Wednesday, August 29, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် ဥပဒေကြမ်းနှစ်ခုနှင့်စပ်လျဉ်းသည့်အစီရင်ခံစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ ဆောင်ရွက်

Image may contain: 1 person, sitting and indoor
နေပြည်တော် သြဂုတ် ၂၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းနှစ်ခုနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ များအား လွှတ်တော်သို့ဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစီရင်ခံစာ၌ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက လွှတ်တော် သို့ ဖတ်ကြားတင်ပြသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် နှစ်အလိုက် ဈေးနှုန်းအရ ကဏ္ဍကြီးများအလိုက် ပါဝင်မှုအချိုး၌ လယ်ယာကဏ္ဍကြီးတွင် ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၇ ဒသမ ၃ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၄ဝ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ရန် ရည်မှန်းထားကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် နှစ်အလိုက် ဈေးနှုန်းများအရ စုစုပေါင်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု တန်ဖိုးပါဝင်မှုအချိုးကို ထုတ်လုပ်မှုတန်ဖိုးတွင် ၅၉ ဒသမ ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုတန်ဖိုးတွင် ၁၉ ဒသမ ၉ရာခိုင်နှုန်းနှင့် ကုန်သွယ်မှု တန်ဖိုးတွင် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရည်မှန်းထားကြောင်း ဖော်ပြ ပါရှိသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေ ဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေ ကြမ်းပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့က လွှတ်တော်သို့ ဖတ်ကြား တင်ပြကြသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်တွင် တင်ဒါလုပ်ငန်းစဉ်များနှင့် လုပ်ငန်းတန်ဖိုးပေးချေမှုတို့တွင် မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများမဖြစ်ပေါ်စေရေးအတွက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး မူဝါဒနှင့် လုပ်ရိုးလုပ်စဉ် Procedure လုပ်ငန်းစဉ်တို့ကို ပိုင်းခြားသတ်မှတ်၍ လုပ်ငန်းစဉ် အဆင့်လိုက်တွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူ၊ တာဝန်ခံ စနစ်ဖြင့် ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ စီမံ ခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် လွှဲအပ်ထားသည့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်ပါ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်းနှင့် တာဝန်ခွဲခြားသတ်မှတ်ပြီး တာဝန်ယူ၊ တာဝန်ခံစနစ်ဖြင့် ဆောင်ရွက်ရန်။
အရှုံးဖြစ်ပေါ်နေသည့်အဖွဲ့အစည်းများကို ပထမအဆင့်အနေဖြင့် အရှုံး လျော့နည်းသက်သာစေနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှုများ ထိန်းသိမ်းဆောင် ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အရှုံးလျော့နည်းသက်သာရာမှ မရှုံးမမြတ် အခြေအနေ ဖြစ်စေရန်၊ လုပ်ငန်းအောင်မြင် အမြတ်ရရှိစေပြီး မိမိကိုယ်ပိုင် ဘဏ္ဍာရန်ပုံငွေဖြင့် ရပ်တည်နိုင်သောအဖွဲ့အစည်း ဖြစ်စေရန်။
အမြတ်ရရှိနေသောအဖွဲ့အစည်းများကို မလိုလားအပ်သော လေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရရှိသော အကျိုး အမြတ်သည် အမှန်တကယ် ရရှိသင့်သော ထိုက်သင့်သည့် အမြတ်ဖြစ်စေရန် ဆောင်ရွက်သင့်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် လုပ်ငန်းအရေအတွက် တိုးတက်လာသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ လျော့နည်းသွားပါကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် ကဏ္ဍနှင့် လုပ်ငန်းအရေအတွက် တိုးတက်ရုံ သာမက ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရပါကြောင်း။
နိုင်ငံခြားငွေများလည်း ပိုမိုရရှိလာမည်
လယ်ယာကဏ္ဍမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုး မြှင့်ထုတ်ကုန် Value added ထုတ်လုပ်သည့် စက်ရုံများ၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာမည်ဆိုပါက တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပြီး ကုန်သွယ်ရေး လိုငွေပြမှု လျော့နည်းလာခြင်း နှင့်အတူ နိုင်ငံခြားငွေများလည်း ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် အိမ်ရာအဆောက်အအုံနှင့် ဝန်ဆောင် မှုများတွင်သာ ရင်းနှီးမြှုပ်နှံကြသည်ကို တွေ့ရပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအားနည်းသည်ကို တွေ့ရပါကြောင်း၊ အခြေခံလူတန်းစား အကျိုးစီးပွားများနှင့် တိုက်ရိုက်အကျိုးသက်ရောက်နေသည့် ကဏ္ဍနှစ်ခုတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလာကြစေရန် နည်းလမ်းရှာဖွေသင့်ပါကြောင်း။
အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ရန်လိုအပ်
နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန်မှာ ငွေကျပ်တန်ဖိုး တည်ငြိမ်ရေး၊ ကျွမ်းကျင်လုပ်သား လွယ်လွယ်ကူကူရရှိရေး၊ မြေနေရာရရှိရေး၊ ဈေးနှုန်းသင့်တင့်ရေး၊ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး၊ အလုပ်ရှင်၊ အလုပ်သမားပြဿနာနှင့် ဆန္ဒပြမှုများ မကြာခဏမဖြစ်ပေါ်စေရေး၊ အဂတိ လိုက်စားမှုကင်းရှင်းရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ နယ်မြေ အေးချမ်းတည်ငြိမ်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းသာယာမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးတို့သည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အဓိကလိုအပ်ချက်များဖြစ် ၍ နိုင်ငံ၏လက်ရှိ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြည်တွင်းဝင်ရောက်မှု နည်းပါးခြင်း၏ အကြောင်း အရင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုပြီးနောက်ပိုင်း အကာအကွယ်ရသင့်သလောက် မရခြင်း၊ နေရာတော်တော်များများ ပညာပြမှုများကြောင့် ကြန့်ကြာနှောင့်နှေး မှုများနှင့် ကြုံနေရခြင်းတို့ ပါဝင်နေပါကြောင်း၊ တာဝန်ရှိဌာနများက လိုအပ် သည်ထက် ကြန့်ကြာနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံကြသူများအတွက် အချိန်နှင့် အမျှ အခက်အခဲများစွာကြုံတွေ့နေရသည့်အတွက် နိုင်ငံတော်နှင့် လုပ်ငန်းရှင် များသာမက ဒေသခံတို့အတွက်ပါ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေပါကြောင်း။
တရားမျှတမှုရှိသည့် ယှဉ်ပြိုင်ခွင့်နှင့် အကာအကွယ်များပေးရန် လိုအပ်
ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်စေလိုပါက ပြည်တွင်းက ရှိပြီးသား လုပ်ငန်းများကို ပြည့်ဝစွာ တရားမျှတမှုရှိသည့် ယှဉ်ပြိုင်ခွင့်နှင့် အကာအကွယ် များပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းစီမံချက်ပါ ကတိကဝတ်များကို လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိတို့ကို စဉ်ဆက်မပြတ် ၁၄၅ ကြိမ်မျှ ကွင်းဆင်းခဲ့သည့်တိုင် လုပ်ငန်းရှင်များ၏ အပြစ် များကို အမှန်တကယ် မတွေ့ရှိခဲ့သည်မှာ စဉ်းစားစရာဖြစ်စေပါကြောင်း၊ မြေပြင်အခြေအနေတွင် ဒေသခံများ၏ တင်ပြချက်၊ ကိုယ်စားလှယ်များ ကွင်းဆင်းတွေ့ရှိချက်များတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥပဒေ ကို ရှောင်တိမ်းပြီး လုပ်ဆောင်နေသည့် ရင်းနှီးမြှုပ်နှံမှုများစွာကို တွေ့ရှိခဲ့သည့် အတွက် လိုအပ်နေသည်များ၊ ပြင်ဆင်သင့်သည်များကိုMIC အနေဖြင့် ပြင်ဆင်ဖြည့်စွက် ဆက်လက်လုပ်ဆောင်သင့်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ဘူးသီးတောင်မဲဆန္ဒနယ် မှ ဦးအောင်သောင်းရွှေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးချစ်ထွေးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်းတို့ကလည်း ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို သြဂုတ် ၃ဝ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ ဟန်လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment