Thursday, July 26, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၂၅
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၈၁၇၅ ဒသမ ၂၇၂ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဆိုင်ကလုန်း မုန်တိုင်း(မိုရာ) သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများအား စစ်ဆေးရေး ဘုတ်အဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးခဲ့ပြီး ပျက်စီးခဲ့သည့် အဆောက်အအုံ ၁ဝဝ၉ လုံးအနက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း အချိန်မီပြန်လည် ပြုပြင်ပြီးစီးနိုင်မည့် အဆောက်အအုံ ၈၈၂ လုံးအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်တွင် အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၄၉၈၉ ဒသမ ၆၉၄ သန်း ခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြင်ဆင်ပြီးစီးနိုင်ခြင်း မရှိဘဲ ပြန်လည်ပြုပြင်ရန် ကျန်ရှိသည့် အဆောက်အအုံ ၁၂၇ လုံးအား ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘဏ္ဍာနှစ်အတွင်း ပြန်လည်ပြုပြင်ရန်အတွက် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အသေးစိတ်စိစစ်တွက်ချက်ရာ ခန့်မှန်းငွေကျပ် ၁၈၉၇ ဒသမ ၁၆ဝ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(မိုရာ) သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှု များသည် ကြိုတင်မသိမြင်နိုင်သော ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးဒဏ် အမျိုးအစားဖြစ်သောကြောင့် ဘဏ္ဍာငွေလျာထားချက် မရှိသဖြင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ် ၁၈၉၇ ဒသမ ၁၆ဝ သန်း အား အရေးပေါ်ရန်ပုံငွေတွင် ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ်(၁၁/၂ဝ၁၈)အရ သဘောတူပြီးဖြစ်ပါသဖြင့် ပြည်ထောင်စု လွှတ်တော်မှ မှတ်တမ်းတင် အတည်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြသည်။
အရေးပေါ်ရန်ပုံငွေမှ
ငွေကျပ် ၈၁၇၅ ဒသမ ၂၇၂ သန်း ခွဲဝေသုံးစွဲခဲ့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့ နှင့် ဆောင်ရွက်သည့် The Project for Extension of Broadcast Equipment of Myanmar Radio and Television အတွက် ထောက်ပံ့ငွေ ဂျပန်ယန်း ၂၂၆၃ သန်းတန်ဖိုးရှိသည့် Project ကိုရရှိခဲ့ပါကြောင်း၊ အဆိုပါ Project နှင့်ပတ်သက်ပြီး Exchange of Noteကို ၂ဝ၁၇ ခုနှစ် မတ်လ ၃ ရက်တွင်လည်းကောင်း၊ Grant Agreementကို ၂ဝ၁၇ ခုနှစ် မတ်လ ၂၉ ရက်တွင်လည်းကောင်း သဘောတူလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ ၆ လတာ ဘတ်ဂျက်လျာထားချက်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်၌ ပေးပို့ရာတွင် Broadcasting Equipment ပစ္စည်းများ ဝယ်ယူရမည့် ဘတ်ဂျက်ငွေ ပမာဏကို တိကျစွာ မသိရှိရသေးသည့်အတွက် လျာထားနိုင်ခြင်း မရှိခဲ့ပါကြောင်း။
ဂျပန်နိုင်ငံအစိုးရ အထောက်အပံ့နှင့် Broadcasting Equipment ပစ္စည်းများဝယ်ယူရန် တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်သည့်အခါတွင် Sumitomo Corporation က ဂျပန်ယန်း ၁၉၆၉ သန်းနှင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် စာချုပ်ချုပ် ဆိုခဲ့ပါကြောင်း၊ စာချုပ်ပါ အချက်များအရ စက်ပစ္စည်းများအတွက် ကြိုတင်ပေး ချေရန် ၃ဝ ရာခိုင်နှုန်းဖြစ်သည့် ဂျပန်ယန်း ၄၆၉ ဒသမ ၉၁၇ သန်းနှင့် အဆောက်အအုံပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ၄ဝ ရာခိုင်နှုန်းဖြစ်သည့် ဂျပန်ယန်း ၄၆ ဒသမ ၈ သန်း စုစုပေါင်းဂျပန်ယန်း ၅၁၆ ဒသမ ၇၁၇ သန်းကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပေးချေရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ပေးချေနိုင်မှု ဖြစ်ပေါ်လာသည့်အခါတွင် မူလလျာထားနိုင်မှုမရှိခဲ့သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုလုံး၏ ဘတ်ဂျက်မှ လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ငွေလုံးငွေရင်း ခွင့်ပြုငွေမှ လည်းကောင်း သုံးစွဲနိုင်ခြင်းမရှိသည်ကို တွေ့ရှိရသည့်အတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအား ညှိနှိုင်းခဲ့ ရာ အရေးပေါ်ရန်ပုံငွေမှ တောင်းခံသုံးစွဲသွားရန် သဘောထား ပြန်ကြားခဲ့သည့် အတွက် စီးပွားရေးရာကော်မတီ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးများသို့ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက်ရယူခဲ့ပါကြောင်း။
ယင်းကိစ္စရပ်သည် ငွေကြေးထုတ်ယူသုံးစွဲခြင်း မဟုတ်ဘဲ ထောက်ပံ့မှုများ ကို သတ်မှတ်ဘတ်ဂျက်ကာလအတွင်း ပေးချေနိုင်ရေးအတွက် အရအသုံးစာရင်း အနေဖြင့် ဆောင်ရွက်ရခြင်းမျိုးဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၁ ရက် တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂ဝ၁၈)မှ ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အတွင်း ပေးချေရမည့် ဂျပန်ယန်း ၅၁၆ ဒသမ ၇၁၇ သန်း နှင့်ညီမျှသော ငွေကျပ် ၆၂၇၈ ဒသမ ၁၁၂ သန်းကို အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
အဆိုပါ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ငွေကျပ် ၈၁၇၅ ဒသမ ၂၇၂ သန်း ခွဲဝေသုံးစွဲခဲ့ သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်းသို့
ဝင်ရောက်ရန် ဆွေးနွေး
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့် ဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း(Association of Natural Rubber Producing Countries - ANRPC) ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၁၉၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပါကြောင်း၊ အသင်းအနေဖြင့် ကမ္ဘာ့သဘာဝရော်ဘာလုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်များ စုစည်းသည့် အရင်းအမြစ်ဌာနတစ်ခုဖြစ်သည့် အပြင် အစိုးရများအချင်းချင်း ရော်ဘာလုပ်ငန်းဆိုင်ရာ ဆန်းစစ်ခြင်းနှင့် မူဝါဒ များ ချမှတ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်း ဖြစ်ပါ ကြောင်း။
ANRPC အသင်းသို့ ဝင်ရောက်ရခြင်းမှာ သဘာဝရော်ဘာ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးကိစ္စများကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သဘာဝရော်ဘာ ဈေးနှုန်းကောင်းမွန် တည်ငြိမ်မှုရှိနေစေရန်အတွက် ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် သဘာဝရော်ဘာလုပ်ငန်းများတွင် ထိခိုက်နိုင်သော ကိစ္စရပ်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါကြောင်း။
အသင်းဝင်ခြင်းဖြင့် ရော်ဘာဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်မှု နှင့်အတူ ရော်ဘာတင်ပို့မှုကို တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ရရှိလာမည့် အပြင် ဆွေးနွေးပွဲများမှ ဈေးကွက်ချဲ့ထွင်နိုင်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ နည်းစနစ်များ လေ့လာခွင့်ရရှိလာနိုင်မည် ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အဆိုပါ သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ဝင်ရောက် ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ
ယင်းနောက် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း ပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ စောသန်းထွဋ်၊ အမျိုးသားလွှတ်တော်ရုံးနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တရားသူကြီး ဦးမြင့်အောင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အဖွဲ့ဝင် ဦးမြင့်ဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှ
င်မှ အဖွဲ့ဝင် ဦးစိုးရယ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ကဏ္ဍအလိုက် လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ရငွေလျာထားမှု၌ အဓိကရငွေမှာ ဆောင်ရွက်ပေးမှု အတွက်ရရှိသည့် ရငွေသာဖြစ်ပြီး ပစ္စည်းဟောင်းရောင်းချရငွေ၊ တင်ဒါပုံစံ ရောင်းချရငွေ၊ ဘဏ်တိုးနှင့် နှစ်လွန်ရငွေ စသည့် ရငွေလျာထားချက်တွင် ကျပ်သန်းပေါင်း ၁၉၃ဝ လျာထားပါကြောင်း၊ ဗီဇာပြုလုပ်ခကဲ့သို့ ကောက်ခံ ရရှိမှုများမှာ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ ရငွေများဖြစ်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရငွေမဟုတ်ပါကြောင်း။
သုံးငွေအပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်အတွက် မူဘောင် သတ်မှတ် ခွင့်ပြုငွေကျပ်သန်းပေါင်း ၅၂၅၃၈ ဒသမ ၂၆၂ အား အဆိုပြုလျာထားခဲ့ပါကြောင်း၊ ထို့အတူ ငွေလုံးငွေရင်း အသုံးစရိတ်ဘောင် သတ်မှတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ငွေကျပ် ၁၄၁၉၉ ဒသမ ၄၁၅ သန်း အဆိုပြုခဲ့ရာ ကော်မတီသုံးရပ် (စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ) တို့မှ စိစစ်ပြီး ကျပ်သန်းပေါင်း ၁၃၅၅၂ ဒသမ ၉၉၃ သန်းအား ခွင့်ပြုခဲ့ပါကြောင်း။
နိုင်ငံခြားရေးရာဦးစီးဌာန ငွေလုံးငွေရင်း အသုံးစရိတ်၏ ဆောက်လုပ်ရေး ကဏ္ဍတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရုံးရှိRC ငါးထပ်တိုက် သံတမန် သင်တန်းကျောင်း (Diplomatic Academy) ဆောက်လုပ်ခြင်း၊ မီးသတ် ရေကန်ဆောက်လုပ်ခြင်း၊ စတိုဂိုဒေါင်တစ်ခုနှင့် လုံခြုံရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ Fire Alarm တပ်ဆင်ခြင်း၊ လျှပ်စစ်မီးကြိုး၊ ရေပိုက် သွယ်တန်းခြင်း၊ ဆေးသုတ်ခြင်း အပါအဝင် အဆောက်အအုံ အကြီးစား ပြင်ဆင်ခြင်းလုပ်ငန်းများ ထည့်သွင်းတင်ပြထားပါကြောင်း။
မြန်မာသံတမန်နှင့် ကောင်စစ်ဝန်အဖွဲ့ရုံး ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာသံရုံး ပရီတိုးရီးယားမြို့ရှိ နိုင်ငံတော်ပိုင် သံရုံးအကြီးအကဲ နေအိမ် ဆောက်လုပ်ခြင်း၊ မြန်မာသံရုံး လန်ဒန်မြို့မှ သံရုံးအဆောက်အအုံ အကြီးစားမွမ်းမံခြင်းနှင့် မြန်မာသံရုံး ကင်ဘာရာမြို့မှ သံရုံးဝင်းအတွင်း၌ (4 Unit) ဝန်ထမ်းအိမ်ရာသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများအား ၁၈ လ စီမံကိန်းဖြင့် ဆောင်ရွက်နေပြီဖြစ်၍ ကျန် ၁၂ လအတွက် လျာထားခြင်း၊ မြန်မာသံရုံး ကိုလံဘိုမြို့မှ သံရုံးအဆောက်အအုံဝယ်ယူခြင်းနှင့် သံရုံး ၁ဝ ရုံးရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများ အကြီးစားမွမ်းမံပြင်ဆင်ခြင်းတို့ကို ထည့်သွင်းတင်ပြထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ဘဏ္ဍာရေးကော်မရှင်က ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ နှစ် ရသုံးငွေစာရင်းအရ စုစုပေါင်း ရငွေကျပ် ၈ဝ၄၃၉ ဒသမ ၄၈ သန်း(ငွေကျပ် ၈ဝ ဘီလီယံကျော်) အတည်ပြုပေးခဲ့ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သာမန်အသုံးစရိတ် ငွေကျပ် ၈၃၄၅ဝ ဒသမ ၈၄၇ သန်း (ငွေကျပ် ၈၃ ဘီလီယံကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၃၅၇၉၄ ဒသမ ၂ဝဝ သန်း(ငွေကျပ် ၃၅ ဘီလီယံကျော်) စုစုပေါင်း ငွေကျပ် ၁၁၉၂၄၅ ဒသမ ဝ၄၇ သန်း (ငွေကျပ် ၁၁၉ ဘီလီယံကျော်) အဆိုပြုခဲ့ ပါကြောင်း။
ယင်းအဆိုပြုမှုအပေါ် ဘဏ္ဍာရေးကော်မရှင်မှ စိစစ်ချက်များအရ ငွေကျပ် သန်းပေါင်း ၁ဝ၅၈၅ ဒသမ ဝဝ၄ သန်း (ငွေကျပ် ၁ဝ ဘီလီယံကျော်) လျှော့ချခဲ့ ပြီး သာမန်အသုံးစရိတ်တွင် ငွေကျပ် ၈ဝ၆၅၇ ဒသမ ဝ၂ဝ သန်း (ငွေကျပ် ၈ဝ ဘီလီယံကျော်)၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ငွေကျပ် ၂၈ဝဝ၃ ဒသမ ဝ၂၃ သန်း (ငွေကျပ် ၂၈ ဘီလီယံကျော်) စုစုပေါင်း ငွေကျပ် ၁ဝ၈၆၆ဝ ဒသမ ဝ၄၃ သန်း (ငွေကျပ် ၁ဝ၈ ဘီလီယံကျော်) သတ်မှတ်ပေးခဲ့ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ပြန်ကြားရေးဝန်ကြီးဌာန၏ ရငွေသုံးငွေစာရင်းကို အဆင့်ဆင့် စိစစ်ထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ ရငွေတင်ပြချက်များတွင် သာမန်ရငွေကျပ် ၉၅ဝဝ သန်းနှင့် ငွေလုံးငွေရင်းရငွေကျပ် ၂ဝ၂၃၁ ဒသမ ဝ၆၄ သန်း လျာထားပါ ကြောင်း၊ အသုံးစရိတ်အပိုင်းတွင် သာမန်အသုံးစရိတ် ငွေကျပ် ၂၄၁၈၁ ဒသမ ၉ဝဝ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၂၈၁၄ ဒသမ ၄ဝ၃ သန်း လျာထားပါကြောင်း။
ငွေလုံးငွေရင်းအသုံးစရိတ် ဆောက်လုပ်ရေးကဏ္ဍတွင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်မည့် ပန်းဘဲတန်းမြို့နယ်ရှိ အမှတ် ၆ဝ၄/၆ဝ၈ အဆောက်အအုံအဟောင်း မွမ်းမံခြင်းအတွက် ငွေကျပ် ၅၉၉၂ သန်း၊ ရုံးအမှတ်(၃၁)အတွင်း ရုံးအဆောက်အအုံအသစ် ဆောက်လုပ်ရန်RC သုံးထပ်၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်ရန် အတွက် ငွေကျပ် ၁၁၈၇ ဒသမ ၇၆ဝ သန်းနှင့် ငွေကျပ်သန်း ၇ဝဝ အထက် လုပ်ငန်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ဝင်း အတွင်း သံကူကွန်ကရစ် ခြောက်ခန်းတွဲ၊ လေးထပ် ဝန်ထမ်းအိမ်ရာနှင့် သံကူ ကွန်ကရစ် သုံးထပ်စာသင်ဆောင် တည်ဆောက်ခြင်း၊ ငွေကျပ်သန်း ၃ဝဝ အထက်တွင် ဗဟန်းမြို့နယ် ကမ္ဘောဇရိပ်သာဝင်းအတွင်းတွင် ပန်းချီပန်းပုဌာန သင်ကြားဆောင် တစ်ထပ်တည်ဆောက်ခြင်း၊ ကမ္ဘာအေးကုန်းမြေ အမှုထမ်း အိမ်ရာ ခြောက်ခန်းတွဲRC လေးထပ် နှစ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၁ဝဝ အထက် လုပ်ငန်း လေးခု၊ ငွေကျပ်သန်း ၅ဝ နှင့်အထက် လုပ်ငန်း ၁၃ ခု၊ ငွေကျပ်သန်း ၄ဝ နှင့်အထက် လုပ်ငန်း သုံးခု၊ ငွေကျပ်သန်း ၃ဝ နှင့်အထက် လုပ်ငန်း ခုနစ်ခု၊ ငွေကျပ်သန်း ၂ဝ နှင့်အထက် လုပ်ငန်း ၄ ခု၊ ငွေကျပ် ၁ဝ သန်းနှင့်အထက် လုပ်ငန်း ၁၅ ခုနှင့် ငွေကျပ် ၁ဝ သန်းအောက် လုပ်ငန်း ၂၁ ခု တို့ကို လျာထား ရေးဆွဲထားပါကြောင်း။
စက်ပစ္စည်းကဏ္ဍတွင် ရုံးသုံး၊ ဌာနသုံး စက်ကိရိယာများ၊ အခြားကဏ္ဍတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် သုတေသနလုပ်ငန်းဆောင်ရွက်ခြင်း၊ ပုဂံဒေသနှင့် မြောက်ဦးဒေသတို့အား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင် ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် မြေပုံထုတ်ခြင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံခြားသား ပညာရှင် ငှားရမ်းခြင်း၊ ပြည်ပပညာရှင်များအတွက် စရိတ်ချီးမြှင့်ခြင်းနှင့် စာကြည့်တိုက်သုံး စာအုပ်စာတမ်းများ စသည်တို့အတွက် လျာထားရေးဆွဲ ထားပါကြောင်း ရှင်းလင်းတင်ပြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် ရငွေပိုင်းတွင် သာမန်ရငွေအနေဖြင့် ငွေကျပ် ၅၃ဝ ဒသမ ၅၅ဝ ဘီလီယံ၊ ငွေလုံးငွေရင်း ရငွေအနေဖြင့် ငွေကျပ် ၉ ဒသမ ၈ဝ၄ ဘီလီယံနှင့် ကြွေးမြီ ရငွေကျပ် သုည ဒသမ ဝ၃ဝ ဘီလီယံ စုစုပေါင်းငွေကျပ် ၅၄ဝ ဒသမ ၃၈၄ ဘီလီယံ ရရှိရန် လျာထားပါကြောင်း။
သာမန်ရငွေတွင် အခွန်အကောက်ရငွေကျပ် ၃၆ ဒသမ ၁၈၈ ဘီလီယံ၊ အခြားသာမန် ရငွေကျပ် ၄၉၃ ဒသမ ၅၈၃ ဘီလီယံနှင့် ပြည်ပအကူအညီရ ငွေကျပ် သုည ဒသမ ၇၇၉ ဘီလီယံ စုစုပေါင်း သာမန်ရငွေအနေဖြင့် ငွေကျပ် ၅၃ဝ ဒသမ ၅၅ဝ ဘီလီယံ ရရှိမည်ဖြစ်ပါကြောင်း။
သာမန်အသုံးစရိတ်အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၃ ဒသမ ၇၃၄ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေမှ ငွေကျပ် ၂၉ဝ ဒသမ ၂၃၉ ဘီလီယံ၊ ပြည်ပအကူအညီရငွေမှ ငွေကျပ် သုည ဒသမ ၇၇၉ ဘီလီယံ စုစုပေါင်း သာမန်အသုံးစရိတ် ငွေကျပ် ၃၂၄ ဒသမ ၇၅၂ ဘီလီယံ သုံးစွဲရန် လျာထားပါ ကြောင်း၊ ဦးစီးဌာနများအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပြီး နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအတွက် လုပ်ငန်းသုံးရင်းနှီးငွေမှ ကျခံသုံးစွဲမည် ဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်ပိုင်းရှိ ပြည်ပအကူအညီရငွေမှ သုံးစွဲငွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတို့နှင့် ဆက်စပ်ဆောင်ရွက်သော စီမံကိန်းများ အတွက် သုံးစွဲသွားမည် ဖြစ်ပါကြောင်း။
ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၂ဝ ဒသမ ၂၈၇ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေမှ ငွေကျပ် ၃ ဒသမ ၅၁၁ ဘီလီယံ၊ ပြည်ပအကူအညီရငွေမှ ငွေကျပ် ၉ ဒသမ ၈ဝ၄ ဘီလီယံ စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၃၃ ဒသမ ၆ဝ၂ ဘီလီယံ သုံးစွဲမည်ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းရှိ ပြည်ပအကူအညီ ရငွေမှသုံးစွဲငွေမှာ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းတို့နှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများအတွက် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် အရအသုံး သုံးနှစ်စာ နှိုင်းယှဉ်ချက်များကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်အနေဖြင့် ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (RE)တွင် ငွေကျပ် ၁၆၅၃ ဒသမ ၁၆၄ ဘီလီယံ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်း(RE)တွင် ငွေကျပ် ၁၇၆၅ ဒသမ ၉၄၁ ဘီလီယံနှင့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း(BE)အတွက် ငွေကျပ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ တောင်းခံထားပါသဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(RE)ထက် ငွေကျပ် ၅၂ ဒသမ ၂ဝ၅ ဘီလီယံ တိုးမြှင့်တောင်းခံထားပါကြောင်း။
ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြုပြင် ပြီး ခန့်မှန်းခြေ ငွေစာရင်း(RE)တွင် ငွေကျပ် ၁၃၃၇ ဒသမ ၃၉၈ ဘီလီယံ၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(RE)တွင် ငွေကျပ် ၁၄၂၇ ဒသမ ဝ၁ဝ ဘီလီယံနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်း ခြေငွေစာရင်း(BE)အတွက် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားပါ သဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်(BE)ထက် ငွေကျပ် ၄ ဒသမ ၉ဝ၉ ဘီလီယံ တောင်းခံထားပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(RE) (သာမန် ငွေလုံးငွေရင်း) စုစုပေါင်းအနေဖြင့် ၂၉၉ဝ ဒသမ ၅၆၂ ဘီလီယံ၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(RE)တွင် ငွေကျပ် ၃၁၉၂ ဒသမ ၉၅၁ ဘီလီယံနှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း(BE)အတွက် အသုံးစရိတ် စုစုပေါင်းငွေကျပ် ၃၂၅ဝ ဒသမ ဝ၆၅ ဘီလီယံ တောင်းခံထားပါသဖြင့် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း(RE)ထက် ငွေကျပ် ၅၇ ဒသမ ၁၁၄ ဘီလီယံ တိုးမြှင့်တောင်းခံထားပါ ကြောင်း၊ ထိုသို့ တိုးမြှင့်တောင်းခံရခြင်းမှာ ၂ဝ၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံ့ ဝန်ထမ်းလစာများ တိုးမြှင့်လာသောကြောင့် ထပ်မံလိုအပ်ငွေမှာ ငွေကျပ် ၁၂၇ ဒသမ ၅၁၇ ဘီလီယံ ဖြစ်သော်လည်း ကျန်အသုံးစရိတ်များအား လျော့နည်းတောင်းခံထားပါသဖြင့် မဖြစ်မနေလိုအပ်သည့် ငွေကျပ် ၅၇ ဒသမ ၁၁၄ ဘီလီယံကိုသာ တိုးမြှင့်တောင်းခံထားပါကြောင်း ရှင်းလင်းတင်ပြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထားချက်တွင် သာမန်အသုံးစရိတ်ငွေကျပ် ၃၂၃၅၂ ဒသမ ၉၅၆ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၁ဝ၁၉၄၉ ဒသမ ၃၆၈ သန်း စုစုပေါင်းငွေကျပ် ၁၃၄၃ဝ၂ ဒသမ ၃၂၄ သန်း လျာထားပါကြောင်း၊ သာမန်အသုံးစရိတ်ငွေကျပ် ၃၂၃၅၂ ဒသမ ၉၅၆ သန်းတွင် လစာနှင့်အုပ်ချုပ်မှုသုံးအတွက် သာမန်အသုံးစရိတ်ငွေကျပ် ၂၁၈၄၁ ဒသမ ၇၆၇ သန်းနှင့် ထောက်ပံ့အသုံးစရိတ် ငွေကျပ် ၁ဝ၅၁၁ ဒသမ ၁၈၉ သန်းတို့ကို တင်ပြထားခြင်း ဖြစ်ပါကြောင်း။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းနှင့် အညီ ဘဏ္ဍာငွေအခြေအနေအပေါ် ချင့်ချိန်လျက် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများ နှင့် အကြီးအကဲခရီးစဉ်၊ လွှတ်တော်ကတိကဝတ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တင်ပြချက်များ၊ တိုင်းရင်းသား အဖွဲ့ အစည်းများ၏ တင်ပြချက်များ၊ ငြိမ်းချမ်းရေးနှင့် IDP ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူများ၏ စားဝတ်နေရေးကိစ္စရပ်များနှင့်စပ်လျဉ်းသော နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ရန်ပုံငွေအနည်းဆုံးဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လျာထားတောင်းခံထားခြင်း ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ကဏ္ဍအလိုက် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး (GDP) ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍအနေဖြင့် ငွေကျပ် ၁၁၆၃ဝ ဒသမ ဝ၄၆ ဘီလီယံ ရည်မှန်းထားရှိပြီး ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်နှင့် သားငါးကဏ္ဍအနေဖြင့် ငွေကျပ် ၅၃၆၂ ဒသမ ၉၇၄ ဘီလီယံ ရည်မှန်းထားရှိပြီး လေးရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပါကြောင်း။
ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ် ရငွေ(ပြည်ပအကူအညီ ရငွေအပါအဝင်) အနေဖြင့် ငွေကျပ် ၅၇၆ ဒသမ ၅၈၆ ဘီလီယံ ဖြစ်ပါကြောင်း၊ သာမန်ရငွေမှာ ငွေကျပ် ၁၄၁ ဒသမ ၂၄၂ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေကျပ် ၄၃ ဒသမ ၈၇၈ ဘီလီယံ၊ ကြွေးမြီရငွေကျပ် ၃၉၁ ဒသမ ၄၆၆ ဘီလီယံ ဖြစ်ပါကြောင်း။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲမှုတွင် အခြေခံမူအဖြစ် ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ် များ ရေရှည်တည်တံ့ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့် ချိတ်ဆက်အကောင်အထည်ဖော် နိုင်ခြင်း၊ အများပြည်သူ အကျိုးဖြစ်ထွန်းမှု၊ စီးပွားရေးအရ ထိရောက်စွာ အကျိုးဖြစ်ထွန်းနိုင်မှု၊ ပို့ကုန်တိုးတက်စေရန်နှင့် နည်းပညာနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရရှိသုံးစွဲနိုင်ရေးအပေါ် အခြေပြု ရေးဆွဲဆောင်ရွက်ခဲ့ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရ သည်။
သူရဇော်
ဓာတ်ပုံ-အေးသန်း(သတင်းစဉ်)

No comments:

Post a Comment