန် ပြန်လည်ဖြတ်သန်း သွားလာနိုင်ရေး အတွက် ချဉ်းကပ်လမ်းနှင့် လမ်းလယ် ကျွန်းတွင် သဲအိတ်များခင်း ဆောင်ရွက် ပေးသွားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဆွာချောင်းရေလှောင် တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှုဖြစ်ပွား သည့်နေရာသို့ ရောက်ရှိကြပြီး ပင်မ ရေပိုလွှဲပျက်စီးပြိုကျနေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ဆွာချောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ဆွာချောင်းရေ လှောင်တမံ၏ ရေသိုလှောင်မှုပမာဏနှင့် ပင်မရေပိုလွှဲပျက်စီးခဲ့မှု အခြေအနေများ အား ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၉၆ အနီး ကားလမ်းရေကျော်နေမှုအခြေအနေများ နှင့် ဆွာမြို့ရှိ နယ်မြေခံတပ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ သွားရောက် ကြည့်ရှုအားပေးကြပြီး ရေတာရှည်နှင့် ဆွာအကြား မီးရထားလမ်းရေကျော်မှု ဖြစ်ပွားသည့်နေရာတွင် မီးရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးနိုင်ရေး စီစဉ်ပေးခဲ့သည်။
ဆက်လက်ပြီး ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိ ကြရာ အစည်းအဝေးခန်းမတွင် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရေတာရှည်မြို့နယ်အတွင်း ရှိ ကျေးရွာများ ရေဝင်ရောက်ခဲ့မှုအခြေ အနေများနှင့် ရေနစ်မြုပ်မှုအခြေအနေ များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ၊ တပ်မတော်နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နေ မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေး
ရှင်းလင်း တင်ပြချက်များအပေါ် ဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်တို့က ရေများ ပြန်လည် ကျဆင်းမှုမြန်ဆန်စေရန်အတွက် ရေနုတ် မြောင်းများ ပိတ်ဆို့မှုမရှိစေရေး ဆောင် ရွက်ရန်လိုအပ်မှု၊ ရေနစ်မြုပ်မှုဖြစ်ပွား သည့် ကျေးရွာများအား ကူညီကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် တပ်မတော်တို့မှ စက်တပ်ဖိုင်ဘာနှင့် ရော်ဘာလှေများ ကူညီဆောင်ရွက်ပေးရန် စီစဉ်နေမှု၊ ရေနစ်မြုပ်သည့်ကျေးရွာများ အားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နိုင်ရေး၊ ကယ်ဆယ်ရေးစခန်း များတွင် ရေဘေးသင့်ပြည်သူများ နေထိုင် စားသောက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကြသည်။
ယင်းနောက် ရေတာရှည်မြို့အနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ရေကျော်မှု ဖြစ်ပွားနေသည့် အခြေအနေ အား သွားရောက်ကြည့်ရှုကြပြီး တာဝန်ရှိ သူများအား ပြည်သူများ အန္တရာယ် ကင်းစွာသွားလာနိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နိမ့်ကျမှုဖြစ်ပွား
အဆိုပါ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်၌ အရှည် ပေ ၃၆ဝ ခန့် ကျိုးပေါက် ခဲ့ရာ ရေတာရှည်မြို့နယ်အတွင်း ဆွာမြို့ အပါအဝင် ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု၊ ကျေးရွာ ၈၅ ရွာ ရေဝင်ရောက် ခဲ့ပြီး အိမ်ထောင်စု ၁၄၃၅၇ စု လူဦးရေ ၆၃၄၂၁ ဦးရေဘေးသင့်ခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ အကြား၊ ရေတာရှည်မြို့နယ်နှင့် သာဂရကျေးရွာအကြားရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၆၉ နှင့် ၂ဝ၄ အကြား ကားလမ်းအထက် ရေအမြင့် တစ်ပေမှ လေးပေခန့်အထိ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်းတံတား၏ ရေလယ်တိုင် နှစ်တိုင် နိမ့်ကျမှုဖြစ်ပွား ခဲ့သည်။
ရေဘေးသင့်ပြည်သူများအား ပဲခူး တိုင်းဒေသကြီးအစိုးရ၊ တပ်မတော်နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း ပြီး ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးလျက်ရှိသည်။
ရေပိုလွှဲနိမ့်ကျပျက်စီးခဲ့
ဆွာချောင်း ရေလှောင်တမံသည် ရေဆင်းဧရိယာစုစုပေါင်း ၄ဝ၃ စတုရန်း မိုင်ရှိပြီး နှစ်စဉ် ၃၁၂ဝ၄ဝ ဧကပေခန့် စီးဝင်ရေရှိကာ ကန်ရေပြည့် ရေလှောင် ပမာဏမှာ ၂၁၆၃၅ဝ ဧကပေရှိသည်။ အဆိုပါရေလှောင်တမံ၏ ခံနိုင်ရည်မှာ ကန်ရေပြည့် အမြင့် ၃၃၇ ပေလက်ခံနိုင်ပြီး ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်း ခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈ ဒသမ ၆ ပေအထိ ရောက်ရှိခဲ့သဖြင့် ပင်မဆည် ရေပိုလွှဲတံခါး၏ ခံနိုင်ဝန်ထက် ကျော်လွန် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေပိုလွှဲနိမ့်ကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment