Wednesday, August 1, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

Image may contain: 1 person, sitting

နေပြည်တော် ဇူလိုင် ၃၁

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်း အဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်အားခန့်အပ်ရန် လွှတ်တော်က သဘောတူ

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထား သည့် သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာတွင် ဦးကျော်ကျော်မောင် အား ခန့်အပ်တာဝန်ပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကသဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘော ထားကို ရယူအတည်ပြုသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ ခြောက်လအတွင်း လုပ်ငန်း ဆောင်ရွက်မှု ထောက်ခံအကြံပြုဆွေးနွေး

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့၏ ခြောက်လတာကာလအတွင်းလုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒ နယ်မှ ဦးမြစိန်၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးÓဏ်လင်း၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ မိုးညိုမဲဆန္ဒနယ်မှ ဦးကျော် မျိုးမင်း၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ထောက်ခံအကြံပြု ဆွေးနွေး ကြသည်။

ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က တိုင်း ပြည်၏ ပကတိအရှိတရားကို သိရှိနိုင်ရန် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် တိုင်း ပြည်အတွက် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ အဖွဲ့၏ လုပ်ငန်းများကို ကောင်းမွန်စွာလည်ပတ်နိုင်ပါက နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် အားတစ်ခုဖြစ်လာ မည်ဖြစ်ပါကြောင်း၊ ဥပဒေအကူအညီ လိုအပ်နေသည့် ဆင်းရဲသားပြည်သူများအတွက် တိုက်ရိုက်အကူအညီပေး နိုင်ရန်လိုအပ်ပြီး တစ်နိုင်ငံလုံး၏ ဥပဒေရေးရာကိစ္စရပ်များ ကို လွှမ်းခြုံနိုင်သော အားကောင်းမောင်းသန် အဖွဲ့အစည်း တစ်ခုဖြစ်ရန် လိုအပ်ပါကြောင်း ထောက်ခံအကြံပြု ဆွေးနွေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်က ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ ပြစ်မှုဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ တရားရုံးများ၊ ရဲဝန်ထမ်းများ၊ ဥပဒေအကျိုးဆောင်များ၊ ရှေ့နေရှေ့ရပ်များ၊ ရဲအချုပ်ခန်းများနှင့် အကျဉ်းထောင် များအတွင်း ဆောင်ရွက်ချက်များ၊ အခြားပြစ်မှုဆိုင်ရာ ဥပဒေများနှင့်ပတ်သက်နေသည့် သက်သေများ၊ တရားလို များ၊ တရားခံများအတွက်ပါ အထောက်အကူဖြစ်ရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်၍ ပြည်သူများအကြား အထူးလိုအပ်နေသည့် အဖွဲ့ဖြစ်သည့်အတွက် လှိုက်လှဲစွာ ကြိုဆိုထောက်ခံပါကြောင်း၊ ထို့အပြင် အာမခံပေးခွင့်ရှိ သည့် ပုဒ်မများအရ အာမခံလျှောက်ထားခွင့်ရှိသော စွပ်စွဲခံရသူများ၊ ပြစ်မှုကျူးလွန်သူများက အာမခံများ လျှောက်ထားရာတွင် တရားသူကြီး တစ်ဦးတည်း၏ ဆင်ခြင်တုံတရားအရ အာမခံပေးရမည့် ငွေတန်ဖိုး သတ်မှတ်သည့် အခြေအနေမျိုးတွင် သတ်မှတ်အာမခံတန်ဖိုး မပြည့်မီ၍ ရှာမပေးနိုင်သည့် ကာယကံရှင် ပြည်သူများ အတွက် ကြီးစွာသော ဝန်ထုပ်ဝန်ပိုး ဖြစ်ရသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် တရား ရုံးများအနေဖြင့် သင့်တင့်သော ခံဝန်များပေးနိုင်ပါက ပြည်သူများအနေဖြင့် ပိုမိုအဆင်ပြေမည်ဟု ယူဆပါကြောင်း။

ပြစ်မှုဆိုင်ရာဥပဒေအရ တရားရုံးများသို့ ဦးတိုက် လျှောက်ထားသော ပြစ်မှုများနှင့် ပတ်သက်၍ အချို့သော တရားရုံးများတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ စုံစမ်း ထောက်လှမ်းခြင်းမပြုဘဲ စွပ်စွဲသူများကိုသာ တစ်ဖက် သတ်စစ်ဆေးပြီး အမှုကို တိုက်ရိုက်လက်ခံအမှုဖွင့်ခြင်းမှာ တရားရုံးအချို့၏ အားနည်းချက်အဖြစ် တွေ့ရှိနေရပါ ကြောင်း၊ တင်ပြပါအချက်များကို မျှတသော အကူအညီ ပေးနိုင်မည့်အဖွဲ့အဖြစ် ယူဆသောကြောင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဥာဏ်လင်းက တရားရုံး များရှိ အမှုအများစုသည် အာမခံရသင့်သော အမှုများဖြစ် သော်လည်း မရရှိသည်ကို တွေ့ရပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အာမခံပေး၍ရသော မည်သည့်အမှုကို မဆို အာမခံပေးရမည်ဖြစ်ပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် မည်သည့်အမှုကိုမဆို ခြွင်းချက်အနေ ဖြင့် လုံလောက်သော အကြောင်းရှိပါက အာမခံပေး၍ ရသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အိမ်ထောင်ဦးစီး တစ်ယောက် အချုပ်ထဲ ရောက်သွားပြီဆိုပါက ကျန်ရစ်သူ အလုပ်အကိုင်မရှိသည့် အမျိုးသမီးများ၏ ဘဝသည် နက်နက်နဲနဲတွေးပါက ရင်လေးစရာကောင်းပါကြောင်း။

ယနေ့ပြည်သူများ၏ လိုအပ်ချက်အရ ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ပေါ်ပေါက်လာခြင်းကို လေးလေးနက်နက် ထောက်ခံပါကြောင်း၊ ယခုအဖွဲ့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်၍ ဒုတိယဝန်ကြီး အဆင့်တာဝန်ရှိသူများဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင် ပါက လုပ်ငန်းများကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက် နှင့် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ပြီး ပြည်သူများ အားကိုး အားထားပြုရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်ပါ ကြောင်း အကြံပြုဆွေးနွေးသည်။

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်၏ ဆောက်ရွက်ချက်များ၊ စိစစ်တွေ့ရှိချက်များသည် မည်သည့်အဆင့်သို့ ရောက်ရှိ၍ မည်မျှတိုးတက်နေသည်ကို လာမည့် နောက်ခြောက်လပတ်အစီရင်ခံစာ တင်သွင်း ချိန်တွင် ထည့်သွင်းဖော်ပြပေးစေလိုပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အထောက်အကူပေးရေးအဖွဲ့များကို ဖွဲ့စည်းပြီးပါက ဥပဒေ ဆိုင်ရာ အကူအညီလိုအပ်နေသော ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ အထောက်အကူရရှိနိုင်ရေးအတွက် အများပြည်သူ သိရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း အကြံပြုဆွေးနွေးသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နဝမ ပုံမှန်အစည်းအဝေးပဉ္စမနေ့ကို သြဂုတ် ၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment