Thursday, August 2, 2018

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဟယ်ရီစတိုင်

Image may contain: 2 people
ပေါ့ပ်ကြယ်ပွင့် ဟယ်ရီစတိုင်ဟာ လတ်တလောမှာတော့ တစ်နှစ်ကျော်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူ ကမ်မေးရိုဝီနဲ့ လမ်းခွဲ လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်ရဲ့ ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်တဲ့ ဟယ်ရီစတိုင်နဲ့ သူ့ရဲ့ချစ်သူ ဗစ်တိုးရီးယား စီးကရက်ထ်မော်ဒယ်လ် ကမ်မေးရိုဝီတို့ဟာ တစ်နှစ်ခန့်အတူရှိခဲ့ကြပြီးနောက် လမ်းခွဲ လိုက်တာဖြစ်ကြောင်း ဟောလိဝုဒ်မီဒီယာ များစွာက ရေးသားဖော်ပြချက်တွေကို ကိုးကားကာ အီးအွန်လိုင်းဒေါ့ကွန်းက ရေးသားဖော်ပြခဲ့တာကို တွေ့ရပါတယ်။
သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေကို စတင်သယ်ဆောင်လာသူ ကတော့ သည်ဆန်းသတင်းစာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာ ဟယ်ရီစတိုင်ဟာ သူ့ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်တေး အယ်လ်ဘမ် ''Sign of the Time''အတွက် နယ်လှည့်ဖျော်ဖြေရေး အစီအစဉ်တွေကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ် တွေအနက် ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ခန့် ပြုလုပ်ခဲ့တဲ့ လော့စ်အန်ဂျလိစ်က ဖျော်ဖြေပွဲ မှာတော့ ဟယ်ရီစတိုင်ကို ချစ်သူဖြစ်တဲ့ ကမ်မေးရိုဝီက လာရောက်အားပေးခဲ့တာကို လည်း တွေ့ရပါတယ်။ ဒါပေမယ့် ဖျော်ဖြေပွဲ တွေပြီးဆုံးခဲ့ပြီးနောက် လတ်တလောမှာတော့ ယခုလို သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။
ဟယ်ရီစတိုင်နဲ့ ကမ်မေးရိုဝီတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း နှစ်ဦးစလုံးနဲ့ ခင်မင်တဲ့ သူငယ်ချင်းတစ်ဦးရဲ့ မိတ်ဆက်ပေး မှုကြောင့် စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ စတင်တွေ့ဆုံစဉ်ကတည်းက အသက် ၂၈ နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့်က သူနဲ့ ကမ်မေးရိုဝီ တို့ သိကျွမ်းခြင်းမရှိကြောင်း ရေဒီယို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ဦးအတူတွဲကာ သွားလာခဲ့ကြတဲ့ ပုံရိပ်တွေကို မီဒီယာ စာမျက်နှာတွေပေါ်မှာ တွေ့မြင်ခဲ့ရပေမယ့် ချစ်သူတွေဖြစ်နေကြောင်းကိုတော့ တရားဝင် ထုတ်ဖော်ပြောကြားလာခြင်း မရှိပါဘူး။
ဒါ့အပြင် အင်တာဗျူးမှာ ဟယ်ရီစတိုင်ကို ကမ်မေးရိုဝီရဲ့ ဓာတ်ပုံပြသခဲ့ရာမှာတော့ သူဟာ ဓာတ်ပုံထဲက မိန်းကလေးကို အပြင်မှာ တွေ့တောင်မတွေ့ဖူးကြောင်း၊ သို့သော် လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့တော့ ထင်မိကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ဦးအကြားက ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဝန်ခံခဲ့ခြင်း မရှိပါဘူး။ ဟယ်ရီစတိုင်ဟာ ''One Direction''အဖွဲ့ဝင်တစ်ဦးအဖြစ် ဂီတ လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့သည်မှ လက်ရှိအချိန်အထိ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ခါမျှ ဝန်ခံခဲ့ခြင်းမရှိပါဘူး။ သူဟာ ယခင်ကလည်း နာမည်ကျော်တွေနဲ့ ချစ်သူဖြစ်ခဲ့ပေမယ့် ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဟယ်ရီနဲ့ လက်တွဲခဲ့ဖူးသူတွေထဲမှာတော့ ကျော်ကြား တဲ့ မော်ဒယ်လ်တစ်ဦးဖြစ်သူ ကန်ဒဲလ်ဂျန်နာ နဲ့ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်တို့လည်း ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်

No comments:

Post a Comment