Wednesday, August 1, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊နို့ပေါင်းစက်ရုံနှင့် ပေတော ခေတ်မီဥစားကြက်ခြံ စီမံကိန်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာ


ကလေးငယ်များ ကျန်းမာရေးကောင်းမွန်ရေး ဒေသထွက် အာဟာရပြည့်ဝသောအစားအစာများ ကျွေးမွေးရန်နှင့် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် မှာကြား
-------------------------------------------------------------------------------
နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံနှင့် ပေတော ခေတ်မီဥစားကြက်ခြံစီမံကိန်းတို့သို့ သွားရောက်ကြည့်ရှုလေ့လာသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် နို့စားနွား မွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ စီပီ မွေးမြူရေးကုမ္ပဏီလီမိတက် CEO Mr. Sooksunt က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး နည်းပညာထောက်ပံ့ရေးဌာန ဌာနမှူး ဒေါက်တာ မင်းသစ်လွင်က စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ယင်းစီမံကိန်းအား နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ကျေးလက်ဒေသနှင့် စီပီကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေမှု၊ နို့စားနွားများ စနစ်တကျ မွေးမြူထားရှိမှုနှင့် နို့ထုတ်လုပ်ဖြန့်ဖြူးနိုင်မှု၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ လက်တွေ့ကွင်းဆင်းလေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အာဟာရပြည့်နွားနို့များ ထုတ်လုပ်
ဆက်လက်၍ မြန်မာစီပီမွေးမြူရေးကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ Mr.Wiratက စီပီကုမ္ပဏီအနေဖြင့် နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှု၊ နွားနို့၊ ကြက်ဥနှင့် အသား စသည့် ထုတ်ကုန်များထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချမှု အခြေ အနေ၊ နေပြည်တော်တွင် ဆောင်ရွက်နေသည့် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံတွင် အဆင့်မြင့်နည်းပညာဖြင့် နို့စားနွားများ မွေးမြူထားရှိမှု၊ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသည့် နွားနို့များ ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိနေမှုအခြေအနေတို့ကို ဠငိနသ ဃူငစ ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မွေးမြူရေးခြံ အတွင်း နို့စားနွားများ မွေးမြူမှုစနစ်၊ အစားအစာ ကျွေးမွေးမှုစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ အညစ်အကြေးစွန့်ပစ်မှုစနစ်၊ ရောဂါပိုးမွှားကင်းစင်ရေး ဆောင်ရွက်ထားရှိမှုစနစ်နှင့် သန့်ရှင်းလတ်ဆတ်သော နို့ထုတ်လုပ်မှုစနစ်တို့ကို လိုက်လံကြည့်ရှုလေ့လာရာ နည်းပညာထောက်ပံ့ရေးဌာန ဌာနမှူး ဒေါက်တာ မင်းသစ်လွင်က လိုက်လံရှင်းလင်းပြသသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် နေပြည်တော် နို့စားနွားမွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံမှ တာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
၂ဝ၁၄ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဃဏွမသကစ သည် မြန်မာပြည်သူများ အာဟာရမျှတကောင်းမွန်စွာ စားသောက် နိုင်စေရန်၊ နို့စားနွားမွေးမြူရေးသမားများ၊ မွေးမြူရေးနှင့် ကုသရေး ဆေးကျောင်းသားများအတွက် အအေးပေးစနစ်ဖြင့် နွားမွေးမြူခြင်းနှင့် ပေါင်းတင်ပိုးသတ်နွားနို့ထုတ်လုပ်ခြင်းကို လေ့လာနိုင်ရေးအတွက် ရှေ့ပြေး သုတေသနခြံနှင့် နို့ပေါင်းစက်ရုံတည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။
ပျမ်းမျှ ၂၂ လီတာ ထွက်ရှိ
နိုင်ငံတော်အစိုးရသည် နို့စားနွားမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေ ခြင်းဖြင့် နိုင်ငံတော်၏ အသားဓာတ်အရင်းအမြစ် ကြွယ်ဝစေရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသည် ရန်ကုန်-မန္တလေး အမြန်လမ်း ၂၁၆ မိုင် ၅ ဖာလုံအနီးရှိ မြေအကျယ်အဝန်း ၃၆ ဧကပေါ်တွင် တည်ဆောက်ထားသည်။ နေပြည်တော် နို့စားနွားခြံကို အလုံပိတ်အအေးပေးစနစ်ဖြင့် တည်ဆောက်ထားပြီး ယင်းမွေးမြူရေးခြံတွင် မွေးမြူထားသော နို့စားနွားများမှာ အမေရိကန်မျိုး နို့ထွက်နှုန်း အကောင်းဆုံးနွားများဖြစ်ကာ လက်ရှိတွင် နွားကောင်ရေ ၇၈ ကောင်ရှိပြီး နို့ညှစ်နွားမ ၃၆ ကောင်ရှိရာ တစ်ကောင်လျှင်တစ်ရက် နွားနို့ပျမ်းမျှ ၂၂ လီတာ ထွက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် တပ်ကုန်း မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု ပေတောကျေးရွာရှိ ခေတ်မီဥစားကြက်ခြံ စီမံကိန်းသို့ရောက်ရှိကြရာ မြန်မာစီပီမွေးမြူရေးကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူများက ကျေးရွာရန်ပုံငွေစီမံကိန်း စတင်ဆောင်ရွက်မှု၊ ရန်ပုံငွေဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ ကျေးရွာနှင့် ပြည်တွင်းဘဏ်တို့ ပူးပေါင်း၍ ဥစားကြက်ခြံစီမံကိန်းဆောင်ရွက်မှု၊ အကျိုးအမြတ်ခံစားရမည့် အခြေအနေ၊ စီမံကိန်းပြီးစီးမှုနှင့် စီမံကိန်းလုပ်ငန်းများ စတင်လည်ပတ်နိုင် မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိလိုသည်များကို မေးမြန်းသည်။
ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ရန်လို
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခေတ်မီဥစားကြက်ခြံ စီမံကိန်း ရှင်းလင်းဆောင်၌ ပေတောကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံပြီး ယခုစီမံကိန်းတွင် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာရန်ပုံငွေကော်မတီ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် အခက်အခဲပြဿနာများ ကြုံတွေ့ပါက ညှိနှိုင်းတိုင်ပင်ပြီး အားလုံးပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကျေးရွာနှင့် ကျေးရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် လည်း ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
အရေးကြီးဆုံးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ သည် အရေးကြီးပါကြောင်း၊ ကလေးငယ်များသည် ကျန်းမာရေးကောင်းမွန်မှ ပညာကောင်းစွာသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ တစ်ဘဝလုံး ကောင်းမွန်ရန်အတွက် ပညာတတ်ရန် လိုအပ်ပါကြောင်း၊ ကလေးငယ်များ ကျန်းမာရေးကောင်းမွန်ရန်အတွက် မိမိတို့ဒေသမှ ထွက်ရှိ သည့် အာဟာရပြည့်ဝသော အစားအစာများ ရွေးချယ် ကျွေးမွေးကြရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရန် အတွက်လည်း အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပေတော ကျေးရွာ၏ စာသင်ကျောင်း၌ ဆရာ ဆရာမ၊ ကျောင်းသုံး ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်မှု ရှိ၊ မရှိ အခြေအနေ၊ ကျေးရွာသူ ကျေးရွာသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျေးရွာ လျှပ်စစ်မီးရရှိမှု၊ စိုက်ပျိုးရေရရှိမှုအခြေအနေများကို မေးမြန်းပြီး လိုအပ် ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပေတော ဥစားကြက်ခြံ တည်ဆောက်ပြီးစီးမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပေတောကျေးရွာရှိ သီရိသုခရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဇဝနအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပေတောကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ရောက်ရှိကာ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားပြီး မူလတန်းကျောင်းသား ကျောင်းသူများ၏ စာဖတ်၊ ကဗျာရွတ်၊ ပုံဆွဲ၊ အဆို၊ အက စွမ်းရည်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
၈ဝ ရာခိုင်နှုန်းကျော် ပြီးစီး
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ခေတ်မီ ဥစားကြက်ခြံမွေးမြူရေး စီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိက၊ ကျေးရွာနှင့် ပြည်တွင်းဘဏ် တို့ ပူးပေါင်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ စီမံကိန်းကို ငွေကျပ်သိန်း နှစ်သောင်း ရင်းနှီးမြှုပ်နှံ၍ ဇီဝလုံခြုံမှုရှိပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေ သော ခေတ်မီမွေးမြူရေးခြံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် စီမံကိန်းတစ်ခု လုံး၏ ၈ဝ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်း မွေးမြူရေးလုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းတွင် မွေးမြူရေးခြံ တစ်ခြံလျှင် ကြက်အကောင်ရေ ၂၅ဝဝဝ ဆံ့သည့် ဥစား ကြက်မွေးမြူရေးခြံ သုံးခြံပါဝင်ပြီး ခေတ်မီမွေးမြူရေး စက် ကိရိယာများကို အသုံးပြု၍ အလုံပိတ်စနစ်ဖြင့် မွေးမြူသော ဥစားကြက်ခြံဖြစ်ကြောင်း၊ အလိုအလျောက် အစာကျွေး စနစ်၊ အညစ်အကြေး အလိုအလျောက် စွန့်ထုတ်စနစ်၊ ကြက်ဥ အရွယ်အစား ခွဲခြားမှုစနစ်နှင့် အလိုအလျောက် ကြက်ဥပို့ဆောင် ထုပ်ပိုးစနစ်အပါအဝင် အစာသိုလှောင် ကန်၊ အအေးခံပြား၊ ကြက်ဥကောက်စနစ်၊ လေဝင်လေထွက် စနစ်များကို ခေတ်မီနည်းပညာများဖြင့် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပေတော ဥစားကြက်ခြံ မွေးမြူရေးစီမံကိန်းမှ လုံခြုံစိတ်ချပြီး ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် ကြက်ဥများကို တစ်ရက်လျှင် အလုံးရေ ၆ဝဝဝဝ ကျော် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကျေးရွာပိုင်အဖြစ် ရရှိမည်
ပေတောကျေးရွာအနေဖြင့် စီမံကိန်းစတင်ချိန်မှ စတင်၍ နှစ်စဉ် မြေငှားရမ်းခငွေကျပ်သိန်း ၆ဝ ရရှိနေ မည်ဖြစ်ပြီး ၁ဝ နှစ်ပြည့်မြောက်ချိန်တွင် ကြက်မွေးမြူရေး စီမံကိန်းတစ်ခုလုံးကို ကျေးရွာပိုင်အဖြစ် လွှဲပြောင်းရရှိမည် ဖြစ်ကာ ပေတောကျေးရွာရှိ အိမ်ထောင်စုတစ်စုချင်းစီ အလိုက် အကျိုးအမြတ်ခွဲဝေခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment