Friday, August 31, 2018

ပန်းချီ၊ ပန်းပု အနုပညာမူပိုင်ခွင့်များ ပိုမိုသိရှိလာစေရန် ရှင်းလင်းပွဲပြုလုပ်

Image may contain: 2 people
ရန်ကုန် သြဂုတ် ၃ဝ
ပန်းချီ၊ ပန်းပု အနုပညာ မူပိုင်ခွင့်များကို ပန်းချီ၊ ပန်းပု အနုပညာရှင်များ၊ ဝယ်ယူစုဆောင်းသူများနှင့် ပြည်သူများ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)မှ ကြီးမှူးကာ ပန်းချီ၊ ပန်းပု အနုပညာ မူပိုင်ခွင့်၊ ဥာဏအနုပညာ ပစ္စည်းကျင့်ဝတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာ ဥပဒေအကြောင်း ရှင်းလင်းပွဲကို သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်၌ ကျင်းပရာ ပန်းချီ၊ ပန်းပု အနုပညာရှင်များ တက်ရောက်ကြသည်။
အဆိုပါ ရှင်းလင်းပွဲသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပန်းချီဦးကျော်သောင်း၊ ပန်းချီဦးမောင်မောင်သိုက် အပါအဝင် အဖွဲ့ဝင် ရှစ်ဦးရေးဆွဲထားသည့် ပန်းချီကားကြီးနှင့်ပတ်သက်ပြီး မူပိုင်ခွင့် ချိုးဖောက်ခံရခြင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အဆိုပါ ဖြစ်စဉ်မျိုး နောက်နောင် ဆက်လက် မဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မူပိုင်ခွင့်၊ ကျင့်ဝတ်နှင့်
စည်းကမ်းပိုင်းဆိုင်ရာများကို သက်ဆိုင်ရာနယ်ပယ် မှ တာဝန်ရှိသူများက အဓိက ပြောကြားခဲ့ကြသည်။
''ဖြစ်စဉ်က ကိုကျော်သောင်းနဲ့ ကိုသိုက်တို့ရဲ့ ပန်းချီကား ရန်ကုန်လေဆိပ်မှာ ချိတ်ထားတယ်။ သူတို့ကိုယ်တိုင်ဆွဲထားတဲ့ပန်းချီကားပါ။ ဒီပန်းချီကားကို ဘဏ်တစ်ခုက ကူးယူပြီး ချိတ်ဆွဲတယ်။ အဲဒီမှာ ပြောကြ၊ ဆိုကြ၊ ညှိနှိုင်းကြနဲ့ ပြေလည်သွားတယ်။ အခုတစ်ခါ တောင်ကြီးက ဟိုတယ်တစ်ခုက ဒီပန်းချီကား ကိုပဲ ကူးယူချိတ်ဆွဲတယ်။ ဒါလည်း ညှိနှိုင်းပြီး အဆင်ပြေသွားတယ်။ ဒါပေမယ့် အားလုံးဟာ သူ့တန်ဖိုးနဲ့သူရှိတယ်။ ဘယ်သူမှ ကူးယူသုံးစွဲလို့မရဘူး။ အနုပညာမှာ တန်ဖိုးရှိတယ်ဆိုတာ သိစေချင်ပါတယ်။ နံရံမှာ ချိတ်ထားတဲ့ ပန်းချီကား
ကို မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ လေးစားလို့ပဲဖြစ်ဖြစ် ကူးယူရေးဆွဲခွင့် မရှိပါဘူး'' ဟု MJAဥက္ကဋ္ဌ ဦးမြတ်ခိုင်က ရှင်းလင်းပွဲ၌ ပြောကြားသည်။
ယင်းပန်းချီကားတွင် ရွှေတိဂုံစေတီတော်ပုံ၊ ကန်တော်ကြီးအတွင်းရှိ ကရဝိက်ဖောင်တော်ပုံ၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် အလှူတော်မင်္ဂလာ ရှင်လောင်းလှည့်လည်နေသည့်ပုံ၊ မင်္ဂလာဆိုင်းဝိုင်းနှင့် နှစ်ပါးသွားအကအလှပုံရိပ်များ စသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များစွာ ပါဝင်ပြီး အနုပညာ လက်ရာပြောင်မြောက်လှသော ပန်းချီကားတစ်ချပ်ဖြစ်သည်။
မူပိုင်ခွင့်နှင့်ပတ်သက်ပြီး တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်စိုးဦးက ''မူပိုင်ခွင့်ဟာ အနုပညာသမားတွေအတွက် အရေးကြီးပါတယ်။ ဒီဥပဒေက ၁၉၁၄ ခုနှစ်ကတည်းက ပေါ်ခဲ့တာ ဆိုတော့ နှစ်ပေါင်း ၁ဝဝ ကျော်သွားပါပြီ။ ဥပဒေနဲ့ပတ်သက်ရင် စီရင်ထုံးတွေရှိတယ်။ ပန်းချီနဲ့ပတ်သက်တဲ့ စီရင်ထုံးက မရှိဘူး။ ရုပ်ရှင်နဲ့ ပတ်သက်ရင် စီရင်ထုံး တစ်ခုလောက်ပဲရှိတယ်။ များသောအားဖြင့် အနုပညာသမားတွေဟာ နှလုံးသားနူးညံ့ကြတယ်။ ပြဿနာတစ်ခုဖြစ်လို့ လာတောင်း
ပန်ရင် ကျေအေးပေးလိုက်ကြတယ်။ ညှိနှိုင်းရင် အဆင်ပြေသွားတာတွေ ရှိတယ်။ ဒါကြောင့် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီတွေကို အတုလုပ်ပြီးရောင်း တာတွေရှိပါတယ်။ ရှေးလက်ရာတွေပဲဆိုပြီး ပြန်ဆွဲပြီးလုပ်တာတွေရှိတယ်။ လက်ရှိမှာလည်း ထင်ရှားတဲ့ပန်းချီတွေကို ကုမ္ပဏီတွေ၊ ဟိုတယ်တွေက ယူသုံးကြတာတွေရှိတယ်။ သူတို့ထင်တာက အများပြည်သူ ကြည့်ရှုဖို့ ပြသထားတဲ့ ပန်းချီကားတွေကို အများပိုင်သွားတယ်လို့ ထင်တာ မှားကြတယ်။ ဒါကြောင့် ဒီလိုပွဲမျိုးတွေ ဖြစ်လာတာပါ။ ပန်းချီဆရာတွေကလည်း သူတို့ဆွဲတဲ့ ပန်းချီတွေကို ဘာအတွက်ဆွဲလဲ စာချုပ်သင့်တယ်။ စာချုပ်ချုပ်တာကို မလုပ်ဘဲ နားလည်မှုနဲ့ ဆောင်ရွက်ကြတယ်။ ဒါကြောင့် အခွင့်အရေးတွေ ဆုံးရှုံးသွားတာတွေ ရှိတယ်'' ဟု ရှင်းပြသည်။
အနုပညာပစ္စည်းတွေပေါ်မှာ မူပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေ၊ ခံစားခွင့်၊ ကာကွယ်ပိုင်ခွင့်တွေကို ပန်းချီ၊ ပန်းပု အနုပညာရှင်တွေ၊ ဝယ်ယူစုဆောင်းသူတွေ အားလုံးသိရှိသင့်ကြောင်း၊ ပန်းချီ၊ ပန်းပုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေရန် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကော်မတီဖွဲ့စည်းပြီး အသိပညာပေးလုပ်ငန်းများ၊ သင်တန်းပေးမှုများနှင့် အများပြည်သူ ပိုမိုသိရှိလာစေရန် ရှင်းလင်းပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)မှ ဗဟိုအလုပ်အမှုဆောင်၊ နိုင်ငံတကာဆက်ဆံရေးမှူး ပန်းချီဦးမိုးကျော်သန့် က ပြောသည်။
အေးမင်းသူ၊ ဇာနည်မောင်

No comments:

Post a Comment