Friday, August 3, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးသို့ တက်ရောက်

Image may contain: 2 people, people sitting, people standing, table and indoor
နေပြည်တော် သြဂုတ် ၂
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ(၂ /၂ဝ၁၈ ) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့နှင့်SME Agencyအဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအဖွဲ့ သုံးဖွဲ့အနေဖြင့် ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်မြောက် အစည်း အဝေးကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဒေသဆိုင်ရာSME Agencyအဖွဲ့များကို နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင် ခဲ့ပါကြောင်း။
အဆိုပါ အဖွဲ့အသီးသီးတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေ သည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာအားရ ဖြစ်ရပါကြောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ကြုံတွေ့ နေရသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးပြီး အမှန်တကယ် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်းပေးမည်ဆိုပါက MSMEsများ၏ ယှဉ်ပြိုင်နိုင်စွမ်းအားများ အမှန်ပင် တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။
ဝိုင်းဝန်းကူညီပံ့ပိုး
ဒေသဆိုင်ရာ SME အေဂျင်စီအဖွဲ့များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းပြီးဖြစ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသခြောက်ခု တွင် ဖွဲ့စည်းရန်ကျန်ရှိနေသဖြင့် အမြန်ဖွဲ့စည်း နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များက ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် မန္တလေးမြို့တွင် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူးပေါင်း၍လည်းကောင်း၊ မကွေးမြို့တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့ ပူးပေါင်း၍လည်းကောင်း၊ ပုသိမ်မြို့ တွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်း ကောင်း၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ပူးပေါင်း၍လည်းကောင်း ဒေသထုတ်ကုန်များ ပြပွဲပြိုင်ပွဲ ကျင်းပခဲ့ရာ လေးကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလှည့်ကျ ဆက်လက်ကျင်းပသွားမည်ဖြစ် သည့်အတွက် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ကောင်းမွန်စွာ ကျင်းပနိုင်ရေး၊MSMEs များကို ထိရောက်စွာပံ့ပိုးကူညီနိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရေးကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း။
လက်တွေ့ကွင်းဆင်းလေ့လာ
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုလတွင် ကျင်းပမည့်MSMEs ဒေသတွင်း ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲတွင် ပုဂ္ဂလိကဘဏ်များဖိတ်ကြား ရန် စီစဉ်ထားပြီး အဆိုပါဘဏ်များအနေဖြင့် ဒေသတွင်း MSMEs များ၏ အခြေအနေကို လက်တွေ့ကွင်းဆင်းလေ့လာပြီး အောင်မြင် တိုးတက်ရန် အလားအလာရှိသည့် လုပ်ငန်း များကို ငွေချေးပေးနိုင်ရေး စီမံထားသည်ကို သိရှိရပါကြောင်း။
SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီအနေဖြင့် Business Start-upများ (လုပ်ငန်းစတင်သူများ)၊ Traditional SME (မိရိုးဖလာလုပ်ငန်း)များကို အားကောင်းသည့် SME များ ဖြစ်ပေါ်လာရေးအတွက် ပံ့ပိုးရ မည်ဖြစ်ပြီး ပြိုင်ပွဲဆုရ MSMEs များနှင့် အလားအလာရှိသည့်MSMEs များကိုလည်း ကမ္ဘာ့ဈေးကွက်တွင် ဝင်ရောက်နိုင်ရန်အတွက် ကောင်းမွန်သည့် မဟာဗျူဟာများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆုရရှိသည့်MSMEs များကို အတုယူစေခြင်း၊ အားနည်းနေသည့် MSMEs များ ကြိုးစားလိုစိတ် ဖြစ်ပေါ်လာစေခြင်းတို့ အတွက် ပြည်တွင်း Supermarket များ၊ ဒေသတွင်းအရောင်းခန်းမများ၌ နေရာစီစဉ် ပြီး ရောင်းချခွင့်ပေးခြင်းများ ဆောင်ရွက်စေလို ပါကြောင်း၊ ဒေသအလိုက် အားပေးမြှင့်တင် ခြင်းဖြင့် ကျေးလက်ဒေသတွင် အငယ်စား၊ အသေးစားလုပ်ငန်းများ များပြားလာမည်ဖြစ် ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် 'Made in Myanmar' ထုတ်ကုန်များကို လေဆိပ်များ၊ ကားဂိတ်များ၊ ထင်ရှားသည့် နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ နှင့်Supermarket များ၌ ကောင်တာများ ဖွင့်လှစ်ရောင်းချနိုင်ရေးကို မိမိဒေသ၏ အခြေခံအဆောက်အအုံ အခြေအနေအရ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါ ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း အစည်း အဝေးပွဲကြီးများနှင့် ပွဲလမ်းသဘင်များ၌ ယင်း နိုင်ငံ၏ MSMEs ထုတ်ကုန်များအား ပြသ သည်ကို တွေ့ရပါကြောင်း။
ယုံကြည်မှုရရှိလာမည်ဖြစ်
မြန်မာနိုင်ငံရှိMSMEs များ၏ ၆၅ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်များကို Value Added ပြုလုပ်ပြီး စားသောက်ကုန်များ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရပါ ကြောင်း၊MSMEs များ၏ ထုတ်ကုန်များကို စနစ်တကျစစ်ဆေးမည့် စမ်းသပ်ကိရိယာများ မရှိသည့်အပြင်FDA လက်မှတ်မရှိကြသည့် အတွက် ဈေးကွက်က ယုံကြည်လက်ခံရန် အားနည်းနေသည်ကို တွေ့ရသဖြင့် ဝန်ကြီး ဌာနများတွင်ရှိသည့် Laboratory Test Center များတွင် စစ်ဆေးခွင့်ပေးခြင်း၊ ထုတ်ကုန် အရည်အသွေးပြည့်မီမှုCertificate ထုတ် ပေးခြင်းနှင့် SME Logo တရားဝင်ထုတ်ပေး ပြီး အသုံးပြုစေခြင်း နည်းလမ်းများကို လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီပါက ထည့်သွင်းစဉ်းစား စေလိုပါကြောင်း၊ သို့မှသာ နိုင်ငံတကာက အသိအမှတ်ပြု MSMEs များ ဖြစ်လာပြီး စားသုံးသူများ၏ ယုံကြည်မှုရရှိလာမည်ဖြစ်ကာ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ပါ ကြောင်း။
လက်ခံကျင်းပရန်စီစဉ်ထား
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလတွင် ဆဋ္ဌမ အကြိမ်မြောက် အာဆီယံအငယ်စား၊ အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) အစည်းအဝေး၊ ASEAN+3အစည်းအဝေး၊ ဂျပန်နှင့် Financial Symposium အလုပ်ရုံဆွေးနွေးပွဲ၊ OECD အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် အခြား ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် စီစဉ် ထားပါကြောင်း။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသာမက ဂျပန်၊ ကိုရီးယား၊ ဂျာမနီနိုင်ငံနှင့် အမေရိကန် (USAID)တို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ အစည်း (OECD)၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့အစည်း (UNIDO) နှင့် ဂျာမနီGIZ တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြမည်ဟု သိရှိရပါကြောင်း။
ရလဒ်များဖော်ထုတ်ဆွေးနွေး
OECD နှင့် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေး ပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ အသီးသီးမှMSMEs များကို ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ပံ့ပိုးပေးခဲ့သည့်အခြေအနေ များကို Criteria (စံသတ်မှတ်ချက်) ရှစ်ခုဖြင့် တိုင်းတာပြီး ရလဒ်များကို ဖော်ထုတ်ဆွေးနွေး သွားကြမည်ဖြစ်ပါကြောင်း၊ အဆိုပါ အစည်း အဝေး ကျင်းပသည့်ရက်အတွင်း အရည် အသွေး ပြည့်မီကောင်းမွန်သော ‘ ‘Made in Myanmar’ ထုတ်ကုန်များကို ပြသနိုင်ရေး၊ ဆုရ MSMEs လုပ်ငန်းရှင်များနှင့် ဆုမရ သော်လည်း အလားအလာရှိသည့်ပြိုင်ပွဲဝင်MSMEs လုပ်ငန်းအချို့ကို အာဆီယံဒေသ တွင်းသာမက နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရေး၊ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ဆွေးနွေးပွဲ (One-to-One Business Meeting) များ ပါဝင်နိုင်ရေးနှင့်Trade Show များ၌ ပါဝင်ပြသနိုင်ရေးစသည့် အခွင့်အလမ်းများရရှိစေရန် အာဆီယံဒေသ တွင်း အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးကော်မတီ (ACCMSME)မှတစ်ဆင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိထိရောက်ရောက်ပံ့ပိုးပေးရန်လို
အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ အလိုက် Action Planများရေးဆွဲကာ အဆိုပါ Action PlanများကိုTargetထား ၍ ဒေသတွင်း MSMEs များကို ထိထိရောက် ရောက် ပံ့ပိုးပေးရန်လိုပါကြောင်း၊ နိုင်ငံတော် ၏ စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ် သည့်MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ဈေးကွက်ရရှိရေး၊ ပို့ကုန်မြှင့်တင် ရေးနှင့် တီထွင်ဆန်းသစ်ရေး စသည့်အချက် များ တိုးတက်အောင်မြင်စေရန် ဝိုင်းဝန်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများနှင့် ဖြေလျှော့ပေးသင့် သည့် အချက်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှMSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူး က အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ ၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကိုလည်းကောင်း၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင် ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ရခိုင်ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ မွန် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး
တက်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများ၊ နည်းပညာနှင့် ချေးငွေလိုအပ်ချက်နှင့် ဒေသအလိုက် အသေး စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလမ်းများ တည်ရှိနေမှု များကို ဆွေးနွေးတင်ပြကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတ သည် စက်မှုဝန်ကြီးဌာန မြေညီထပ်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက လာရောက်ခင်းကျင်း ပြသထားသည့် ဒေသ ထွက်ကုန်ပစ္စည်း အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
သတင်းစဉ်

No comments:

Post a Comment